ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်(၃)

ဤဆောင်းပါးကို ဖော်ပြရန်ကျန်ရှိသော ရန်ကုန်တက္ကသိုလ်မှ အခြေခံသိပ္ပံပညာ ထူးချွန်ဆုရ ရောင်းရင်း များနှင့် အစပြုလိုပါသည်။

သိပ္ပံချွန်များ

ကျွန်တော်တို့ရရှိခဲ့ကြသော အခြေခံ သိပ္ပံပညာချွန်ဆုကို ၁၉၆၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပါသည်။ ထိုစဉ်က  ပညာရေးဝန်ကြီးမှာ ဒေါက်တာညီညီဖြစ်၏။ ပညာရေးဝန်ကြီး သာယာဝတီဘက်သွားသည့် ခရီးစဉ်တွင် အထက်တန်းကျောင်းကို သွားရောက်စစ်ဆေးစဉ် သင်္ချာအလွန်ထူးချွန်သော ကျောင်းသားငယ်တစ်ဦးကို တွေ့ရှိရာမှ ဤစီမံကိန်းအစပြုသည်ဟု ကြားသိရသည်။

ကမ္ဘာပေါ်တွင် ထူးချွန်သော သိပ္ပံပညာရှင်များ၏ သုတေသနပြုမှုများမှ အသစ် အသစ်တွေ့ရှိချက်များကို အတတ်ပညာရှင်များ၊ အင်ဂျင်နီယာများက လူတို့အတွက် အသုံးချနိုင်အောင်ကြိုးပမ်းကြရာမှ ကမ္ဘာလောက ကြီး ခေတ်မီတိုးတက်လာခြင်းဖြစ်၏။ နတ်ဒေဝါများဖန်ဆင်း၍ ပေါ်ပေါက်လာသည်အလား ထင်မှားစရာပေ။ သိပ္ပံ ပညာရှင်များသည် သဘာဝတရားကြီးကို စူးစမ်းရင်း၊ လျှို့ဝှက်ချက်များကိုဖော်ထုတ်ရင်း လူ့လောက အကျိုးဆောင်ကြခြင်းဖြစ်၏။

မြန်မာနိုင်ငံတွင်မူ အခြေခံပညာအထက်တန်းအောင်၍ အဆင့်မြင့်ပညာကူးပြောင်း ကြတော့မည်ဆိုလျှင် ထူးချွန်သူများကို မိဘဘိုးဘွားများက ဆရာဝန်ဖြစ်စေချင်ကြ၏။ ဆရာဝန်များ၏ လူ့အသက်ကယ်တင်နိုင်မှု၊ ဂုဏ်သိက္ခာမြင့်မားမှု၊ လူ့ကျန်းမာရေး အထောက်အကူပြုနိုင်မှု စသည်တို့ကို လိုလားကြသည်လေ။ လူကြီး သူမများ၏ လိုလားချက်အရ ဆရာဝန်ဖြစ်လာကြပြီးနောက် ဆရာဝန်အလုပ် မလုပ်ဖြစ်ကြသူ၊ အခြားနည်းဖြင့် ထင်ရှားကျော်ကြားနေကြသူ အမြောက်အမြား ရှိနေသည်ကိုကြည့်လျှင် အမှန်တကယ်ဝါသနာပါပါလျက် ဆယ်တန်းရမှတ်တစ်မှတ်၊ နှစ်မှတ်လိုရုံမျှဖြင့် ဆေးကျောင်းတက်ခွင့်မရသူများအတွက် ဝမ်းနည်းစရာပါပေ။

ပညာရေးဝန်ကြီး ဒေါက်တာညီညီက သိပ္ပံပညာထူးချွန်သူများ ပေါ်ပေါက်လာစေရန် အခြေခံသိပ္ပံပညာ ချွန်ဆု ကို သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ် သုံးခုအတွက် တစ်ဘာသာလျှင် ၂၀ ဦးစီ ဆုချီးမြှင့်ရန် စီစဉ်ခေါ် ယူခဲ့ခြင်းဖြစ်သည်။ ကန့်သတ်ချက်မှာ အနည်းဆုံး ထိုဘာသာရပ်သုံးခုဂုဏ်ထူးရရှိပြီး အဓိကယူမည့် ဘာသာ ရပ်တွင် အမှတ် ၉၀ ကျော်ရမည်ဖြစ်သည်။

ပထမအသုတ်တွင် သင်္ချာလေးဦးနှင့် ရူပဗေဒနှစ်ဦးရရှိခဲ့ပြီး ဓာတုဗေဒမရှိခဲ့ပါ။ သင်္ချာလေးဦးကို ဖော်ပြပြီး ဖြစ်သည်။ ရူပဗေဒထူးချွန် နှစ်ဦးမှာ ကိုအောင်မြင့်နှင့် ကိုကျော်ကျော်လှိုင်(Smart ဦးကျော်ကျော်လှိုင်) တို့ဖြစ်၏။ ဒုတိယအသုတ် ၁၉၇၀ တွင်  သင်္ချာ ခြောက်ဦးကိုဖော်ပြပြီးဖြစ်၏။ ရူပဗေဒ ငါးဦးမှာ ကိုကျော်ဌေး (ငါးထပ်ကွမ်း လူရည်ချွန်၊ လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ ဗဟိုအလုပ်အမှုဆောင်)၊ ကိုသိန်းထွန်း(ဒေါက်တာ သိန်းထွန်း၊ ပါမောက္ခ၊ ငြိမ်း)၊ ကိုသိန်းလွင်(ပြည်ပ)၊ မခင်ဆွေမြင့်(ဒေါက်တာခင်ဆွေမြင့်၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ငြိမ်း)နှင့် မခင်လေးကြည် (ပြည်ပ)တို့ဖြစ်၏။

