စနစ်ရဲ့အနှစ်သာရ
(၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး)
“မီးလောင်လို့ပြာကျတော့မယ်။ မီးသတ်ကားက မလာသေးဘူး” “သူတို့ကရေနဲ့ပက်တာမဟုတ်ဘူး။ ငွေနဲ့ပက်တာ။ မီးသတ်သမားကို ပိုက်ဆံအထုပ်လိုက်သာပေးလိုက် လောင်နေတဲ့မီး ဝုန်းခနဲ ငြိမ်းသွားလိမ့်မယ်” “ရေပိုက်ခေါင်း သေးသေးလေးနဲ့ ပက်နေတာ ဘယ်လိုလုပ်မီးငြိမ်းပါ့မလဲ” ဒီအသံတွေက အရင်တုန်းက မကြာခဏ ကြားနေကြရတဲ့အသံတွေ ဖြစ်ပါတယ်။ တစ်ခါတလေတော့လည်း မကြားတကြား ပြောကြတာဖြစ်သလို တစ်ခါတလေကျတော့လည်း ကိုယ့်မျက်စိရှေ့မှာတင် ပြောတာခံနေကြရတာဖြစ်ပါတယ်။ မီးသတ်သမားဆိုရင် အကောင်းတစ်စက်မှ မမြင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လေ့လာသင်ကြားခဲ့တဲ့ သတင်းအတတ်ပညာရဲ့ အခြေခံထဲမှာ “ပုံကြီးချဲ့တယ်ဆိုတာပုံသေးရှိလို့ပဲ” ဆိုတာပါပါတယ်။ မဟာဗန္ဓုလလမ်းပေါ်မှာ ရှိတဲ့ဓာတ်ပုံဆိုင်မှာ “ပုံသေးပုံဟောင်းမှ ပုံကြီးပုံကောင်းသို့”ဆိုပြီး တစ်ချိန်က ကြော်ငြာတာတွေ့ခဲ့ရဖူးပါတယ်။
စကားလုံး အတိအကျသာမဟုတ်ပေမယ့် အဓိပ္ပာယ်က ပတ်စပို့ပုံ သေးသေးလေးသာယူခဲ့ပါ အိမ်ဦးခန်းမှာ ချိတ်ဆွဲလို့ရအောင် ပုံအကြီးချဲ့ပေးတယ်ဆိုတာကို ကြော်ငြာတာဖြစ်ပါတယ်။ မီးသတ်နဲ့ပတ်သက်တဲ့ သတင်းတွေကလည်း အဲဒီလိုဖြစ်မှာပါပဲ။ မတစ်ရာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်နေလေတော့ တစ်ယောက်တလေ ဖောက်တဲ့သူရှိမှာပါပဲ။ ယခုကော ရှိသေးလား။ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ အရင်လို အသံတွေ မကြားရတော့ဘူး။ အခုခေတ်လို ဖေ့ဘွတ်လို လူမှုမီဒီယာတွေ အားကောင်းတဲ့ခေတ်မှာ မီးသတ်တပ်ဖွဲ့ရဲ့ ကောင်းသတင်းတွေ၊ ချီးကျူးသံတွေပဲ အများဆုံး ကြားနေရပါတယ်။ မီးသတ်ဥသြသံကြားတာနဲ့တစ်ပြိုင်နက် မီးသတ် လူမှုကွန်ရက် စာမျက်နှာကို သွားကြည့်ကြတယ်။
နီးစပ်ရာအချင်းချင်း ဝေမျှကြတယ်။ အရင်တုန်းက မကြားခဲ့ရဖူးတဲ့ “မီးသတ်တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံး ငြှိမ်းသတ်နိုင်ပါစေ” ဆိုတဲ့ ဆုတောင်းမေတ္တာပို့သသံမျိုးတွေ စကားသံတွေ မီးသတ်တပ်ဖွဲ့ရဲ့ စာမျက်နှာမှာ မြင်လာရတယ်။ ကြားလာရတယ်။ အပြစ်တင်သံတွေရှိလာခဲ့ရင်တောင် အချင်းချင်း သတိပေးကြပြီး မီးသတ်တပ်ဖွဲ့ဘက်ကနေ ရပ်တည်ပေးကြတယ်။ ဒီလိုပဲ တစ်ဖက်မှာလည်း ဘာလေးပဲဖြစ်ဖြစ် မီးသတ်တပ်ဖွဲ့ကို အားကိုးလာကြတယ်။ ပုံမှန်မဟုတ်တဲ့ မီးခိုးတွေတွေ့ရင်၊ လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ့ရင်၊ လူတစ်ယောက် ချောင်းထဲမှာ ရေနစ်နေတာတွေ့ရင်၊ ချောင်းရေတွေလျှံနေရင်၊ မြွေတွေ့ရင် မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားလာတယ်။ မီးသတ်တပ်ဖွဲ့ရောက်လာပြီဆိုရင် သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ရသွားတယ်လို့ ခံစားရလောက်အောင်အထိ ဖြစ်လာတယ်။
