ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်သို့ သွေးလုံးရေ ၈၀ ကျော်လှူဒါန်း

ပခုက္ကူ၊ လူမှုရေး

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက် ရှိသည့် လူနာများအတွက် သွေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သွေးလှူရှင် အသင်းများ စုပေါင်းပြီး ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အဆိုပါဆေးရုံ အမျိုးသား သွေးလှူဘဏ်သို့ သွေးလုံးရေ ၈၀ ကျော် လှူဒါန်းကြကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းအနေနဲ့ သွေးလုံးရေ ၁၈ လုံးလှူဒါန်းနိုင်ခဲ့ပါတယ်။ ဆေးရုံကြီးမှာ တက်ရောက် ဆေး ကုသမှုခံယူနေတဲ့ လူနာတွေအတွက် တကယ်လို့ သွေးအသုံးပြုဖို့ လိုအပ်ခဲ့ရင် အဆင်သင့်ရှိစေနိုင်ဖို့အတွက် ရည်ရွယ်လှူဒါန်းကြတာပါ။ အသင်းဖွဲ့တာ လေးနှစ်ပဲရှိသေးတယ်ဆိုပေမယ့် အသင်းသူ၊ အသင်းသားတွေ စည်းလုံးကြတာကြောင့် အခုလိုစုပေါင်း သွေးလှူတာအပြင် အချို့နွေရာသီရေရှားတဲ့ကျေးရွာတွေကိုလည်း သွားရောက်ပြီး သောက်သုံးရေတွေ လှူဒါန်းဖြစ်ကြပါတယ်” ဟု ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စုရွာနောင်ကျေးရွာ   သမဂ္ဂသုခကာရီသွေးလှူရှင်အသင်း တာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

သွေးများလှူဒါန်းမှုကို ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု ရွာနောင်ကျေးရွာမှ သမဂ္ဂသုခကာရီသွေးလှူရှင်အသင်း၊ ရေစကြိုမြို့နယ်မှ မွန်မြတ်သွေးလှူရှင်အသင်း၊ ပုဂံ-မြင်းကမ္ဘာကျေးရွာမှ မြတ်စေတနာ သွေးလှူရှင်အသင်း၊ ငါ့သရောက်မြို့မှ ကမသွေးလှူရှင်အသင်း စသည့်သွေးလှူရှင်အသင်း လေးသင်းစုပေါင်းပြီး သွေးလုံးရေ ၈၀ ကျော် လှူဒါန်းကြကြောင်း သိရသည်။

ဆလိုင်းကိုကီး