ဓာတုဗေဒ သုံးဦးမှာ  ကိုမောင်ဆန်း (ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ငြိမ်း)၊ ကိုအုံးမောင်(ကထိက၊ ငြိမ်း)၊ မတင် တင်နွဲ့(ကထိက၊ငြိမ်း)တို့ဖြစ်၏။ တတိယအသုတ် ၁၉၇၁ မှ သင်္ချာ ၁၁ ဦးကို ဖော်ပြပြီးဖြစ်၏။ ရူပဗေဒ လေးဦး မှာ မခင်အေး  (ဒေါက်တာ  ဒေါ်ခင်အေး၊ ပါမောက္ခ၊ ငြိမ်း)၊ မနန်းခင်အေး(ဒေါက်တာ နန်းခင်အေး၊ ပါမောက္ခ၊ငြိမ်း)၊ ကိုတက်တိုး (ထိုင်းနိုင်ငံ၊   အဆမ်းရှင်းတက္ကသိုလ်)၊ ကိုအောင်မင်း (အကောက်ခွန်၊ငြိမ်း)တို့ ဖြစ်၏။ ဓာတုဗေဒ သုံးဦးမှာ ကိုမြင့်စိုး(ကထိက၊ ငြိမ်း)၊ ကိုစိုးမြင့်(သင်တန်းရေးရာဌာနမှူး၊ငြိမ်း)၊ မမေနှင်း (ကွယ်လွန်)တို့ဖြစ်၏။

ကျွန်တော်တို့ စတုတ္ထအသုတ် (၁၉၇၂)မှ သင်္ချာ ၂၀ ဦး အကြောင်းဖော်ပြပြီးဖြစ်၏။ ရူပဗေဒ ၂၀ ဦးမှာ ကိုသိန်းဝင်း(ဒေါက်တာ သိန်းဝင်း၊ ဂျာမနီ)၊ မနွယ်နွယ်အေး (ကထိက၊ငြိမ်း)၊  ကိုမြသန်း(ဆက်သွယ်ရေး၊ငြိမ်း)၊ ကိုသိန်းဝေ (Top သိန်းဝေ)၊ မတင်အုန်းကြည်(ကထိက၊ ငြိမ်း)၊ ကိုအေးသောင်း(ကွယ်လွန်)၊ ကိုမျိုးသန့် (ကွယ်လွန်)၊ ကိုစောလှမောင်(ဒေါက်တာစောလှမောင်၊ တွဲဖက်ပါမောက္ခ၊ငြိမ်း)၊ ကိုကျော်တင့် (ဒေါက်တာ ကျော်တင့်၊ အမေရိကန်)၊ ကိုမြင့်ဦး(တွဲဖက်ပါမောက္ခ၊ငြိမ်း)၊ ကိုတင်ထွန်း (ဒေါက်တာတင်ထွန်း၊ ပါမောက္ခ၊ ငြိမ်း)၊ မကျင်စိန်(ကွယ်လွန်)၊ ကိုသက်ထွန်းအောင် (ပါမောက္ခချုပ်၊ငြိမ်း)၊ မခင်မာကြူ(ဒေါက်တာခင်မာကြူ၊ ပါမောက္ခ၊ ငြိမ်း)၊ ကိုကျော်မြင့် (စစစ၊ စုံစမ်းရေးမှူး၊ငြိမ်း)၊ ကိုမောင်ဝင်း(ဒေါက်တာဦးဝင်း၊ ပါမောက္ခ၊ငြိမ်း)၊ ကိုလှချို (ပုံနှိပ်လုပ်ငန်း)၊ ကိုကံညွန့် (ဒုကျောင်းအုပ်၊ငြိမ်း)၊ မယဉ်ယဉ်နွဲ့(အထက်တန်းပြ၊ငြိမ်း)၊ စောကျော် ဇေယျ(ဒုလ/ထအင်ဂျင်နီယာ၊ ငြိမ်း)တို့ဖြစ်၏။  ဓာတုဗေဒ ရှစ်ဦးမှာ မအေးအေးမြင့် (ဒေါက်တာအေးအေးမြင့်၊ ပါမောက္ခ၊ ငြိမ်း)၊ ကိုကျော်မျိုးနိုင်(ဒေါက်တာကျော်မျိုးနိုင်၊ ပါမောက္ခ၊ ငြိမ်း)၊ မနန့်နီနီစိန် (ဒေါက်တာနီနီစိန်၊   ပါမောက္ခ၊ ငြိမ်း)၊ ကိုသန်းထွန်း(သရုပ်ပြ၊ ငြိမ်း)၊  မထူးထူးအောင် (ကထိက၊ငြိမ်း)၊ ကိုခင်မောင်ထွေး (ပြည် တွင်းအခွန် ဒုညွှန်မှူး၊ ငြိမ်း)၊ ကိုချိုသာ (သရုပ်ပြ၊ ငြိမ်း)၊ မဖြူဖြူအေး(စာရေးဆရာ)တို့ဖြစ်၏။

