ပြည်သူအကျိုးပြု တောင်သူအထူးပြု မြေပဲသွင်းအားစု
ပြည်တွင်း၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ စေ့ဆီများကို အသုံးပြုလေ့ရှိရာ ယခုနောက်ပိုင်းတွင် စားအုန်းဆီအစား မြေပဲဆီကို ပိုမိုစားသုံးလာကြသည်။ မြေပဲကို ဆီကြိတ်ခွဲ၍ ဆီအဖြစ်စားသုံးခြင်းနှင့် မြေပဲကိုလှော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးနိုင်ပြီး အခြား မုန့်ပဲသရေစာများပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ မြေပဲဆီအဖြစ် ကြိတ်ခွဲရာတွင် မြေပဲအခွံပါ တစ်တင်းကို ဆီကြိတ်လျှင် မြေပဲဆီနှစ်ပိဿာခန့် ထွက်ရှိပြီး မြေပဲဆန် ပိဿာ ၁၀၀ ကြိတ်ခွဲလျှင် ဆီ ပိဿာ ၄၀ ထွက်ရှိသည်ဟု သိရသည်။ ဆီကြိတ်ပြီးထွက်ရှိသော မြေပဲဖတ်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ မြေပဲကြိတ်ဖတ်သည် အခြားဆီကြိတ်ဖတ်များထက် နိုက်ထရိုဂျင်ဓာတ် ပိုမိုပါဝင်သည်ဟု သိရသည်။
မြေပဲကို ကျွန်းနှင့်ကုန်းမြေပဲဟူ၍ စိုက်ပျိုးလေ့ရှိပြီး နေပြည်တော်တပ်ကုန်း၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် စသည့် ဒေသတို့၌ စိုက်ပျိုးလေ့ရှိသည့်မြေပဲများကို ကုန်းမြေပဲများဟု ခေါ်ပြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နှင့် ဗန်းမော်၊ ကသာစသည့်ဒေသတို့၌ စိုက်ပျိုးသည့် မြေပဲများကို ကျွန်းမြေပဲဟုခေါ်ကြောင်း သိရသည်။
မြေပဲစတင်စိုက်ပျိုးသည့်ဒေသ
မြေပဲကို တောင်အမေရိကတိုက်ရှိ ဘရာဇီးမှ တစ်ဆင့် အာဂျင်တီးနား၊ မြောက်အမေရိကမှတစ်ဆင့် ကမ္ဘာအနှံ့သို့ပျံ့နှံ့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ မြေပဲသီးနှံကို ၁၈၈၅ ခုနှစ်ခန့်က အိန္ဒိယမှတစ်ဆင့် မကွေးတိုင်းသို့ ရောက်ရှိလာခဲ့သည်။ မကွေးတိုင်း ဒေသကြီးမှတစ်ဆင့် မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိခဲ့ပြီး အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ပိုမိုစိုက်ပျိုး၍ အောင်မြင်ကြသည်။
မြေပဲအသုံးဝင်ပုံ
မြေပဲသီးနှံကို စားသုံးဆီအတွက် အများဆုံးစိုက်ပျိုး ထုတ်လုပ်ကြသည်။ သို့ရာတွင် အချို့မှာမူ သရေစာအဖြစ်ဖြင့် မြေပဲစေ့အတိုင်း စားသုံးကြသည်။ အနောက်နိုင်ငံများတွင် မြေပဲထောပတ် (ခေါ်) မြေပဲဆီမှ ပြုလုပ်သော ထောပတ်ကို ဟင်းချက်ရာတွင် အသုံးပြုကြသည်။ ပြည်တွင်း၌လည်း မြေပဲဆန်ဖြင့် စားသောက်ကုန်မျိုးစုံ အသုံးပြုပြီး ထုတ်လုပ်လျက်ရှိသည့် အပြင် မြေပဲပင်မှ ထွက်ရှိသော အမှော်၊ အရွက်၊ အရိုး၊ အမြစ်၊ အခွံများကိုလည်း စိုက်ခင်းသုံး သွင်းအားစု ဓာတ်မြေသြဇာနှင့် တိရစ္ဆာန်အစားအစာ အဖြစ် အသုံးပြုကြသည်။ မြေပဲဆီသည် လူသားတိုင်းအတွက် ကောင်းကျိုးများစွာပေးနိုင်သော ကျန်းမာရေး ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးဖြစ်သည်။ ယခုအချိန်တွင် စားသုံးသူများသည် ကျန်းမာရေး အဆင့်အတန်းမြင့်မားလာပြီး