ဒီလိုမီးသတ်တပ်ဖွဲ့အပေါ် ပြည်သူလူထုရဲ့ အမြင်အတွေးတွေ ပြောင်းလဲသွားအောင် ဘာတွေကများ ရှေ့ဆောင်ပါသလဲ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ စနစ်တစ်ခုကို အောင်မြင်အောင် တည်ဆောက်လိုက်နိုင်တာပဲဖြစ်ပါတယ်။ အဲဒီစနစ်ကလည်း ယခင်ကတည်းက ရှိနေပြီး နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲ အသုံးချခဲ့တာပဲဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာတွေကိုပါ စနစ်အတွင်း ထည့်သွင်းစဉ်းစား တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ မီးသတ်စခန်းတွေ တည်ဆောက်တာကအစ ယခင်ကာလတွေက နေရာရမှုအပေါ်မူတည်ပြီး တည်ဆောက်ရတာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ မီးသတင်းရတာနဲ့ တစ်ပြိုင်နက် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း မီးသတ်တပ်ဖွဲ့တွေ ရောက်နိုင်တဲ့ အကွာအဝေးဖြစ်အောင် တည်ဆောက်လာခဲ့ကြတယ်။ အရင်က မီးတောက်ကြီးတွေကို ရေအားကောင်းကောင်းနဲ့ဖိပြီး မီးသတ်ရာကနေ အခု မီးတောက်တွေကြားမှာရှိတဲ့ မီးလောင်မှုကို အားပေးတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို ဖြတ်တောက်နိုင်အောင် ရေကုန်သက်သာစေသော ရေမှုန်ရေမွှား မီးသတ်ပိုက်ခေါင်းဖြင့် မီးငြှိမ်းသတ်လာကြတယ်။ တစ်ဖက်ကလည်း မြို့ပြကကြီးမား ကျယ်ပြန့်လာပြီး အသက်မွေးဝမ်းကျောင်းရတ ဲ့နယ်ပယ် ကျယ်ဝန်းလာတာနဲ့အမျှ မီးမတော်တဆမှုတွေရှိရင် ကိုယ့်အိမ်ကိုယ့်ရာနဲ့ နီးသလားဝေးသလား သိရအောင် အွန်လိုင်းနည်းပညာသုံးပြီး အချိန်နဲ့တစ်ပြေးညီ အသိပေးနိုင်လာတယ်။ လူထုအနေနဲ့လည်း မီးမတော်တဆမှုတွေ့ရင် မီးသတ်ဌာနကို အကြောင်းကြားနိုင်အောင် နည်းလမ်းပေါင်းစုံ စီစဉ်ပေးထားတယ်။
မြန်မာနိုင်ငံအတွင်း ဘယ်မြို့ ဘယ်ရွာ ဘယ်နေရာ ရောက်ရောက် အဆောက်အအုံမြင်လိုက်တာနဲ့ ပြည်သူတွေကို အကူအညီပေးမယ့် မီးသတ်တပ်ဖွဲ့ ဆိုတာ မြင်ရုံနဲ့ သိနေစေရတယ်။ မီးသတ်တပ်ဖွဲ့စခန်းတိုင်းမှာ လူအသင့်၊ ယာဉ်အသင့်၊ ဆီအသင့်၊ ရေအသင့် ဆိုပြီး သင့်လေးသင့်အဆင်သင့် ဖြစ်နေစေရတယ်။ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ် ဆိုတဲ့ဆောင်ပုဒ်ကို လိုက်နာဆောင်ရွက်တယ်။ အဲဒီအခြေခံစနစ်တွေကို ဦးဆောင်ဦးရွက်ပြုနေတဲ့ တပ်ဖွဲ့ခေါင်းဆောင် အသီးသီး၊ အဆင့်အသီးသီးက နည်းပညာ တိုးတက်မှုတွေကို အသုံးချပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ မီးသတ်နည်းစနစ်နဲ့ ပေါင်းစပ်အသုံးချ ဆောင်ရွက်ကြတဲ့အခါ စောစောကပြောတဲ့ မီးသတ်တပ်ဖွဲ့အပေါ် တစ်ချိန်လုံး အမြင်စောင်းနေတာတွ ေပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်လာအောင် အချိန်တိုတိုနဲ့၊ လွယ်လွယ်နဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ဆယ်စုတွေ တစ်ပိုင်းကျော်တဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲနိုင်အောင် ကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။ အခြေအနေတွေ ဘယ်လိုပဲရှိနေပါစေ စနစ်တစ်ခုကို အပျက်မခံဘဲ တည်ဆောက်ရတယ်ဆိုတာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ စနစ်ကိုပျက်စေတာကတော့ လူတွေပါပဲ။ အခြေအနေတစ်ခုအရ၊ အပြောင်းအလဲ တစ်ခုအရ ဦးစီးဦးဆောင်ပြုတဲ့သူတွေရဲ့စိတ်ဆန္ဒ၊ အတွေးအမြင်တွေက စနစ်ကိုအပြောင်းအလဲဖြစ်စေ နိုင်ပါတယ်။