ပဉ္စမအသုတ်(၁၉၇၃) မှ သင်္ချာ ၁၁ ဦးမှာ ကိုခင်မောင်ဆွေ(နိုင်ငံရေးတက်ကြွသူ)၊ ကိုမင်းအောင်  (ဒေါက်တာ မင်းအောင်၊ ထိုင်းနိုင်ငံ အဆမ်းရှင်းတက္ကသိုလ်)၊ ကိုတင်ထွန်းအောင် (ဒေါက်တာတင်ထွန်းအောင်၊ ဥက္ကဋ္ဌ၊ အကြီးတန်းအကြံပေး)၊ မခင်စန်းနွဲ့ရီ (လက်ထောက်ကထိက၊ငြိမ်း)၊ ကိုဝင်းအောင်(သင်္ဘောကပ္ပတိန်၊ငြိမ်း)၊ ကိုဆန်းအောင်ရင် (တွဲဖက်ပါမောက္ခ၊ ငြိမ်း)၊ ကိုသက်ခိုင် (ဒေါက်တာသက်ခိုင်၊ ပါမောက္ခ၊ ငြိမ်း)၊ ကိုရွှေကျော် (ဒေါက်တာရွှေကျော်၊ ငြိမ်း)၊ မတင်တင်ထွေး၊ မတင်တင်မြင့် (ကထိက၊ ငြိမ်း)၊ ကိုမောင်မောင်စိန် (သင်္ဘောကပ္ပတိန်၊ ငြိမ်း)တို့ဖြစ်၏။ ရူပဗေဒ ငါးဦးမှာ မန်းသိန်းထွန်း (ကထိက၊ငြိမ်း)၊ ကိုကိုဦး(ကွယ်လွန်)၊   မညွန့်ညွန့်ဌေး(ဒေါက်တာညွန့်ညွန့်ဌေး၊ ပါမောက္ခ၊ငြိမ်း)၊ မခင်ဆွေသန်း(ကထိက၊ ငြိမ်း)၊ မမြင့်မြင့်သန်း (ကွယ်လွန်) တို့ဖြစ်ကြ၏။ ဓာတုဗေဒလေးဦးမှာ ကိုသန်းကို(ကွယ်လွန်)၊ မချိုချို (ကထိက၊ငြိမ်း)၊ ကိုကျော်ငြိမ်း (ကထိက၊ငြိမ်း)နှင့် ကိုကျော်မြင့်တို့ဖြစ်၏။

ဆဋ္ဌမအသုတ်(၁၉၇၄) သင်္ချာ ရှစ်ဦးမှာ ကိုဌေးလှိုင်(ကထိက၊  ငြိမ်း)၊ ကိုမြင့်ခင် (ဒေါက်တာမြင့်ခင်၊ ပါမောက္ခ၊ ငြိမ်း)၊ ကိုဌေးအောင်(ကွယ်လွန်)၊ ကိုအောင်ကျော်ဦး (ကထိက၊ငြိမ်း)၊ ကိုကြည်ဝင်း၊ မစန်းမြင့်ကြည်(ကထိက၊ ငြိမ်း)၊ ကိုအေးဝေ(ကထိက၊ ငြိမ်း)၊  မရီရီစန်း(နည်းပြ၊ငြိမ်း) တို့ဖြစ်၏။ ရူပဗေဒ မရှိပါ။ ဓာတုဗေဒ သုံးဦးမှာ  ကိုဝင်းအောင်(ကထိက၊ ငြိမ်း)၊ မခင်စန်းဝင်းနှင့် ကိုစိုးလင်း(သာသနာ့ဘောင်ဝင်)တို့ဖြစ်၏။

သတ္တမအသုတ်(၁၉၇၅) သင်္ချာ ၂၀ ဦးမှာ မသန်းသန်းအေး(ဆက်သွယ်ရေး၊ လ/ထမန်နေဂျာ၊ငြိမ်း)၊ ကိုကျင်မြ၊ မသန်းသန်းဝင်း(တွဲဖက်ပါမောက္ခ၊ငြိမ်း)၊ ကိုမျိုးမြင့်သန်း (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)၊ မနွယ်နီမြင့် (သစ်တောကွန်ပျူတာ၊ ငြိမ်း)၊ မလှလှဝင်း (ဒေါက်တာလှလှဝင်း၊ ပါမောက္ခ၊ ငြိမ်း)၊ မဝင်းကြည်(ဒေါက်တာ ဒေါ်ဝင်းကြည်၊ ပါမောက္ခ၊ ငြိမ်း)၊ မကြူကြူ (လက်ထောက်ကထိက၊ ငြိမ်း)၊ မစမ်းစမ်းအေး (လက်ထောက် ကထိက၊ ငြိမ်း)၊ မမိမိလေး(ဂရပ်ဖစ်ဒီဇိုင်နာ)၊ ကိုငွေလင်း၊ မခင်ဝင်းညွန့်၊ မသန်းဌေး၊ မစန်းစန်းမွန် (ဒေါက်တာ စန်းစန်းမွန်၊ ပါမောက္ခ၊ငြိမ်း)၊ ကိုချိုကြီး (တွဲဖက်ပါမောက္ခ၊ငြိမ်း)၊ မအိ(ကထိက၊ငြိမ်း)၊ မမြင့်အေး၊ မခင်အေး အေး (ဒေါက်တာဒေါ်ခင်အေးအေး၊ ပါမောက္ခချုပ်၊ ငြိမ်း)၊ ကိုရွှေမောင်၊ ကိုချိုသွင်ထွန်းတို့ဖြစ်၏။

