နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ ကုန်သွယ်ရေး ဇုန်/စခန်း တည်ဆောက်နိုင်မည့် အခြေအနေများအား  တရားမဝင်ကုန်သွယ်မ ှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီသို့ သုံးသပ်ပြုစု တင်ပြသွားမည်

 

နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ ကုန်သွယ်ရေး ဇုန်/စခန်း တည်ဆောက်နိုင်မည့် အခြေအနေများအား  တရားမဝင်ကုန်သွယ်မ ှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီသို့ သုံးသပ်ပြုစု တင်ပြသွားမည်

 

နေပြည်တော်  မေ  ၇

    ကုန်သွယ်ရေးဇုန်/စခန်းများ  တည်ဆောက်ရာတွင် နိုင်ငံတကာ လုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ် အစီရင်ခံရေးကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ လေ့လာသုံးသပ် အစီရင်ခံရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  လေ့လာသုံးသပ်အစီရင်ခံရေး ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၄) ရပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီ အနေဖြင့် လုပ်ငန်းတာဝန် (၆)ရပ်ရှိကြောင်း၊ လေ့လာသုံးသပ်အစီရင်ခံရေး ကော်မတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ် အစီရင်ခံရေး လုပ်ငန်းကော်မတီများ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နှင့် ဒုတိယအကြိမ် အစည်းအဝေးကို  ၂၀၂၄  ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တို့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအရ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြည်ထောင်စုဝန်ကြီး ဌာနများ၏ သဘောထားမှတ်ချက်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်လေ့လာ သုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီ၏ သဘောထား မှတ်ချက်၊ ကုန်သွယ်ရေးဇုန်/စခန်းများ၏ မြေပြင်အနေအထား၊ နယ်မြေ လုံခြုံရေးအခြေအနေ၊ ကုန်သွယ်မှုပမာဏ၊ တိုးချဲ့မြေနေရာ ရရှိနိုင်မှုစသည့် အခြေအနေ အရပ်ရပ်အပေါ်  ထည့်သွင်းစဉ်းစား၍ ပထမအဆင့်ဦးစားပေး၊ ဒုတိယအဆင့် ဦးစားပေး၊ တတိယအဆင့် ဦးစားပေးဟူ၍ ဦးစားပေးအဆင့်အလိုက် တည်ဆောက် ရမည့်  ဇုန်^စခန်းများကို အပိုင်း (၃) ပိုင်း စိစစ်ဖော်ထုတ်ခဲ့ပါကြောင်း။

ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ် အစီရင်ခံရေးလုပ်ငန်း ကော်မတီများမှ ဆွေးနွေးတင်ပြ ချက်များအပေါ် စိစစ်သုံးသပ်ပြီး နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ ကုန်သွယ်ရေး ဇုန်/စခန်း တည်ဆောက်နိုင်မည့် အခြေအနေများအား  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီသို့ သုံးသပ်ပြုစု တင်ပြသွားမည်ဖြစ်ကြောင်း၊ လေ့လာသုံးသပ်အစီရင်ခံရေး ကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ် အစီရင်ခံရေး လုပ်ငန်းကော်မတီများ အနေဖြင့် ကုန်သွယ်ရေးဇုန်/စခန်းများအား နယ်စပ် မျဉ်းအနီး  အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးအတွက်  ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ    ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက် လာကြသော ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌက ခြုံငုံသုံးသပ်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။