လူ့ဘဝသက်တမ်းစေ့နေနိုင်ရေးအတွက် ရောဆီ၊ စားအုန်းဆီများအစား မြေပဲဆီ ကိုအစားထိုး၍ တွင်တွင်ကျယ်ကျယ် သုံးစွဲလျက်ရှိ၍ မြေပဲသီးနှံကို ပြည်တွင်း၌ အမြောက်အမြား စိုက်ပျိုးကြသည်။ မြန်မာတို့ မီးဖိုချောင်တွင် အခြေခံစားကုန်အဖြစ် စားသုံးဆီကို ဒုတိယနေရာတွင် သုံးစွဲလျက်ရှိသည်။ မြေပဲတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီများစွာ ပါဝင်သဖြင့် အစားအစာများတွင် ထည့်သွင်းသုံးစွဲနိုင်သော အဖိုးတန်သီးနှံမြေပဲဖြစ်သည်။
မြေပဲပင်သည် အထူးမိုးခေါင်ခံသော သီးနှံဖြစ်၍ မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် အထူးတလည် စိုက်ပျိုးသောကြောင့် ကောင်းမွန်သည်။ ထို့ကြောင့် မိုးနည်းပါးသော ဒေသများ၌ မြေပဲကို အမြောက်အမြား စိုက်ပျိုးကြသည်။ မြေပဲသီးနှံအများဆုံး စိုက်ပျိုးရာ အရပ်ဒေသများမှာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်းရပ်ဝန်းဒေသများ ဖြစ်သော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အများအပြား စိုက်ပျိုးကြသည်။ မြေပဲကို ရေဝပ်နုန်းစေးမြေ အမျိုးအစားတွင် စိုက်ပျိုးပါက မဖြစ်ထွန်းပါ။ နုန်းမြေနှင့် သဲနုန်းမြေတို့တွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သည်။ မြေပဲသီးနှံစိုက်ပျိုးရာတွင် ရာသီနှင့်ဒေသအလိုက် တစ်ဧကအထွက်နှုန်းမှာ ကွဲပြားခြားနားမှုရှိသည်။ မြေပဲမျိုးရွေးချယ် စိုက်ပျိုးရာတွင် ဆင်းပဒေသာ(၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀)နှင့် မကွေး(၁၁/၁၅)မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြသည်။
မြေပဲအမျိုးအစားနှင့်သက်တမ်းကာလ
မြန်မာနိုင်ငံတွင် မြေပဲကို ပင်ထောင်နှင့်ပင်ပြန့်ဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ပင်ပြန့်မြေပဲ၏အသက်မှာ ခြောက်လမှ ခုနစ်လခန့်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသများတွင် အကြီးအကျယ် စိုက်ပျိုးကြသည်။ ပင်ထောင်မြေပဲမှာ သက်တမ်းသုံးလမှ သုံးလခွဲခန့်ရှိပြီး မိုးအခါ၌ လည်းကောင်း၊ ဆောင်းအခါ၌ လည်းကောင်း စိုက်ပျိုးနိုင်ပြီး အထူးသဖြင့် ဆောင်းရာသီတွင် မြစ်ရေဝင်ကိုင်းကျွန်းမြေများတွင် အများဆုံး စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင်လည်း မြေပဲသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ တောင်သူများအတွက် စိုက်ပျိုးရ လွယ်ကူပြီး အထွက်နှုန်းကောင်း၍ ဈေးကောင်းရှိသော ဆောင်းသီးနှံမြေပဲကို အများအပြား စိုက်ပျိုးကြသည်။ မြေပဲသီးနှံကို စိုက်ပျိုးရာတွင် ဒေသ၊ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို အသုံးပြု၍ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရမည်ဖြစ်သည်။ ထိုသို့ စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း တောင်သူပညာပေး လုပ်ငန်းများကို