ရူပဗေဒ ၁၉ ဦးမှာ ကိုစိုးသိမ်း(ရုပ်ရှင်လုပ်ငန်း)၊ ကိုရွှေဗျိုင်း(သာသနာ့ဘောင်ဝင်)၊ မစီစီဌေး(ပါမောက္ခ၊ ငြိမ်း)၊    ကိုနေဒွန်းအောင်၊ မဖြူဖြူခင်(ထိုင်းနိုင်ငံ အဆမ်းရှင်း တက္ကသိုလ်)၊ ကိုခင်မောင်အေး(ကွယ်လွန်)၊ မဝင်းဝင်းခိုင် (ဒေါက်တာ ဒေါ်ဝင်းဝင်းခိုင်၊ ပါမောက္ခ၊ ငြိမ်း)၊ ကိုအောင်ကြီးညွန့်၊ မဝေေ၀သိန်း (ဒေါက်တာဒေါ်ဝေေ၀သိန်း၊ တွဲဖက်ပါမောက္ခ၊ ငြိမ်း)၊   မခင်သက်ဇင် (ဒေါက်တာခင်သက်ဇင်၊ ကွယ်လွန်)၊ မခင်ဝင်းနွယ်၊ မသန်းသန်းဌေး၊ ကိုစိုင်းအောင်ခင်(ခရိုင်ပညာရေးမှူး၊ ငြိမ်း) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ မရင်ရင်သန်း(သရုပ်ပြ၊ငြိမ်း)၊ ကိုနေဦး(ဒေါက်တာနေဦး၊ပြည်ပ)၊ မသန်းသန်းမြင့် (ဒေါက်တာသန်းသန်းမြင့်၊ ပါမောက္ခ၊ငြိမ်း)၊ ကိုသောင်းအေး (စစစ၊ ဦးစီးအရာရှိ၊ ငြိမ်း)၊   မနီနီလွင် (ဒေါက်တာနီနီလွင်၊  ပါမောက္ခ၊  ငြိမ်း)၊ ကိုသာထွန်းအောင် (ကုန်သည်) တို့ဖြစ်၏။

ဓာတုဗေဒ ၂၀ ဦးမှာ မသန်းသန်းဌေး(အထပြ၊ငြိမ်း)၊ ကိုလင်းမြင့်၊ မမြင့်မြင့်ခိုင်၊ မနှင်း၊ မခင်ဝင်း၊ မနီလာ သိန်းမြင့်၊ မကြည်ကြည်ဝင်း၊ ကိုအောင်ကျော်ရှိန်၊ ကိုမျိုးသန့်ဆွေ၊ မမာမာမြင့်၊ မမြင့်မြင့်စမ်း၊ မခင်ဝင်းကြည်၊ မသန်းသန်းမြင့်၊ ကိုဌေးဝင်း၊ မချိုမာဝင်း၊ မသီတာထွဋ်၊  မဆွေဆွေသန်း၊ ကိုအေးမြင့်၊ မသက်သက်လွင်နှင့် ကိုကျော်ရှင်းတို့ဖြစ်၏။

သတ္တမအသုတ် သင်္ချာမှ ကိုမျိုးမြင့်သန်းမှာ ရန်ကုန်တက္ကသိုလ်ရောက်ရှိ ပဲခူးဆောင် မြေညီထပ်တွင်နေပြီး  နှစ်လအကြာ မှိုင်းရာပြည့်အရေးအခင်းဖြစ်၍ ကျောင်းအကန့်အသတ်မရှိ ပိတ်နေချိန်တွင် စစ်တက္ကသိုလ်မှ ဗိုလ်လောင်းခေါ်စာလာသဖြင့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)သို့   တက်ရောက်ခဲ့၏။  တပ်မတော်(ရေ)တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး  ၂၀၁၂ တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန သို့ ပြောင်းရွှေ့ခဲ့၏။ လက်ရှိ   ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ယင်းအသုတ် ဓာတုဗေဒမှ ကိုကျော်ရှင်းမှာ ကျွန်တော်တို့ကဲ့သို့ပင် ဘွဲ့ရအပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်   (၆၀)တက်ရောက်ခဲ့၏။ သထုံခရိုင် လေးကေဒေသ စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် ကေအင်ယူ တပ်မဟာ (၁)မှ  နာမည်ကြီး မြင့်သိန်းအား  အရှင်ဖမ်းဆီးရမိသဖြင့် အကြီးအကဲများ၏ ချီးကျူးမှုခံခဲ့ရ၏။ ၂၀၀၂ တွင် တပ်မတော်မှ အနားယူခဲ့သည်။ သတ္တမအသုတ်ပင် အားလုံးကို မသိတော့သဖြင့် ကျန်အသုတ်များမဖော်ပြ နိုင်တော့ပြီ။

