ရန်ကုန်မြို့ကို လေယာဉ်ဖြင့်ကြည့်ရှုနိုင်မည့် ခရီးစဉ်နှင့် မြစ်အတွင်း ညနေဆည်းဆာအလှအား သင်္ဘောဖြင့် ကြည့်ရှုနိုင်မည့်ခရီးစဉ်များကို ဒီဇင်ဘာလကုန်တွင် စတင်နိုင်ရန်မျှော်မှန်းထား

ရန်ကုန်၊ ခရီးသွား

ရန်ကုန်မြို့ကို ဝေဟင်မှ လေယာဉ်ဖြင့် ကြည့်ရှုနိုင်မည့်ခရီးစဉ်နှင့် ရန်ကုန်မြစ်အတွင်း ညနေဆည်းဆာ အလှအား သင်္ဘောဖြင့် ကြည့်ရှုနိုင်မည့် ခရီးစဉ်များကို ဒီဇင်ဘာလကုန်တွင် စတင်နိုင်ရန် မျှော်မှန်းထား ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါခရီးစဉ်နှစ်ခုသည် COVID-19 ရောဂါကာလအလွန် မြန်မာ့ခရီးသွား လုပ်ငန်းများ စတင်ချိန်တွင် ကြိုတင်ပြင်ဆင်နိုင်ရန် ကနဦးစမ်းသပ်ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး လက်ရှိ ယင်းခရီးစဉ်နှစ်ခု အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး စံသတ်မှတ်ချက်များ အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ ပဏာမခရီးစဉ်နှစ်ခုအတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ စည်းကမ်းသတ်မှတ်ချက်များအား စမ်းသပ်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့် ခွင့်ပြုချိန်တွင် ကြိုတင်ပြင်ဆင်နိုင်မည့် အခြေအနေများကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စံသတ်မှတ်ချက်များကိုသိရှိပါက လေကြောင်းလိုင်းများနှင့် ထပ်မံဆွေးနွေး ရမည်ဖြစ်ကြောင်း သိရသည်။

“ဒီခရီးစဉ်နှစ်ခုက အခုလိုကာလအတွင်းမှာ နယ်ကျော်ဖြတ်သန်းသွားလာဖို့ခက်ခဲနေချိန် အဆင်ပြေမယ့် အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းကမ်းချက်တွေက တိကျ ခိုင်မာဖို့တော့ လိုပါတယ်။ ဒါမှလည်း စနစ်တကျဖြစ်မယ်။ ခရီးသွားလုပ်ငန်းတွေ လည်ပတ်ရင် ဒါက ပဏာမစမ်းသပ်မှုတစ်ခု လည်းဖြစ်မယ်။ လေကြောင်းလိုင်းတွေနဲ့ ဆွေးနွေးရမယ်။ မြစ်ကြောင်းပြေးဆွဲဖို့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ရမယ်။ ဒါတွေ ကျန်နေသေးပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းမှာ စတင်နိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု    အဆိုပါ အသင်းဥက္ကဋ္ဌ  ဦးနောင်းနောင်းဟန်က ပြောသည်။

ထိုခရီးစဉ်နှစ်ခုအနက် ရန်ကုန်မြို့ အလှအပများကို ဝေဟင်မှ လေယာဉ်ဖြင့် ကြည့်ရှုနိုင်မည့်ခရီးစဉ်အတွက်    အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်ကျသင့်မည်ဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ညနေဆည်းဆာအလှကို  သင်္ဘောဖြင့်ကြည့်ရှုနိုင်မည့် ခရီးစဉ်အတွက် ငွေကျပ်  ၁၅၀၀၀ ကျသင့် မည်ဖြစ်ကြောင်း သိရသည်။      

 စိုးမိုး