စိုက်ကွင်းများအရောက် နည်းပညာဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ မိမိတို့နိုင်ငံသည် နှစ်စဉ်ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းဆီထွက်သီးနှံ ထွက်ရှိမှု လုံလောက်စေရန်အတွက် တောင်သူများ အနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့် ဆီအုန်းသီးနှံများ သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပေသည်။
ဆီစားသုံးသူ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ ဝင်ငွေနှင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် ဆီအမျိုးအစားကိုသာ ရွေးချယ်သင့်ပေသည်။ ဆီ၏အဓိကတာဝန်မှာ ကိုယ်ခန္ဓာအတွက် စွမ်းအင်ပေးခြင်းဖြစ်သည်။ နေ့စဉ်စားသုံးနေကြသည့် အစားအသောက်များတွင် ပြည့်ဝဆီ (Saturated fat)၊ မပြည့်ဝဆီ (Unsaturated fat) နှင့် Trans fat (အသွင်ပြောင်းဆီ) ဟူ၍သုံးမျိုးရှိသည်။ ပြည့်ဝဆီ((Saturated fat))ကို အသားအမျိုးမျိုးမှရရှိပြီး မပြည့်ဝဆီ(Unsaturated fat))ကို ဟင်းသီးဟင်းရွက်များမှ ရရှိနိုင်သည်။ Transfat (အသွင်ပြောင်းဆီ)များကိုမူ ထုပ်ပိုးထားသော အသင့်စား အစားအသောက်များမှ ရရှိသည်။ အဆိုပါဆီသုံးမျိုးတွင် မပြည့်ဝဆီ(Unsaturated fat)) များသည် ကျန်းမာရေးအတွက် အမှန်တကယ် အကျိုးပြုသော အဆီတစ်ခုဖြစ်သည်။ မပြည့်ဝဆီ (Unsaturated fat)သည် မိမိတို့ကျန်းမာရေးကို အကျိုးပြုသည်ဖြစ်ရာ ကိုယ်ခန္ဓာအတွင်း အကျိုးမပြုသည့် Low Density Lipoprotein (LDL) ကိုလက်စထရောကို လျှော့ချပေးသည်။ သုတေသနတွေ့ရှိချက်များ အနေဖြင့် မြန်မာနိုင်ငံရှိ ဈေးကွက်များမှ ရရှိနိုင်သည့် စားသုံးဆီအမျိုးမျိုးတွင် ပါဝင်သော ကိုလက်စထရောပမာဏများမှာ
- စားအုန်းဆီ - ၁၂၁၉. ၂ mg/ l
- ပဲပိစပ်ဆီ - ၁၀၃၅ .၄ mg/ l
- နေကြာဆီ - ၁၂၉၄ .၆ mg/ l
- နှမ်းဆီ - ၁၈၇၅ .၄ mg/ l
- မြေပဲဆီ - ၁၃၂၁ .၂ mg/ l တို့ဖြစ်သည်။
ထို့ကြောင့် မြေပဲဆီသည် ကျန်းမာရေးနှင့်ညီညွတ်သော ဆီဟုဆိုနိုင်ပေသည်။ မြေပဲသီးနှံသည် ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်အဖြစ် ကုန်သွယ်မှုပြုလုပ်၍ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသောသီးနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ပြည်တွင်း၌ စားသုံးသူများပြားပြီး စိုက်ပျိုးထုတ်လုပ်သည့် စိုက်ဧကနည်းပါး၍ စားသုံးဆီကို စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများက ဝယ်ယူသုံးစွဲရခြင်းဖြစ်ပါ၍ ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ခိုင်မာမှုရှိပြီး ဈေးကောင်းရရှိနေသည့် ဆီထွက်သီးနှံမြေပဲကို စိုက်ပျိုး၍ ရရှိသည့်မြေများတွင် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးစေလိုကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။ ။
ဘရဏီမောင်