ကျွန်တော် ဆောင်းပါးရေးကြောင်း ဖတ်မိသူများက အချင်းချင်းပြောကြသဖြင့် သိပ္ပံချွန်ရောင်းရင်းများက  ဖတ်ကြည့်ကြကြောင်း၊ သင်္ချာသမားအချို့သာပါပြီး ရူပဗေဒနှင့်ဓာတုဗေဒမှ သူငယ်ချင်းများ အကြောင်း၊ သင်္ချာမှ အဆောင်တွင်အတူနေခဲ့သော အတန်းငယ်များအကြောင်း မဖော်ပြ၍ ဝမ်းနည်းကြကြောင်းပြန်ကြား ရ၏။ ငယ်စဉ်က ရေဒီယိုမှ နားထောင်ရ သော ရွှေမန်းတင်မောင်၏ လေးတော် တင်ခန်းကိုပြန်သတိရမိသည်။ ယင်းဇာတ်တွင် ရွှေမန်းတင်မောင်က သုဒ္ဓေါဒနမင်းကြီး အဖြစ် သရုပ်ဆောင်၏။ သားတော်သိဒ္ဓတ္ထ မင်းသား ထံ သုတိတာနတ်ပြည်မှမယ်တော်မိနတ်သားက သဝဏ်လွှာပါးခန်းတွင် သဝဏ်လွှာပါစာဖတ်ပြသည်ကို နားထောင်ပြီးနောက် ဘုရင်လုပ်သူရွှေမန်းတင်မောင်က “ဆက်ဖတ်စမ်းပါဦး” “နောက်ဖက်ကော”၊ “အောက် နားမှာကော”၊ “ကြည့်စမ်းပါဦး” ဖြင့် ပြော၏။ ကုန်ပြီဖြစ်ကြောင်း၊ ဘာမျှမကျန်တော့ကြောင်းဖြေကြရာ  “သုဒ္ဓေါ ဆိုတာလေးမပါဘူးလား” ဟု မေးပုံကို ပွဲကျ အမှတ်ရ၏။ ယခုလည်း သုဒ္ဓေါတော့ ပါပြီဟု   ဖြေသိမ့်နိုင်စေရန်ဖြစ်ပါ၏။ အချက်အလက်များကို သူငယ်ချင်းများက ဝိုင်းဝန်းစုဆောင်းပေး၍ ဤမျှဖော်ပြ နိုင်ခြင်းဖြစ်ပါသည်။ မှားယွင်းက ပြင်ဆင်ပေးကြပါရန်။

စိတ်နေပြောင်းရင်း ချစ်သွားကြသူတွေ

အထက်ဖော်ပြပါ ကျွန်တော်တို့ သိပ္ပံချွန်မောင်နှမများအနက်  အချင်း ချင်း အိမ်ထောင်ပြုသူများမှာ ကျွန်တော်တို့ သင်္ချာမှ ကိုဇော်ဝင်းနိုင်နှင့် မစန်းတင်၊ ကိုငွေလင်းနှင့်မကြူကြူ၊ ရူပဗေဒမှ ကိုမြသန်းနှင့် မခင်မာကြူ၊ ကိုမြင့်ဦးနှင့် မကျင်စိန်၊ ရူပဗေဒမှ ကိုသက်ထွန်းအောင်နှင့် ဓာတုဗေဒမှ မအေးအေးမြင့်တို့ ဖြစ်ကြ၏။

လူရည်ချွန်ဆု

ကျွန်တော်တို့ ကျောင်းသားဘဝတွင် ၁၉၆၄ မှစ၍ လူရည်ချွန်စီမံကိန်းဖြင့် ကာယ၊ ဉာဏ ဘက်စုံထူးချွန်သူများကို လူရည်ချွန်ဆု ရွေးချယ်ချီးမြှင့်ခဲ့သည်။ ခုနစ်တန်းမှစ၍ ခရိုင်တစ်ခုလျှင်တစ်ဦးနှုန်း ရွေးချယ်ခဲ့ရာ စာတော်ခြင်းအပြင် ကိုယ်ကာယကြံ့ခိုင်မှုနှင့်ပတ်သက်၍ ခွန်အားရှိမှု၊ လျင်မြန်မှု၊ သက်လုံ ကောင်းမှု၊ ကျင်လည်ဖျတ်လတ်မှုလေးမျိုးကို စံချိန်များ သတ်မှတ်၍ ယှဉ်ပြိုင်အမှတ်ပေး ရွေးချယ်သည်။ ကျောင်းအဆင့်/မြို့နယ်အဆင့်/ခရိုင်အဆင့် အဆင့်ဆင့်ရွေးပြီး ပညာရေးဝန်ကြီးဌာနက ခရိုင်တစ်ခုလျှင် ခုနစ်တန်း တစ်ဦး၊ ရှစ်တန်းတစ်ဦး၊ ကိုးတန်းတစ်ဦး၊  ၁၀ တန်းတစ်ဦးရွေးချယ်ချီးမြှင့်ခဲ့သည်။

