မင်္ဂလာဆောင်ခါနီးဆေးစစ်မှ ၂၇ နှစ်စလုံးအမျိုးသမီးအဖြစ်နေလာသူက အမျိုးသားဖြစ်နေ

မင်္ဂလာဆောင်ခါနီးဆေးစစ်မှ ၂၇ နှစ်စလုံးအမျိုးသမီးအဖြစ်နေလာသူက အမျိုးသားဖြစ်နေ

တရုတ်နိုင်ငံမှာ   မကြာသေးခင်က တော်တော်လေးကို   ရှားပါးတဲ့ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် လည်း အသက် ၂၇ နှစ်ရှိ အမျိုးသမီးငယ်ဟာ မထင်မှတ်ထားတဲ့ အံ့သြတုန်လှုပ်မှု ဖြစ်ခဲ့ပါသေးတယ်။

ဖြစ်စဉ်ကိုပြောရမယ်ဆိုရင် လီလို့အမည်ရတဲ့ အမျိုးသမီးငယ်ဟာ မင်္ဂလာမဆောင်ခင်မှာ ပုံမှန်လုပ်ရိုး လုပ်စဉ်ဖြစ်တဲ့ ဆေးစစ်မှုကိုလာလုပ်ပါတယ်။

ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ မိန်းကလေးမဟုတ်ဘဲ ယောကျ်ားလေးဖြစ်နေတယ်ဆိုပြီး ဆရာဝန်တွေက သတ်မှတ်လိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီမိန်းကလေးဟာ အမျိုးသမီးဟော်မုန်းတွေ ရှိနေပေမယ့် အမျိုးသားလိင်အင်္ဂါနဲ့ ဆိုင်တဲ့ ခရိုမိုဆုမ်းတွေ ရှိနေတာကြောင့်ပါ။

တစ်နည်းပြောရမယ်ဆိုရင် အဲဒီအမျိုးသမီးဟာ ပြင်ပမှာလိင်ပိုင်းဆိုင်ရာအရ ဣတ္ထိလိင်ဖြစ်နေပေမယ့်  သူ့ရဲ့ဝမ်းဗိုက် ထဲမှာတော့ ပုလ္လိုင်တွေမှာ သာပါတဲ့ ဝှေးစေ့ရှိနေတဲ့အတွက် သူ့ကိုအမျိုးသားဆိုပြီး ဆရာဝန်တွေက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

တကယ်တမ်းတော့ ဒါဟာ ရှားပါးမွေးရာပါရောဂါတစ်မျိုးဖြစ်ပြီး လူအယောက်ငါးသောင်းလောက်မှာမှ တစ်ဦးသာ ဖြစ်လေ့ရှိတဲ့ရောဂါပါ။

လီရဲ့ကျန်းမာရေးမှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင် လီဟာအသက် ၁၈ နှစ်ပြည့်ပြီးတဲ့အထိ  ဓမ္မတာမလာသလို  ရင်သား ကလည်းကြီးထွားလာခြင်းမရှိတဲ့အတွက် ဆေးစစ်မှုလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ ပုံမှန်မဟုတ်တဲ့   ဟော်မုန်းပမာဏရှိနေတာရယ်၊ သားအိမ်ကမကောင်းတာရယ်ကြောင့် ဖြစ်နိုင်တယ်လို့   ဆရာဝန်တွေက မှတ်ချက်ပြုပြီး ခရိုမိုဆုမ်းစစ်ဆေးမှု လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပေမယ့် လီကအဲဒီလိုစစ်ဆေးမှုကို မလုပ်ခဲ့ပါဘူး။

လီအနေနဲ့ ကျန်းမာရေးဆေးစစ်မှုနဲ့ ကုသမှုကို အချိန်မတိုင်မီခံယူခဲ့ခြင်း မရှိတာကြောင့် အရိုးပွရောဂါနဲ့ ဗီတာမင်ဒီချို့တဲ့မှုကို ခံစားခဲ့ရတယ်လို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

အခုဆေးစစ်ချက်အရ ဝမ်းဗိုက်အတွင်းမှာရှိနေတဲ့ ဝှေးစေ့က ကင်ဆာရောဂါဖြစ်နိုင်ခြေအလွန်မြင့်မားတဲ့အတွက် အဲဒါကိုချက်ချင်းဖယ်ရှားဖို့   ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့လမှာတော့ ဆရာဝန်တွေက အန္တရာယ်များတဲ့ခွဲစိတ်မှုကိုလုပ်ပြီး လီရဲ့ဝမ်းဗိုက်ထဲကဝှေးစေ့ကို  ဖယ်ရှားနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ လီကတော့ ရေရှည်ဟော်မုန်းကုသမှုကို ခံယူနေရပါတယ်။

လီခံစားရတာက  Congenital adrenal hyperplasia-CAH လို့ခေါ်တဲ့ အခြေအနေပါ။ သူက  အက်ဒရီနယ်ဂလင်း အပေါ်သက်ရောက်မှုရှိစေတဲ့ မျိုးရိုးဗီဇဆိုင်ရာ    အခြေအနေတစ်ခု ဖြစ်ပါတယ်။

အက်ဒရီနယ်ဂလင်းတွေက ကျောက်ကပ်ရဲ့အပေါ်မှာတည်ရှိပြီး    ခန္ဓာကိုယ်က လိုအပ်တဲ့ အမျိုးမျိုးသော ဟော်မုန်းများကို ထုတ်ပေးပါတယ်။

CAH လိုအခြေအနေနဲ့  ကြုံရတဲ့လူတစ်ဦးဟာ အင်ဇိုင်းတစ်မျိုး လိုအပ်ပါတယ်။ အဲဒီအခါမှာ အက်ဒရီနယ် ဂလင်းက တက်စတိုစတီရုန်းလိုမျိုး အမျိုးသားဟော်မုန်းတွေကိုများစွာ ထုတ်လွှတ်လိုက်ပါတယ်။

ဒီအခြေအနေနဲ့ရင်ဆိုင်ရသူ အမျိုးသမီးများဟာ မွေးကင်းစမှာလိင်နှစ်မျိုးပါဝင်တတ်လေ့ရှိပြီး မှန်ကန်စွာ စစ်ဆေးကုသ မှုမခံယူပါက ရေဓာတ်ဆုံးရှုံးခြင်း၊ အစားနည်းခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်းနဲ့ တခြားကျန်းမာရေး ပြဿနာများကို မကြာခင်မှာ ခံစားရလေ့ရှိပါတယ်။    

Ref: IE