ရာသီဥတုကူးပြောင်းချိန်တွင်ဖြစ်တတ်သော အာဂန္တုအဖျား
ယခုအခါ ရာသီဥတု အကူးအပြောင်းကြောင့် နှာစေး၊ ချောင်းဆိုးနှင့် အဖျားရောဂါဖြစ်သူများကြသည်။ လူတချို့က တုပ်ကွေးဖျားသည်။ တစ်ဦးမှ တစ်ဦးကူးလွယ်သဖြင့် တုပ်ကွေးဖြစ်သည်။ ဥတုတုပ်ကွေး၊ ရာသီတုပ်ကွေး စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။
ယခုကဲ့သို့ ရာသီဥတုတစ်ခုမှတစ်ခုသို့ အကူးအပြောင်းတွင် ဖြစ်သောအဖျားမှာ မြန်မာဆေးကျမ်း များအရ အာဂန္တုအဖျားဟု ခေါ်သည်။ တုပ်ကွေးဖျား ဟူ၍ အခေါ်အဝေါ်မှာ မြန်မာဆေးကျမ်းများတွင် မရှိပါ။ မတွေ့ရပါ။
အာဂန္တုအဖျားဆိုသည်မှာ ခေတ္တရက်ပိုင်းမျှသာ ဖျားသောအဖျားကို ဆိုလိုသည်။ ကိုယ်ခံအားနည်းသူများတွင် ရုတ်တရက်ဖျားတတ်ပြီး ဂရုမစိုက်ပါက အဖျားရက်ရှည် သွားနိုင်ကြောင်း ဆေးကျမ်းများကဆို သည်။ နေမကောင်းဖြစ်နေချိန်တွင် ကိုယ်ခံအား ကောင်းစေရန် အစားအသောက်ကို ဂရုစိုက်စားသုံးသင့်သည်။ အစားအသောက်ဂရုစိုက် မစားသုံးပါက အစားပျက်၊ အားမရှိ၊ အလုပ်ပျက်ရက်ကြာလာပြီး အလုပ်မှနားလိုက်ရသူ၊ အလုပ်ထုတ်ခံရသူများပင်ရှိ သည်ဟု ကြားဖူးသည်။
မြန်မာ့ရိုးရာဆေးပညာ(Traditional Medicine) စစ်စစ် ဒေသနာနယ ဆေးပညာမှာကိုက ရောဂါ ရောက်ကြောင်း(ဝါ) ရောဂါဖြစ်ရခြင်းအကြောင်း၊ တစ်နည်း နာဖျားမကျန်းဖြစ်ရခြင်း အကြောင်းက လေးပါးရှိသည်။ လေးမျိုးရှိတယ်မဆိုဘဲ လေးပါးရှိ တယ်ဆိုခြင်းက ဘုရားဟောဒေသနာနှင့် ဆက်နွှယ် နေသဖြင့် အလေးအမြတ် ထား၍ဆိုခြင်း..
ကံ၊ စိတ်၊ ဥတု၊ အာဟာရ
အထက်ပါအကြောင်းလေးပါးကြောင့် ဖျားနာရသည်။ ရောဂါရသည်ဟုဆိုလျှင် မမှားပေ။ ကံက မကောင်း၊ စိတ်ဖိစီးသည့်အလုပ်များလည်း လုပ်ရ ကိုင်ရနှင့် နောက်ဆုံးနှစ်ပါးဖြစ်သော ဥတုနှင့် အာဟာရကပါ နှောင့်ယှက်မှု အမျိုးမျိုးပေးမှတော့ အဖျားသည် ရက်ရှည်သည်ပေါ့ဟု မှတ်ရပေမည်။
အဖျားသည် အပူငုပ်ခြင်း အကြောင်းခံသည်။ (ဥဏှတေဇော) အဖျားကျပြန်တော့လည်း တစ်ကိုယ်လုံးအေးစက်၊ ညောင်းကိုက်၊ မစားချင်၊ စားလျှင်လည်း ခံတွင်းမတွေ့ (အာကာသပျက်) အစားပျက်တော့ လမ်းကလည်းကောင်းကောင်းမသွား၊ ညောင်းညာ၊ (ဝါယောပျက်) ထိုအတွက် ဆေးဝါးမပါ ဓာတ်စာဖြင့် သာ ကုသသင့်သည်။