၁၉၆၄ မတ်လတွင် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနက ပထမအကြိမ် လူရည်ချွန်ဆုကို စတင်ချီးမြှင့်ခဲ့ရာ ကျောင်းသား ၁၉၂ ဦး၊ ကျောင်းသူ ၆၁ ဦး စုစုပေါင်း ၂၅၃ ဦးသည် ပထမဆုံးသော လူရည်ချွန်များ ဖြစ်ခဲ့ကြ၏။ အခြေခံပညာ ကျောင်းများနှင့် အလွတ်ပညာ သင်ကျောင်းများမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ၁၉၆၅ တွင် စက်မှုလက်မှု အထက်တန်းကျောင်းများ၊ စိုက်ပျိုးရေးအထက်တန်းကျောင်းများ၊ သိပ္ပံနှင့် ကောလိပ်များ၊ တက္ကသိုလ်များကိုပါ တိုးချဲ့ရွေးချယ်ခဲ့၏။ ၁၉၆၆ တွင် ဆရာ အတတ်သင်ကျောင်း/သိပ္ပံ ကျောင်း၊ ၁၉၆၇ တွင် ရွာသစ်ကြီး၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံတို့ကိုပါ တိုးချဲ့ ရွေးချယ်ခဲ့သည်။  ၁၉၈၈  အရေးအခင်းဖြစ်ပွားပြီးနောက် လူရည်ချွန်စီမံကိန်းလည်း ရပ်ဆိုင်းသွားခဲ့၏။ ၁၉၆၄ မှ ၁၉၈၈ အထိ  ၂၄ နှစ်တာကာလအတွင်း လူရည်ချွန်ပေါင်း  ၇၉၀၇ ဦး ရွေးချယ် ချီးမြှင့်ခဲ့၏။

ကျွန်တော် စာတော်ခဲ့သော်လည်း ကြံ့ခိုင်ရေးညံ့ပါသည်။ သို့ဖြစ်၍ ကျောင်း အဆင့်မှာပင် ပြုတ်လေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်ရောက်သောအခါ ပထမနှစ်မှ စတုတ္ထနှစ်အထိ သိပ္ပံတစ်ဦး၊ ဝိဇ္ဇာတစ်ဦး လူရည်ချွန်ရွေး ချယ်ရာ ကျွန်တော်တို့ အသုတ်၏ သိပ္ပံလူရည်ချွန်မှာ ကိုခင်မောင်ကြွေ (အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်) ဖြစ်၏။ ပထမနှစ်မှ တတိယနှစ်အထိ သူပင်ရ၏။ စတုတ္ထနှစ်အတွက် လူရည်ချွန်ဖြေရာတွင် ထုံးစံအတိုင်း ကိုခင်မောင်ကြွေပင်ရမည်ဟု ထင်ထား ကြသည်။ သတင်းစာတွင် ထုတ်ပြန်ကြေညာသောအခါ မမျှော်လင့်ဘဲ ကျွန်တော်ဖြစ်နေ၏။ သူငယ်ချင်းက လျှော့ပေးလေသလား မသိပါ။ သို့နှင့်ဘဝတွင် နောက်ဆုံးအခွင့်အရေး၌ လူရည်ချွန်ဖြစ်ခဲ့ပါ၏။ ကျွန်တော် လူရည်ချွန်အဖြစ် အရွေးခံရသောနှစ်မှာ ၁၄ ကြိမ်မြောက်ဖြစ်၏။ လူရည်ချွန်များကို အပန်းဖြေခရီး စေလွှတ်ရာ တွင် ငပလီရွှေဝါချိုင်စခန်းနှင့် အင်းလေးခေါင်တိုင်စခန်းတို့သို့ ခွဲ၍စေလွှတ်လေ့ရှိပြီး သုံးကြိမ်နှင့်အထက် လူရည်ချွန်များကိုမူ နယ်လှည့်လူရည်ချွန် စခန်းအဖြစ် စက်စဲ မောင်းမကန်၊ မေမြို့ပွဲကောက်၊ ပုဂံ၊ ပုပ္ပါး စသည်ဖြင့် စေလွှတ်ခဲ့သည်။ ၇/၈/၉ တန်းနှင့်  ၁၀ တန်းနှင့် အထက်ဟု  အုပ်စုနှစ်စုခွဲ၍  ငပလီနှင့် အင်းလေး အလှည့်ကျစေလွှတ်၏။ ကျွန်တော်တို့နှစ်တွင် အကြီးတန်းများမှာ အင်းလေး ခေါင်တိုင် လူရည်ချွန်စခန်းသို့ သွားရ၏။ ရန်ကုန်ဘူတာကြီးအနီး အထက်ပန်းဆိုး တန်းလမ်းပေါ်ရှိ အ.ထ.ကကျောင်းစုရပ်သို့ သတင်းပို့ပြီး ဝတ်စုံများထုတ်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးနောက် ရထားဖြင့် ရွှေညောင်သို့သွားကြရသည်။ ရထားပေါ်တွင်  ကြီးကြပ်သူဆရာ/ဆရာမများက လူရည်ချွန်သီချင်းများသင်ပေးရာ ရွှေညောင်မရောက်မီ အလွတ်ရ ကုန်ကြ၏။ ကျွန်တော်တို့အဖွဲ့ကို ကြီးကြပ်သူအဖြစ် လိုက်ပါလာသူမှာ ကျွန်တော်တို့တက္ကသိုလ် စိတ်ပညာဌာနမှ ဒေါက်တာကျော်စိန်ဖြစ်၏။ ပထမအကြိမ် လူရည်ချွန်အဖြစ်ပါလာသူ ကျောင်းသားငယ် အချို့က ဆရာကြီး ဒေါက်တာ ကျော်စိန်ဆေးမကုတတ်ကြောင်း စတင်သိချိန် အံ့အားသင့်ကြပုံကို အမှတ်ရမိ သည်။ ဆရာကြီးမှာ စိတ်ပညာဘာသာရပ် ဖြင့် ပါရဂူဘွဲ့ယူခဲ့သူဖြစ်ကြောင်း မသိကြတာဖြစ်မည်ထင်ပါသည်။ ထိုခရီးစဉ်တွင် ကျွန်တော်တို့ သိပ္ပံချွန်ဒုတိယအသုတ်မှ ကိုကျော်ဌေး (လူရည်ချွန် ငါးထပ်ကွမ်း)က ကြီးကြပ်သူ ဆရာအဖြစ် ပြန်ပါလာသည်။

