အခြေခံကွန်ပျူတာ အင်္ဂလိပ်စာ တရုတ်စကားပြော ကိုရီးယားစကားပြော စစ်တုရင်နှင့် ပန်းချီသင်တန်းဆင်းပွဲကျင်းပ

 

အခြေခံကွန်ပျူတာ အင်္ဂလိပ်စာ တရုတ်စကားပြော ကိုရီးယားစကားပြော စစ်တုရင်နှင့် ပန်းချီသင်တန်းဆင်းပွဲကျင်းပ

 

တောင်ကြီး  ဧပြီ  ၆

    ရှမ်းပြည်နယ်(တောင်ပိုင်း) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊  ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၆ ရက်တွင် တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန၌  ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က “နည်းပညာခေတ်မှာ မဖြစ်မနေ သင်ကြား တတ်မြောက်ထားရမယ့်   ကွန်ပျူတာဘာသာရပ်၊  ဘာသာစကားသင်တန်း၊ လူငယ်တွေရဲ့ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှုစွမ်းရည် တိုးတက်စေမယ့် စစ်တုရင်သင်တန်း၊   ပန်းချီရေးဆွဲနည်း သင်တန်းတွေက လူငယ်တွေအတွက် အကျိုးရှိစေတဲ့  သင်တန်းတွေပဲဖြစ်ပါတယ်။ လူငယ်တွေကို  အထူးမှာကြားချင်တာကတော့ နွေရာသီ အားလပ်ရက်ကာလမှာ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေကို မေ့လျော့ခြင်းမရှိဘဲ အမြဲမပြတ်လေ့လာ သင်ယူနေကြပါ။ မိမိကိုယ်ကိုလည်း Self Learning အလေ့အကျင့်ရအောင် ပြုစုပျိုးထောင်ပေးကြပါ။

နည်းပညာခေတ်ကြီးမှာ လူငယ်တွေက  စဉ်ဆက်မပြတ် လေ့လာသင်ယူနေမှသာ တခြားသောနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်မှာဖြစ်ပါတယ်”ဟု အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီသင်တန်းများတွင် ထူးချွန်ဆု ရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့်သည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး    ဦးမင်းမင်းလွင်တို့က သင်တန်းတက်ရောက် အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား  သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်စိုးစိုးညွန့်က ငွေကျပ် တစ်သိန်းကို ပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက လက်ခံရယူခဲ့ကြောင်း သိရသည်။