အနောက်တိုင်းဆေးပညာအမြင်
လူတိုင်းဖျားနာခြင်းကို တစ်နေ့မဟုတ် တစ်နေ့တွေ့ကြုံရမည်ဖြစ်သည်။ ဖျားနာခြင်းကို ကိုယ်အပူ ချိန်ဖြင့် တိုင်းတာလေ့ရှိသည်။ သာမန်ကိုယ်အပူချိန် ၉၇ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ထက်ကျော်၍ ၁၀၀ ဒီဂရီရောက်လျှင်ပင် ကိုယ်ပူသည်ဟု သတ်မှတ်ကြသည်။ လူကြီးများတွင် အဖျားဝင်လာပြီဆိုလျှင် ကိုယ်အပူချိန် တဖြည်းဖြည်းတက်လာပြီး ၁၀၃ ဒီဂရီဖာရင်ဟိုက် (၃၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ်) အထိ ရောက်လျှင် စိုးရိမ်ရသော အဖျားဖြစ်သည်ဟုဆိုသည်။ လူကြီးများမှာ ခံနိုင်ရည်ရှိသော်လည်း လူငယ်နှင့် မွေးကင်းစ ကလေးများမှာ ကိုယ်ပူလျှင် ချက်ချင်းညှိုးနွမ်းသွားပြီး အစားအသောက် မဝင်ဘဲဖြစ်တတ်သည်။
အဖျားအတွက် ကိုယ်အပူချိန် သာမန်တက်ရုံလေးဖြင့် ဆေးသောက်ခြင်းသည် မှားသော အယူအဆဖြစ်သည် ဟုဆိုသည်။ အအေးမမိအောင် နွေးနွေးထွေးထွေး နေခြင်း၊ ရေများများသောက်ခြင်း၊ စွပ်ပြုတ်ပူပူနွေးနွေး သောက်ပေးခြင်းဖြင့် ကိုယ်အပူပြန်ကျသွားနိုင်သည်။ တစ်ရက်အတွင်း ကိုယ်အပူမကျမှသာ ဆေးသောက်သင့် သည်။ ကိုယ်အပူချိန်တက်ခြင်းသည် ခန္ဓာကိုယ်ပြင်ပမှ ဝင်ရောက်လာသော ပိုးမွှားများကို ခန္ဓာကိုယ်ကပြန်လည် တိုက်ခိုက်နေသော လုပ်ရပ်တစ်ခုဖြစ်သည်ဟု မှတ်ယူ နိုင်သည်။
တချို့အဖျားများသည် တစ်ရက်အတွင်းမှာပင် ကိုယ်အပူချိန်အတက်အကျ အလွန်များသည်။ တချို့ အဖျားများမှာ နေ့တွင်ကိုယ်အပူချိန်တက်ပြီး ညတွင် ကိုယ်အပူချိန် ကျသွားတတ်သည်။ တချို့အဖျားများမှာ ရက်ရှည်တက်ဖျား၊ ကျဖျားဖြစ်နေတတ်သည်။ ငှက်ဖျား၊ တီဘီရောဂါကြောင့်ဖြစ်သော အဖျားများတွင် အဖျား ကျဆေး၊ ကိုယ်အပူကျဆေးသာမက ပိုးသတ်ဆေးပါ သောက်ရန်လိုအပ်သည်။ သက်ဆိုင်ရာ ဆရာဝန်ညွှန် ကြားချက်အတိုင်း လိုက်နာရမည်ဖြစ်သည်။
တိုင်းရင်းဆေးနှင့် အဖျားရောဂါအမြင်