ထိုနည်းတူပဲ တပ်ဖွဲ့ဝင်တွေရဲ့အပြုအမူ အနေအထိုင် လုပ်ဆောင်မှုတွေကလည်း စနစ်ကိုပျက်စီးစေနိုင်ပါတယ်။ သို့သော်လည်း စနစ်ကို တည်ဆောက်ရာမှာ ဆန်စဉ်ရာ ကျည်ပွေ့လိုက်ပုံစံ မဟုတ်ရလေအောင် စနစ်တကျနဲ့အချိန်ယူ တည်ဆောက်လာခဲ့တဲ့ အတွက် စနစ်ကပဲ တပ်ဖွဲ့ဝင်တွေကိုဦးဆောင် ထိန်းကျောင်းသွားတဲ့အခါ မီးသတ်တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်လာသလို ပြည်သူလူထုနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တွေ့မြင်လိုက်ရတဲ့ အပြောင်းအလဲတစ်ခုက တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပါပဲ။ တစ်ချိန်ကဆိုရင် “မီးတောက်မီးလျှံကြီး ဘယ်လောက်ကြီးမားပါစေ အသက်ကိုယ်ခန္ဓာ ဆုံးရှုံးနိုင်မည်ဟု သိပင်သိငြားသော်လည်း စွန့်လွှတ်စွန့်စား အသက်ကိုပင် ပဓာနမထားဆိုသော စိတ်ဓာတ်ဖြင့် ငါတို့ ဒီလိုပေးဆပ်ထားရတာ” ဆိုပြီး ဝင့်ကြွားချင်တဲ့ တပ်ဖွဲ့ဝင်တချို့ရှိခဲ့ဖူးပေမယ့် စနစ်ရဲ့ထိန်းကျောင်းမှုအောက်မှာ အဲဒီလိုစိတ်ဓာတ်တွေ အလိုလိုပျောက်သွားတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေက အရှိန်ညီးညီးလောင်နေတဲ့ မီးလျှံတွေရဲ့ကြားမှာ အသက်စွန့်ပြီး မီးငြှိမ်းသတ်ရတာ၊ အဲဒီအတွက်နဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတာ ဂုဏ်ယူကြပါတယ်။ တချို့ဆို မီးလောင်ပေါက်ကွဲမှုတွေမှာ ပါသွားပြီး အရိုးအသား ရှာမရတာတွေတောင် ရှိပေမယ့် ကျန်ခဲ့တဲ့မိသားစုက ဆုံးရှုံးမှုကြီးမားစွာ ရင်ဆိုင်လိုက်ရပေမယ့် ဂုဏ်ယူကြပါတယ်။ ဒီလိုပေးဆပ်မှုတွေကို ထုတ်ဖော်ပြောပြစရာမလိုတော့ဘဲ ပြည်သူတွေဟာ မီးသတ်တပ်ဖွဲ့ဝင်တွေကို စာနာနားလည် အားကိုးလာကြပါပြီ။
ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က မီးသတ်တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်နဲ့ အနှစ်သာရကို သဘောကျနှစ်သက်လို့ ဝင်ရောက်အမှုထမ်း ခဲ့ကြတာဆိုတော့ လိုတာထက်ပိုကဲတဲ့ အတွေးအမြင် အယူအဆတွေကို စနစ်ရဲ့ထိန်းကျောင်းမှု အောက်မှာ အလိုလိုရောက်သွားစေခဲ့ခြင်း ကလည်းပြည်သူနဲ့ ပိုမိုနီးကပ်သွားတာပဲဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်လက်ဖက်ရည် ကိုယ်သောက်၊ မီးလောင်တယ် မီးသတ်ဥသြသံကြားတယ်ဆိုတာနဲ့ မင်္ဂလာဆောင်နေတဲ့ သတို့သားလည်း မီးသတ်ဝတ်စုံလဲ၊ မိဘဖြစ်သူ နာရေးမြေချဖို့ သရဏဂုံတင်နေတာကနေ သားဖြစ်သူက မီးလောင်ရာကို ပြေးသွား၊ မီရာကားနဲ့ဖြစ်သလို လိုက်သူလိုက်၊ ခြေကျင်ပြေးသွားသူသွား၊ စက်ဘီးနဲ့လိုက်ပြီး မီးလည်းငြိမ်းရော စက်ဘီးကို အစအနရှာမရတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ သန္ဓေစိတ်က အခုမှ ကောက်ကာငင်ကာ ဖြစ်တည်လာတာ မဟုတ်ပါဘူး။ မီးသတ်တပ်ဖွဲ့စတင် ထူထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇၈ နှစ်ကတည်းက ရှိနေခဲ့တာကိုသာ ကြည့်ပါလေ။ အဲဒီစိတ်ဓာတ်နဲ့လုပ်ရပ်တွေက ဘယ်တော့မှ တိမ်ကောသွားမှာ မဟုတ်ပါဘူးဆိုတာ တင်ပြရင်း (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါသည်။ ။
မြင့်သူ