မကြာသေးမီက ယူကရိန်းအပေါ်ထောက်ပံ့မှုများက ရုရှားတိုက်စစ်ကို မရပ်တန့်နိုင်ဟု အိမ်ဖြူတော်ဝန်ခံ

 

မကြာသေးမီက ယူကရိန်းအပေါ်ထောက်ပံ့မှုများက ရုရှားတိုက်စစ်ကို မရပ်တန့်နိုင်ဟု အိမ်ဖြူတော်ဝန်ခံ

 

    အမေရိကန်အစိုးရက မကြာသေးမီက ယူကရိန်းအပေါ်    ပေးအပ်လိုက်သော ထောက်ပံ့မှုများသည် ရုရှားတို့၏ တိုက်စစ်ကို မရပ်တန့်နိုင်ကြောင်း အိမ်ဖြူတော်က ဝန်ခံလိုက်သည်။

တစ်ချိန်တည်းမှာပင် ၂၀၂၅ ခုနှစ်အတွင်း ယူကရိန်းက နောက်ထပ်တိုက်စစ် တစ်ခုကို စတင်လုပ်ဆောင်ရန် ရည်မှန်းထားသည်ဟု အမေရိကန်အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဧပြီလ ၄ ရက်တွင် ပြောသည်။

“အမေရိကန်က    ယူကရိန်းအပေါ်ထောက်ပံ့မှု အသစ်တွေပေးလိုက်သော်ငြားလည်း ရုရှားတို့အနေနဲ့    မကြာမီကာလ အတွင်း စစ်မြေပြင်မှာ ချီစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်တယ်လို့ မျှော်လင့်ထားဆဲပါပဲ” ဟု   ဂျိတ်ဆူလီဗန်က ပြောသည်။

အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက အချိန်ကြာမြင့်စွာ အတည်မပြုနိုင်ခဲ့သည့် ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၆၁ ဘီလီယံ အကူအညီပေးရေး အဆိုပြုချက်ကို မကြာသေးမီက အတည်ပြုကာ သမ္မတဂျိုးဘိုင်ဒင်က ပြီးခဲ့သည့်သီတင်းပတ်တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုး အသက်သွင်းလိုက်ပြီ ဖြစ်သည်။

အမေရိကန်ဘက်က ယူကရိန်းအပေါ် ယခုကဲ့သို့ကူညီထောက်ပံ့မှုများ ပေးနေသော်လည်း ယူကရိန်း၏ စစ်အင်အားနည်းပါးမှုက အားနည်းချက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း Financial Times သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီများ ပေးနေခြင်းသည် ပဋိပက္ခကို ရှည်ကြာစေမည့် လောင်စာသာဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံက လုပ်ဆောင်နေသော အထူးစစ်ဆင်ရေး၏ ရလဒ်အပေါ်   သက်ရောက်မှုရှိစေမည့် အခွင့်အရေးရရှိစေမည် မဟုတ်ကြောင်း ရုရှားအစိုးရက အကြိမ်ကြိမ် သတိပေးထားသည်။