တိုင်းရင်းဆေးပညာတွင် အကျဉ်းအားဖြင့် အပူ ဖျား၊ အအေးဖျားဟူ၍ နှစ်မျိုးသာရှိသည်။ ထိုအဖျား နှစ်မျိုးတို့သည် ပိုးကြောင့်ရောဂါ တစ်ခုခုကပ်ငြိ၍ ဖြစ် ခြင်းမှလွဲ၍ နွေမှမိုးအကူး၊ မိုးမှဆောင်းအကူး၊ ဆောင်းမှ နွေအကူး ဥတုအကူးအပြောင်းများတွင် ဖြစ်လေ့ရှိသည်။ ထို့ပြင် နေပူထဲမှလာပြီး ရုတ်တရက်အအေးခံခြင်း၊ အအေးထဲမှလာပြီး ရုတ်တရက်နေပူမိခြင်း စသော အကြောင်းအရာများကြောင့် ဖြစ်သောအဖျားများလည်း ရှိသည်။ အလွန်ပူပြင်းသော နွေရာသီတွင် Heat Stroke ခေါ် အပြင်းအထန်အပူလျှပ်၍ လေ ဖြတ်ခြင်း၊ သေဆုံးခြင်းများလည်း ဖြစ်နိုင်သည်။
အပူနာနှင့် အအေးနာခွဲခြားရာတွင် မြန်မာ့တိုင်းရင်း ဆေးပညာစစ်စစ်ဖြစ်သော ဒေသနာနယဆေးပညာ အလိုအရ -
- ဆီးနည်းလျှင်၊ ဆီးနီလျှင်၊ ဆီးဝါလျှင် အပူနာ။
- ဆီးများလျှင်၊ ဆီးဖြူလျှင်၊ ဆီးအေးလျှင် အအေး နာ။
- ဝမ်းချုပ်ပြီး အပူအထက်ဆောင့်လျှင် အတက် နာ။
- ဝမ်းမချုပ်ဘဲ လေဝမ်းမကွဲဖြစ်နေလျှင် အသက် နာ။
အထက်ပါ လေးမျိုးတို့ကိုကုသရာတွင် ဆေးဆရာ များသည် အပူနာကို အအေးစာပေး၊ အအေးနာကို အပူစာပေး၊ အတက်နာကို အသက်စာပေး၊ အသက်နာကို အတက်စာပေး၍ ကုသရသည်ဟုဆိုသည်။
အပူစာများမှာ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ချိုးသား၊ ခါသား၊ မြင်းသား၊ သိုးသားတို့ဖြစ်ကြသည်။ အသီးအနှံများတွင် ဥသျှစ်သီး၊ ဒူးရင်းသီး၊ တညင်း သီး၊ ချင်း၊ သရက်ကင်းစသည်များဖြစ်သည်။ အရွက် များတွင် ပိုးစာရွက်၊ ဒန့်သလွန်ရွက်၊ မိုးနှံရွက်၊ ဥသျှစ် ရွက်၊ ခွေးတောက်ရွက်၊ ရှောက်ရွက်၊ ဇီရာရွက်၊ ကြက်သွန်မြိတ် စသည်တို့ဖြစ်ကြသည်။
အအေးစာများမှာ ဝက်သား၊ ဝမ်းဘဲသား၊ ရေကြက် သား၊ ဗျိုင်းသား၊ ဝမ်းဘဲဥ၊ ငါးဥများ၊ ကျွဲနို့၊ ဆိတ်နို့ စသည်တို့ဖြစ်ကြသည်။ အသီးအနှံများတွင် မန်ကျည်း ရွက်၊ ပြည်ပန်းညိုရွက်၊ သနပ်ရွက်၊ သခွတ်ပွင့်၊ လယ် ပတူ၊ ကင်းပုံသီး၊ ကင်းပုံရွက်၊ ကြက်ဟင်းခါးသီး၊ ကြက် ဟင်းခါးရွက်၊ မဲဇလီ စသည်တို့ဖြစ်သည်။ အသီးများ တွင် ငှက်ပျောသီးမျိုးစုံ၊ မင်းကွတ်သီး၊ သစ်တော်သီး၊ ရှောက်သီး၊ စောင်းလျားသီး၊ မန်ကျည်းသီးမှည့် စသည်တို့ဖြစ်ကြသည်။
ဖျားနေသူကို ပြုစုနည်းများ
