အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်

 

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်

 

နေပြည်တော်  မေ  ၅

    ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့ (UN Tourism))နှင့် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော  စီးပွားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်သည့် အာရှနှင့်ပစိဖိတ်ဒေသ  ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့် (2nd UN Tourism Conference on the Empowerment of Women in Tourism  in  Asia and the Pacific)ကို မေလ၂ ရက်မှ ၄ ရက်အထိ  အင်ဒိုနီးရှားနိုင်ငံ Nusa  Dua  Bali &Sd  Bali International Convention  Center  (BICC)၌ ကျင်းပရာ  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော   မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ ကွန်ဖရင့်ကို “အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း အနာဂတ်အား ဖော်ဆောင်ရာတွင် အမျိုးသမီး ဦးဆောင်သူများ၏ စွမ်းဆောင်ရည်များ” ("Woman-Led Initiatives Shaping The Future of Inclusive and Sustainable Tourism")ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အမျိုးသမီးများ ဦးဆောင်နိုင်မည့် အခွင့်အလမ်းနှင့် အစီအစဉ်များကို  ရှာဖွေဖော်ထုတ်သွားရန် ရည်ရွယ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး   ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် မေလ ၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီလေဆိပ်သို့ ရောက်ရှိကြပြီး အင်ဒိုနီးရှားနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် မေလ ၂ ရက် နံနက်ပိုင်းတွင် Bali International Convention Center (BICC)၌ ကျင်းပသည့် “အာရှနှင့် ပစိဖိတ်ဒေသခရီးသွား လုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ    ဒုတိယအကြိမ် ကွန်ဖရင့်” သို့ တက်ရောက်သည်။

အဆိုပါကွန်ဖရင့်၏   ပထမနေ့ဖွင့်ပွဲ အခမ်းအနားတွင်  ဘာလီ၏ တာဝန်ခံ မြို့တော်ဝန် Mr. Jrjen Mahendra Jaya ၊ အင်ဒိုနီးရှားနိုင်ငံ   ခရီးသွားနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာဌာန ဒုတိယဝန်ကြီး H.E. Ms. Angela Tanoesoedibjo ၊ မော်လဒိုက်နိုင်ငံ ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Mariyam Nasheetha Nasheed  နှင့် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့၊ အာရှနှင့်ပစိဖိတ်ဒေသ  တာဝန်ခံ ညွှန်ကြားရေးမှူး Mr. Harry Hwang  တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ဆက်လက်၍  အမျိုးသမီးဝန်ကြီးများ အဆင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မြန်မာနိုင်ငံမှ  ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွားနှင့် တီထွင်ဖန်တီးမှုရှိသော  စီးပွားရေးရာဌာန ဒုတိယဝန်ကြီး H.E. Ms. Angela Tanoesoedibjo၊ လာအိုနိုင်ငံမှ ယဉ်ကျေးမှုနှင့် ခရီးသွားဌာန ဒုတိယဝန်ကြီး  H.E. Ms. Darany Phommavongsa ၊ မော်လဒိုက်နိုင်ငံမှ ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Mariyam  Nasheetha Nasheed နှင့် ဆာမိုအာနိုင်ငံမှ   Smart Investments  Ltd   ညွှန်ကြားရေးမှူး Ms. Sonja Hunterတို့က  ခရီးသွားလုပ်ငန်းကဏ္ဍတွင်   ပါဝင်ဆောင်ရွက်နေကြသော အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ၊ အောင်မြင်တိုးတက်မှုများနှင့် ကြုံတွေ့ရသည့်  အခက်အခဲများအပေါ် ဆွေးနွေး ပြောကြားခဲ့ကြသည်။

မွန်းလွဲပိုင်းတွင်  ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများက ဒေသတွင်းနိုင်ငံများ၏ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အမျိုးသမီးများ၏ ဆောင်ရွက်ချက်များ၊ တီမောလက်စတေနိုင်ငံတွင်  ဆောင်ရွက်ခဲ့သည့်    ခရီးသွားလုပ်ငန်းပြန်လည်ထူထောင်ရေးနှင့်     အမျိုးသမီးများ၏ အခန်းကဏ္ဍများ အကြောင်းကိုလည်းကောင်း၊ မကာအိုခရီးသွားဌာန၊  အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရေရှည်တည်တံ့ပြီး  အားလုံးပါဝင်သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရာတွင်  အမျိုးသမီးများ၏  အခန်းကဏ္ဍ မြှင့်တင်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ သြစတြေးလျနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်နှင့် ပညာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပညာရေးနှင့် လေ့ကျင့်သင်ကြားခြင်း၏ အမျိုးသမီးများ ခရီးသွားလုပ်ငန်းတွင်    ပါဝင်မှုအပေါ် သက်ရောက်မှုနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးဝန်ကြီး ဌာနမှ တည်ခင်းဧည့်ခံသည့် networking dinner သို့ တက်ရောက်သည်။

မေလ ၃  ရက် ကွန်ဖရင့် ဒုတိယနေ့တွင်  သြစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့်  ကိုရီးယားနိုင်ငံတို့ရှိ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၊ အာရှပစိဖိတ်ဒေသတွင်း ဌာန ညှိနှိုင်းရေးမှူးတို့က ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ ဘေးကင်းလုံခြုံစွာ  ပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြပြီး   ကွန်ဖရင့်ပိတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့၊   အာရှနှင့်ပစိဖိတ်ဒေသ တာဝန်ခံညွှန်ကြားရေးမှူး Mr. Harry Hwangနှင့်အင်ဒိုနီးရှားနိုင်ငံ  ခရီးသွားနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာဌာန ဝန်ကြီး H.E. Mr. Sandiaga Uno တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြသည်။

ထို့ပြင်    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွန်ဖရင့် ဒုတိယနေ့ ညနေပိုင်းတွင် ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့်  ဒီရေတောပျိုးပင် စိုက်ပျိုးခြင်းအစီအစဉ်သို့ တက်ရောက်ပြီး ဒီရေတောပျိုးပင်များကို  စိုက်ပျိုးပေးကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့သည် မေလ ၄ ရက်တွင်   အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ အုဘုဒေသရှိ ARMA ပြတိုက်နေရာသို့  သွားရောက်ကာ  ဘာလီရိုးရာ ယဉ်ကျေးမှုအက သင်ကြားနေမှုများ၊ လက်မှုပန်းပုလက်ရာများ၊  ရှေးခေတ်ပန်းချီ ဆရာကြီးများ၏ လက်ရာများနှင့် ရေဆေးဆီဆေးပန်းချီကားများ   လက်တွေ့ရေးဆွဲ ဆောင်ရွက်နေမှုကို   ကြည့်ရှုလေ့လာကြသည်။

ပြည်ထောင်စုဝန်ကြီး  ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည်  မေလ  ၄ ရက်တွင်  အင်ဒိုနီးရှားနိုင်ငံ  ဘာလီမြို့မှ ပြန်လည်ထွက်ခွာကြရာ  မေလ  ၅ ရက် နံနက်ပိုင်းတွင်   ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။