မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို အင်္ဂလန် နိုင်ငံသို့ ဒုတိယ အကြိမ် ထပ်မံတင်ပို့မည်

ရန်ကုန်၊ စီးပွားရေး

မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများကို အင်္ဂလန် နိုင်ငံသို့ ဒုတိယအကြိမ် ထပ်မံ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်၏ ပြောကြား ချက် အရ သိရသည်။

မြန်မာနိုင်ငံအတွင်း   စိုက်ပျိုးသည့် အမရာ၊  Hass ၊ ဘာကေးနီးယား ထောပတ်မျိုးများကို  နိုဝင်ဘာ ပထမပတ် အတွင်းက   အင်္ဂလန်နိုင်ငံသို့  ပထမအကြိမ် တင်ပို့ခဲ့ပြီး  ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင်  ဒုတိယအကြိမ် ထပ်မံ တင်ပို့မည်ဖြစ်သည်။

''အင်္ဂလန်နိုင်ငံ ဗြိတိသျှကုန်သည်ကြီး များအသင်းက နောက်တစ်ကြိမ်တင်ပို့ဖို့ ထပ်ပြီး ကမ်းလှမ်းလာတယ်။ အခုတင်ပို့မှာက အရင်ကတင်ပို့ခဲ့တဲ့ ထောပတ်မျိုးတွေနဲ့ မတူဘဲ ဒေသမျိုးတွေနဲ့ တခြားထောပတ်မျိုး တွေကို တင်ပို့မှာပါ'' ဟု ဦးမျိုးညွန့်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌  ထောပတ် သီးများ အများအပြား ထွက်ရှိနေပြီး ထွက်ရှိလာသည့်   ထောပတ်သီး များကို ပြည်တွင်းဈေးကွက်၌သာ ရောင်းချနေရကာ ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့မှုများ ဆောင်ရွက်နိုင်ရန် ချိတ်ဆက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

''အခုကမ်းလှမ်းတာက  မြန်မာနိုင်ငံက ဒေသမျိုးရင်းတွေကိုလည်း   စိတ်ဝင်စား တယ်ဆိုလို့    တင်ပို့ပေးမှာဖြစ်ပါ တယ်။ လောလောဆယ်    စမ်းသပ်တဲ့အနေနဲ့တင်ပို့တာပါ''ဟု ဦးမျိုးညွန့်ကပြောသည်။

၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာနှစ်က မြန်မာ တစ်နိုင်ငံလုံး၌    ထောပတ်သီး တန်ချိန် ၅ဝဝဝဝ ခန့်ထွက်ရှိရာ တန်ချိန် ၅ဝဝ သာ Premium Market ရရှိခဲ့ပြီး ယင်းတို့ထဲတွင် ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပတင်ပို့ ခြင်းလည်း ပါဝင်ခဲ့ပြီး Premium Market ရရှိနိုင်ရန် ၂ဝ၂ဝ- ၂ဝ၂၁ဘဏ္ဍာနှစ်တွင် စံချိန်စံညွှန်းများနှင့် အညီ စိုက်ပျိုး ထုတ်လုပ် နိုင်ရေး လိုအပ်သည့် နည်းပညာနှင့်  သတင်းအချက်အလက်များ   ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။       

ကိုလတ်