ဖျားနေသူကို ရှေးအခါက လေတိုက်မခံဘဲ လေလုံ သောအခန်းတွင်ထားပြီး စောင်ခြုံ၍ဆေးပူများ၊ ချွေး ထုတ်ဆေးများ တိုက်ကျွေးလေ့ရှိသည်။ ထိုနည်းမှာ အမြဲတမ်းမမှန်ကန်။ အန္တရာယ်ရှိသော နည်းလမ်း ဖြစ်သည်။ ဖျားနာသူသည် လေကောင်းလေသန့် လိုအပ်သည်။ လေလုံနေခြင်း၊ အသက်ရှူမဝခြင်း တို့ကြောင့် အဖျားပို၍ဆိုးစေနိုင်သည်။
ဖျားနာသူကို အဖျားကျဆေး၊ ကိုယ်အပူကျဆေး တိုက်ကျွေးသော်လည်း တခြားသတိပြုရမည့်အချက် များရှိသေးသည်။ ထိုအချက်များမှာ
- ဖျားသူကို ဝမ်းမှန်၊ မမှန် မေးမြန်းရမည်။ နှစ်ရက်၊ သုံးရက်ထက်ကျော်လွန်၍ ဝမ်းချုပ်နေပါက သင့်တော်သော ဝမ်းနုတ်ဆေးပေးရမည်။ သို့မဟုတ် ဝမ်းချူသောနည်းဖြင့် ဝမ်းသွားအောင် ပြုလုပ်ပေးရ မည်။
- ဖျားနေသူသည် မူလက အစာအိမ်ရောဂါရှိ၊ မရှိ၊ အစာကြေ၊ မကြေ၊ အစာချက်၊ မချက် သတိပြုရမည်။ တချို့သူများတွင် အစာအိမ်မကောင်းသဖြင့် ဖျားနာ သော်လည်း အစာအိမ်ကိုထိခိုက်စေနိုင်သည့် အကိုက်အခဲပျောက်ဆေးများ၊ အစာအိမ်ကို သွေးယိုစေနိုင်သည့် ဆေးများပေး၍ မဖြစ်သည်ကို သတိပြုရမည်။ ဖျားနေသူကို မာကျောသောအစာများ၊ အေးစက်သော အစာများ၊ ကြေခဲသောအစာများ၊ ဝမ်းချုပ်စေသော အစာများ မကျွေးသင့်သည်ကို အထူးသတိပြုပါ။
အဖျားကျသွားပြီးနောက် နာလန်ထချိန်တွင် ပြုလုပ်ရမည့်အချက်များ
အဖျားကျသွားသော်လည်း လူကောင်းဖြစ်သွားပြီ ဟု မယူဆနိုင်ပေ။ ထိုအချိန်သည် နာလန်ထအချိန်ဟု ခေါ်သည်။ ထိုအချိန်တွင် စားချင်သောက်ချင်စိတ်မရှိ နုံးချည့်နေတတ်သေးသည်။ တရှောင်ရှောင်ဖြစ်နေ သည်ဟု လူကြီးများကပြောလေ့ရှိသည်။ ရေချိုးချိန် ကိုလည်း ရေချိုးရက်ရွေးပြီးမှ ချိုးပေးလေ့ ရှိကြသည်။ ခံတွင်းလိုက်စေသည့် အစာများ တဖြည်းဖြည်းချင်း လျှော့၍ကျွေးလေ့ရှိကြသည်။ အစာကြမ်းလျှင် နောက် တစ်ကြိမ်ပြန်ဖျားနိုင်သည်ကို သတိပြုရမည်။ နာလန်ထ လူနာများအတွက် အောက်ပါအတိုင်းဆောင်ရွက်ပေးလျှင် အကောင်းဆုံးဖြစ်သည်။
- နံနက်နေတက်ချိန်တွင် ရေချိုးပါ။ ရေမချိုးမီ အုန်းစိမ်းရည်သောက်ပါ။ အုန်းစိမ်းနုနု အရည်သောက် အုန်းသီးကိုထိပ်ဖွင့်ပြီးလျှင် အပြင်သို့ မသွန်ဘဲ ဖျော်ရည်စုပ်သော ပိုက်ဖြင့်စုပ်၍သောက်ပါ။ အုန်းရည်ကို အပြင်သွန်ပြီးမှသောက်လျှင် လေသလပ်ပြီး နောက် အချဉ်ဓာတ်ဝင်သွားနိုင်သည်။