အင်းလေးခေါင်တိုင်စခန်းတွင် စခန်းဖွင့်ပွဲပြီးနောက် ဉာဏ်စမ်းပဟေဠိများ ယှဉ်ပြိုင်ရခြင်း၊ အင်းလေးဖောင် တော်ဦးဘုရားအပါအဝင် အင်းလေးကန်အတွင်း၊ တောင်ကြီးမြို့၊ ပင်းတယနှင့် ဗထူးတပ်မြို့ လေ့လာရေးများ သွားရောက်ရ၏။ ဗထူးတပ်မြို့တွင် အမြောက်လေ့ကျင့်ခန်း၊ သံချပ်ကာယန္တရားလေ့ကျင့်ခန်း၊ ဝန်တင်လား၊ မြင်းလေ့ကျင့်ရေး၊ စစ်ခွေးလေ့ကျင့်ရေး စသည်တို့ အသေးစိတ်လေ့လာခဲ့ရ၏။

အင်းလေးလူရည်ချွန်စခန်း၌ နေကြစဉ် နေ့စဉ်   လက်ကမ်းစာစောင်ငယ်လေး ထုတ်ဝေလေ့ရှိ၏။ ကဗျာများ၊ စာညွန့်များ၊ မှတ်သားဖွယ်ရာများပါ၏။ ပထမရက်တွင် ကြီးကြပ်သူတစ်ဦးက “လူရည်ချွန်ဟောင်းတစ်ဦး” ဟု   ကလောင်အမည်တပ်၏။ နောက်ရက်တွင် “လူရည်ချွန်ဟူသည် ဟောင်းသည်မရှိ၊ တစ်သက်တာ ထာဝရ လူရည်ချွန်” ဟု ဝေဖန်ရေးသားချက်ပါလာ၏။ ယခုအခါ လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ ဖွဲ့စည်းပြီး အများပြည်သူ အကျိုးသယ်ပိုး နေကြသည်ကို တွေ့ရပြန်တော့ “တစ်သက် တာ ထာဝရ လူရည်ချွန်”ဟူသည် မမှားဟု ဆိုနိုင်ပါသည်။

အပြန်တွင် ရန်ကုန်စုပေါင်းလူရည်ချွန်စခန်းကို ပညာရေးတက္ကသိုလ်အတွင်း ဖွင့်လှစ်ရာ တကောင်းဆောင် တွင် တည်းခိုရ၏။ မြန်မာ့အသံနှင့် စက်ရုံ/အလုပ်ရုံများ အားလေ့လာကြရပြီး စခန်းမသိမ်းမီ ပညာရေး ဝန်ကြီးက ညစာစားပွဲဖြင့် တည်ခင်းရာ နေရာမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အတွင်းတွင်ဖြစ်၏။

ရန်ကုန်စုပေါင်းလူရည်ချွန်စခန်းမသိမ်းမီ လူငယ်ထုတွေ့ဆုံပွဲကို သမိုင်းအားကစားရုံ၌ ကျင်းပခဲ့သည်။ ထိုစဉ် က ခေတ်စားနေသောလှုပ်ရှားမှုမှာ လွှတ်တော်အဆောက်အအုံ တည်ဆောက်ရေး လုပ်အားပေးဖြစ်၏။ လမ်းစဉ် လူငယ်အဖွဲ့မှ စီစဉ်ခြင်းဟု ထင်ပါသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် လုပ်အားပေးရန် စာရင်းသွားပေးရာ တာဝန်ခံက “အပြည့်လုပ်နိုင်မလား” ဟုမေးသည်။

