သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်

 

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်

 

နေပြည်တော်   မေ   ၅

    သဘာဝ ပတ်ဝန်းကျင်နှင့်  လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားရေးအတွက်   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဘက်စုံကဏ္ဍစုံမှ အားပေးဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အုပ်စုရှိ စူပါနှံကောက် (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း၌ ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတကာ၌ ဖြစ်ပေါ်နေသော    ကုန်ဈေးနှုန်းနှင့်အတူ   ဓာတ်မြေသြဇာနှင့် သွင်းအားစုဈေးနှုန်းများ    ကြီးမြင့်လာလျက်ရှိရာ စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှု မြင့်မားလာလျက် ရှိကြောင်း၊ တစ်ချိန်တည်းတွင်  စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများဈေးကောင်းရရှိနေခြင်း၊ ဈေးကွက်ဝယ်လိုအားများ တိုးတက်နေခြင်းကလည်း တောင်သူလယ်သမားများအတွက်   အခွင့်အလမ်းကောင်း အဖြစ်ရှိနေခြင်းကြောင့် သွင်းအားစုစရိတ်သက်သာစေမည့် နည်းလမ်းများ လိုက်နာကျင့်သုံးရန် လိုကြောင်း၊ ဘက်စုံစိုက်ပျိုး မွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့် လယ်ယာဘေးထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာ ဖြည့်ဆည်းပေးနိုင်မှုနှင့် တိရစ္ဆာန်အညစ်အကြေးမှ သဘာဝမြေသြဇာအဖြစ် အသုံးပြုမှုများပါဝင်သည့် လှည့်ပတ်သုံးစွဲ နည်းစနစ်အား အသုံးပြုပြီး  တောင်သူများ ဝင်ငွေတိုးပွားရေး   ကြိုးပမ်းလုပ်ကိုင်နိုင်မှု အခွင့်အလမ်းများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက်   စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက  လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများ၊ နေပြည်တော်ကောင်စီ နယ်မြေ၏ သီးထပ်စွမ်းအား မြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်သူများကို သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ပြီး စူပါနှံကောက် မျိုးစေ့ထုတ်စိုက်ခင်းနှင့် သဘာဝမြေသြဇာ မြေဆွေးထုတ်လုပ် သုံးစွဲနေမှု၊ နို့စားနွား၊ ကျွဲနှင့်ဘဲများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာရှိ ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း၏ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ငွေရောင်ငါးကြင်း၊ ငါးကြင်းဖြူနှင့် မြက်စားငါးကြင်းကောင်ရေ    ၈၆၀၀၀ ရောနှောမွေးမြူထားရှိမှု၊ ငါးသားပေါက်များ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင်များကို သဘာဝပတ်ဝန်းကျင်  ထိခိုက်မှုမရှိသော မွေးမြူထုတ်လုပ်မှုဖြစ်စေရန်၊ အစားအစာ ဘေးအန္တရာယ်ကင်းစင်မှု စံချိန်စံညွှန်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက်   ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် အော်ဂဲနစ် စိုက်ပျိုးရေးခြံသို့ ရောက်ရှိပြီး စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော  သီးနှံများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ တောင်သူများအား အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာများနှင့် ရင်းနှီးလာစေရန် နည်းပညာဖြန့်ဝေပေးနေမှု၊ သီးနှံသစ်တောရောနှော စိုက်ခင်းအဖြစ် ပျဉ်းကတိုး၊ သဒီ ၊ မဒမ၊ မလွှ၊ ဒီးဒူး၊ ပုန်းမဲစာ၊ ရုံးပင်၊ သဖန်း၊ ကတွတ် စသောဒေသပေါက် သစ်ပင်များနှင့်   ဝါးပင်များကြားတွင် ငှက်ပျော၊ စွန်ပလွံ၊ ဆူးပုပ်၊ ကင်ပွန်းချဉ်ပင်များရောနှော စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။