ရုရှားက မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များ အသုံးပြုမှု စစ်ရေးလေ့ကျင့်မည်

 

ရုရှားက မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များ အသုံးပြုမှု စစ်ရေးလေ့ကျင့်မည်

ရုရှားနိုင်ငံတောင်ပိုင်းရှိ  ဒုံးတပ်ဖွဲ့များက မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယား လက်နက်များ အသုံးပြုမှု  စစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းများတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  ဒုံးတပ်ဖွဲ့များအပြင် လေတပ်နှင့်ရေတပ်တို့မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်သွားမည်ဖြစ်ပြီး နိုင်ငံ၏စစ်သေနာပတိချုပ် ဗလာဒီမာပူတင်၏ ညွှန်ကြားချက်များနှင့်အညီ လေ့ကျင့်ခန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၆   ရက်တွင်  ထုတ်ပြန်ထားသည်။

စစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ရခြင်း ၏ရည်ရွယ်ချက်သည် မဟာဗျူဟာမြောက် မဟုတ်သော နျူကလီးယားတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်နိုင်သည့်အသင့်ရှိမှုအခြေအနေကို တိုးမြှင့်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ထားသည်။

ရုရှားနိုင်ငံအပေါ် ဆန့်ကျင်တဲ့ အနောက်အုပ်စုမှတာဝန်ရှိသူများရဲ့ ရန်လိုတဲ့ထုတ်ပြန် ချက်များနဲ့ ခြိမ်းခြောက်မှုများကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ခြွင်းချက်မရှိ သေချာစေဖို့အတွက် မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားလက်နက် များ အသုံးပြုတိုက်ပွဲဝင်ရာမှာ လူ၊ လက်နက် များအသင့်ရှိမှုအနေအထားကိုထိန်းသိမ်းဖို့ ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်ကိုတွေ့ရသည်။

NATO တပ်ဖွဲ့က လုပ်ဆောင်သည့်  Steadfast Defender အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းများသည် ၎င်းတို့အနေဖြင့် ရုရှားနိုင်ငံအပေါ်  ပဋိပက္ခဖန်တီးရေးအတွက်  ကြိုတင်ပြင်ဆင်မှုတစ်ရပ်ဖြစ် သည်ကို တွေ့ရကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောထားသည်။

NATO တပ်ဖွဲ့သည် အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို  ရုရှားနိုင်ငံ၏နယ်စပ် အနီးဝန်းကျင်တွင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး သမားရိုးကျလက်နက်များသာမက ပေါင်းစပ်လက်နက်များကိုပါ  အသုံးပြုလေ့ကျင့်နေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် NATO တပ်ဖွဲ့ဝင်နိုင်ငံများအပေါ် ပေါင်းစပ် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု အဆိုပါ မဟာမိတ်အဖွဲ့က စွပ်စွဲထားသည်။

သို့သော် အနောက်အုပ်စုသည် ၎င်းတို့အကျွမ်းကျင်ဆုံး အလုပ်ဖြစ်သည့် သတင်းမှားဖြန့်မှု အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မာရီယာဇာခါရိုဗာက တုံ့ပြန်ထားသည်။            

    Ref: Sputnik