- ရေချိုးလျှင် ဦးခေါင်းမှ လောင်းချိုးပါ။ ရေအေး ဖြင့်သာချိုးပါ။ နံနက်ဦးခေါင်း ညဒူးခေါင်း နည်းလမ်း အတိုင်း ခေါင်းမှလောင်းချိုးပါ။
- ထမင်းစားလျှင် ပူပူနွေးနွေးစားပါ။ အစာမကြေ သေးပါ။ ထမင်းကိုပေါင်းအိုးနှင့်မချက်နှင့်။ ထမင်း ရည်ငှဲ့ချက်ပါ။
- ကျောက်ဖရုံသီးဟင်းချိုချက်ပြီး ငရုတ်ကောင်းမှုန့် ခတ်သောက်ပါ။ ဝမ်းတွင်းမှအောင်းနေသော အပူများ ဆီးမှထွက်သွားအောင် ကျောက်ဖရုံသီးက အစွမ်းထက် သည်။
- နေ့လယ်ခင်းတွင် အဖြည့်စာအဖြစ် ထန်းလျက် သာဂူပူပူလေးသောက်ပေးပါ။ ဝမ်းမီးတောက်ပြီး အစာစားချင်စိတ်များ ပြန်လည်ဖြစ်ပေါ်လာပါလိမ့် မည်။
- ရိုးရာဆေးပညာ ဓာတ်စာဆရာကြီးများ ပေးလေ့ရှိသော နာလန်ထ ခံတွင်းကောင်း ဓာတ်စာမှာ ငါးဖယ်အောင်း ငါးပိကောင်ဖြစ်သည်။ ငါးဖယ်အောင်း သည် ငွေရောင်အကြေးခွံရှိသော ငါးမျိုးဖြစ်သည်။ အစိုအတိုင်းချက်စားလျှင် အရိုးများသဖြင့် ငါးပိ ကောင်လုပ်ပြီး စားလေ့ရှိကြသည်။ ငါးကိုဆားဖြင့် နယ်ပြီး မြေအိုးတွင်သိပ်ပြီး အပေါ်မှဆားဖြင့် ဖိထား သောအခါ ငါးပိကောင်ဖြစ်လာသည်။ ထိုငါးပိကောင်မှာ တာရှည်အထားခံသော အစားအစာဖြစ်သည်။ ငါးဖယ်အောင်းငါးပိကောင်ကို အပြင်ခွံကျွမ်းသွားအောင် မီးကင်စားခြင်း သို့မဟုတ် ကြော်စားခြင်းပြုလုပ်ကြသည်။ ငါးဖယ်အောင်း ငါးပိကောင်ကို ပူပူနွေးနွေး နှမ်းဆီဆမ်းပြီး ငရုတ်သီးမှုန့် အနည်းငယ်ဖြူး၍ အဖျားပြတ်နာလန်ထသူကို ထမင်းဆီဆမ်းဖြင့် ပူပူနွေးနွေး ကျွေးလေ့ရှိသည်။ ဒန့်သလွန်ရွက်ဟင်းချို၊ ဘူးသီး ဟင်းခါး၊ ကျောက်ဖရုံသီးဟင်းခါး၊ ပိတ်စွယ်ဟင်းချို၊ ဥသျှစ်ရွက်ဟင်းချို စသည်တို့သည် ငါးဖယ်အောင်းငါးပိ ကောင်နှင့်လိုက်ဖက်သော ဟင်းချိုများဖြစ်သည်။
- နာလန်ထလူနာသည် အမျိုးသမီးဖြစ်ပါက သင့်လျော်သောအချိန်တွင် ရေချိုးပြီးပါက ကရမက်ကို သွေးလိမ်းပေးခြင်းဖြင့် အနာရောဂါကင်းစေနိုင်သည်။ မိန်းမအသက် ကရမက်ဟုလည်း အဆိုရှိသည်။ အမျိုး သားများမှာ နံ့သာလိမ်းကျံရန် မလိုအပ်သော်လည်း တချို့မှာ အပူကင်းစင်စေရန် သနပ်ခါးအမြစ်ကိုသွေး ပြီး ခပ်ပါးပါးလိမ်းပေးလေ့ရှိသည်။ သွေးထားသော သနပ်ခါးကိုလည်း မလိမ်းမီ အနည်းငယ်စားလေ့ရှိ ကြသည်။
ကြည်လွင်မြင့်(မုဒြာ)