ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ၂၀၂၄ ခုနှစ်အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ၂၀၂၄ ခုနှစ်အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်  မေ  ၇

    ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ၂၀၂၄ ခုနှစ်   (World Immunization Week)  အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင်  နေပြည်တော် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊   နေပြည်တော် ကောင်စီဝင်များ၊   နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှု    ကြီးကြပ်ရေးအဖွဲ့ နာယက၊   ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  နေပြည်တော်  အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊  နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊    ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊  ရောဂါနှိမ်နင်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ညွှန်ကြား ရေးမှူး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခဆရာဝန်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့်မိခင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ယခုနှစ်   ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ ဆောင်ပုဒ်မှာ “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော   ရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး  ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း လုပ်ငန်းဖြင့် ကလေးများ၏   အနာဂတ်ဖွံ့ဖြိုး တိုးတက်စေရန်  ရည်ရွယ်ခြင်းဖြစ်ကြောင်း   ပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးရေး  ရက်သတ္တပတ် အထိမ်းအမှတ် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပတ်သက်သည့်  မှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက်  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် အသက် ၅ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများနှင့်  အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ယမန်နေ့ နံနက်ပိုင်းက Public Trans-portation နှင့်  နေပြည်တော်အတွင်း EV Bus ကားများ ပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ကျင်းပရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိုင်ငံတော်အစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် နိုင်ငံခြားမှ ဝယ်ယူတင်သွင်းနေရသည့် လောင်စာဆီများ လျော့နည်းသက်သာစေရန်နှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ လောင်စာဆီစွမ်းအားနှင့် အသုံးပြုနေသည့် မော်တော်ယာဉ်များအစား   လျှပ်စစ်စွမ်းအားသုံးယာဉ် (EV)များကို အစားထိုးအသုံးပြုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊   တက်ရောက်လာကြသူများ အနေဖြင့် နေပြည်တော်အတွင်းရှိ Public Transportation  ဆောင်ရွက်နေသည့် လက်ရှိအခြေအနေများနှင့် လျှပ်စစ်စွမ်းအားသုံးယာဉ် EV Bus ကားများဖြင့် ပြေးဆွဲပေးနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က  EV Bus  မော်တော်ယာဉ်လိုင်း ပြေးဆွဲရန် Pilot Project ရေးဆွဲခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန နေပြည်တော်မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ    ထိန်းသိမ်းရေး ကော်မတီ(မြို့တွင်း)၊  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး  ဦးဆောင်ကော်မတီ၊ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ(စက်မှုပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာန)တို့မှ တာဝန်ရှိသူများက နေပြည်တော်အတွင်းရှိ Public Trans-portation အတွက်   လမ်းကြောင်းများ လျာထား ဆောင်ရွက်ထားရှိသည့်  အခြေအနေများနှင့် လျှပ်စစ်သုံး EV Bus ကား များဖြင့် ပြေးဆွဲပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ နည်းပညာတက္ကသိုလ်၊    Naypyitaw State Academyတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်   နေပြည်တော်ပညာရေးမှူးတို့က ကျောင်းသား၊   ကျောင်းသူများ ကျောင်းတက်ရောက်၍ ပညာသင်ကြားနေမှ အခြေအနေများနှင့် ယာဉ်လိုင်းများပြေးဆွဲပေးရန်   လိုအပ်မှု အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။