ရေပေးဝေမှု၊ ဓာတ်အားဖြန့်ဖြူးပေးမှုနှင့် ထရန်စဖော်မာများ တိုးချဲ့ တည်ဆောက်နိုင်ရေး ကွင်းဆင်း စစ်ဆေး

 

 

ရေပေးဝေမှု၊ ဓာတ်အားဖြန့်ဖြူးပေးမှုနှင့် ထရန်စဖော်မာများ တိုးချဲ့ တည်ဆောက်နိုင်ရေး ကွင်းဆင်း စစ်ဆေး

 

ရန်ကုန်   မေ   ၅

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့နံနက်ပိုင်းက  ရုံးချုပ်မှ တာဝန်ရှိသူများ၊ အရှေ့ပိုင်းခရိုင်    လျှပ်စစ်မန်နေဂျာ၊ အင်ဂျင်နီယာတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြို့နယ် လေးမြို့နယ်ရှိ လျှပ်စစ်မန်နေဂျာရုံးများသို့ သွားရောက်၍ ရေပေးဝေမှု၊ ဓာတ်အားဖြန့်ဖြူးပေးမှု အခြေအနေများနှင့် ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်နိုင်ရေး အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အတွင်း ဝန်အားပြည့်နေသည့် ထရန်စဖော်မာများ နေရာတွင် ဝန်အားမျှနိုင်ရန် အတွက် ထရန်စဖော်မာ အသစ်များ ထပ်မံတိုးချဲ့ တည်ဆောက်ရန် မြေနေရာလျာထားမှု၊ ၃၃ ကေဗွီ ချမ်းသာရွှေပြည် ဓာတ်အားခွဲရုံတွင် ၃၃^၁၁ ကေဗွီ ထရန်စဖော်မာတစ်လုံး တိုးချဲ့တည်ဆောက်ရန်နှင့် ရပ်ကွက်များအတွင်း ဓာတ်အား လိုအပ်ချက်အပေါ် မူတည်၍ ထရန်စဖော်မာ အသစ်များ ထပ်မံတိုးချဲ့ တည်ဆောက်ရန် မှာကြားသည်။

 ဆက်လက်၍ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လျှပ်စစ် မန်နေဂျာရုံးသို့ ရောက်ရှိပြီး မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ အမှတ်(၁)ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးထားမှု အခြေအနေများ၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာ ရေပေးေ၀ မှုအခြေအနေများ၊ ယုဇနတန်ဖိုးနည်း အိမ်ရာ အပိုင်း(၃)တွင် ဓာတ်အားဖြန့်ဖြူးမှု အခြေအနေများနှင့် ဝန်အားပိုမိုနေပြီး ဆက်လက် ဓာတ်အားဖြန့်ဖြူးပေးနေသည့်     ထရန်စဖော်မာနေရာများကို ကြည့်ရှုပြီး ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ လောင်ကျွမ်းမှု မရှိစေရေး၊ ထရန်စဖော်မာများ ထပ်မံ တိုးချဲ့တည်ဆောက်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားသည်။

 ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ AMI မီတာများ ရာနှုန်းပြည့်ဖတ်ရှုနိုင်ရန် ဆောင်ရွက်ရေး၊ စက်မှုဇုန်များ သတ်မှတ်ထားသည့် အချိန်ဓာတ်အား အပြည့်အဝရရှိရေး၊ အုပ်စုအလှည့်ကျ ဓာတ်အားပေးမှုများ မှန်ကန် စေရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့က အမြဲမပြတ်စိစစ်ကြပ်မတ်ရန် မှာကြားသည်။

 ယင်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၆၆ ကေဗွီ ကုန်ပဒေသာဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အားဖြန့်ဖြူးထားမှု အခြေအနေ၊  ဖီဒါများအလိုက် ဝန်အားနိုင်နင်းမှုရှိ/မရှိအခြေအနေ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ ခွဲရုံအတွင်း၊ အပြင်သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် လျှပ်စစ်မီးပေးဝေသော သတ်မှတ်အချိန်အတွင်း လျှပ်စစ်မီးအပြည့်အ၀ မရရှိခြင်း၊ဂျိုးဖြူရေကို အားပြုသုံးစွဲနေရသည့် အိမ်ရာများ၌ ရေပြတ်တောက်မှုများ လာခြင်းတို့ကို ဧပြီလနှင့်မေလတို့တွင် ကြုံတွေ့ရလျက်ရှိရာ  ဆည်များ၌  ရေပြည့်ဝစွာမရရှိခြင်းကြောင့် ယခင်သိုလှောင် စုဆောင်းထားရှိသည့် ရေများအား ချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု အပေါ် တပ်ဆင်ထားသော စက်များ၏ စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်းတို့ကြောင့် ယခုကာလတွင် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက် ရှိကြောင်း   သိရသည်။