နှစ်ပတ်ပြီးလျှင် လူရည်ချွန်စခန်းဝင်ရန် ရှိကြောင်း ပြောသောအခါ “လူရည်ချွန်ဆုကို စွန့်လွှတ်မှာလား” ဟုမေးသည်။ မစွန့်လွှတ်ပါဖြေ၍လက်မခံပါ။ ကျန်သူငယ်ချင်းများကိုသာ လက်ခံပါသည်။ လူရည်ချွန်စခန်းသို့ ရောက်သောအခါ လုပ်အားပေးစခန်းမှ ကူးလာသူအတော်များများကို တွေ့ရရာ မူဝါဒတစ်သမတ်တည်းမရှိဟု ဆိုနိုင်၏။

လူငယ်ထုတွေ့ဆုံပွဲတွင် သမိုင်းအားကစားရုံအတွင်း ပတ်လည်ပွဲကြည့်စင်များ၌ လူငယ်အဖွဲ့များကို အုပ်စု လိုက်နေရာချထားပေးသည်။ အဖွဲ့အလိုက် တစ်လှည့်စီ ဖျော်ဖြေကြရာ ကျွန်တော်တို့အဖွဲ့က လူရည်ချွန် သီချင်းများဖြင့်ဖျော်ဖြေကြ၏။ လွှတ်တော် လုပ်အားပေးလူငယ်များက သံချပ်အဖွဲ့ဖြင့် ဖျော်ဖြေ၏။ သံချပ်ထိုး ရာတွင်  အချိတ်အဆက်လွဲပုံဖြင့်  “လူရည်ချွန်စခန်းက လူငယ်တွေ” “တိုင်းပြည်အတွက်ဆို လူပိုတွေပဲ” ဟုပြက်ကြ၏။ အံ့အားသင့်စရာပါပေ။

တပ်မတော်သားများတွင် လူရည်ချွန် အမြောက်အမြားရှိပါ၏။ ငယ်စဉ်က မကြာခဏ ကြားခဲ့၊ စွဲခဲ့ဖူးသော  အဆိုတော် သန်းထွန်းလေး၏ သီချင်းတစ်ပုဒ်ရှိသည်။ “လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ ဆရာဝန်ဖြစ် ဖို့ ကျွန်တော်ကြိုးစားမည်၊ မြန်မာ့သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်” ဟူ၏။ ထို  သုံးချက်စလုံးနှင့် ကိုက်ညီသော တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်အရာရှိများလည်း အမြောက်အမြားပင်။

နောက်ကျခြင်း

ကျွန်တော်၏ဘဝတွင် နောက်ကျခြင်းများ အကြိမ်ကြိမ်ပါပေ။ ငယ်စဉ်က အတန်းထဲတွင် အရပ်အပုဆုံးဖြစ်၏။ ကိုးတန်းအထိ ၅ ပေ မပြည့်ပါ။ ကိုးတန်းစာမေးပွဲအပြီး နွေကျောင်းပိတ်တွင်  မိဘများ၏ဆရာသမားမိသားစု ရဟန်းခံ ရှင်ပြုတွင် ပါဝင်ရှင်ပြုရာမှကိုရင်ဝတ်အပြီး အရပ်နည်းနည်းထွက်လာ၏။ ၁၀ တန်း အောင်ချိန်တွင် ၅ ပေ ၂ လက်မပင် မပြည့်ချင်။

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်လိုက်၊ စားလိုက်၊ အိပ်လိုက်၊ ရေကူးလိုက် နှင့် ပထမနှစ်အပြီးတွင် ၅ ပေ ၈ လက်မဖြစ်သွား၏။  တစ်နှစ်အတွင်း ၆ လက်မကျော်အရပ်ထွက်၏။ ဒုတိယနှစ်အပြီးတွင် ၅ ပေ ၁၀ လက်မကျော် လက်ရှိအရပ်ဖြစ်လာ၏။ အမိတက္ကသိုလ်၏ ကျေးဇူးပါပေ။ ကျောင်းသားအတော်များများ ယူတီစီကို ပထမနှစ်တွင် စဝင်ကြ၏။ ကျွန်တော်ကနောက်ဆက်တွဲအဖြစ် တတိယနှစ်ကျမှ ဝင်ဖြစ်၏။

ကာယ၊ ဉာဏဘက်စုံထူးချွန်သူများ ခုနစ်တန်းမှစ၍ လူရည်ချွန်ရကြပြီး ခြောက်ထပ်ကွမ်း၊ ခုနစ်ထပ်ကွမ်း အထိပင်ရှိသည်ထင်ပါသည်။ ကျွန်တော်က ၁၄ တန်းဟုဆိုနိုင်သည့် တက္ကသိုလ်နောက်ဆုံး နှစ်ရောက်မှ လူရည်ချွန်ဖြစ်ရ၏။ တပ်မတော်သို့ဝင်ရာ၌လည်း ဝါသနာပါသူများ၊ စိတ်ပြတ်သူများက ၁၀ တန်း အောင်စဉ် ကပင် စစ်တက္ကသိုလ်ဗိုလ်လောင်း၊အလုပ်သင်ဗိုလ်လောင်း စသည်ဝင်ကြ၏။ ကျွန်တော်က မေမြို့သားဖြစ်ပြီး ဗိုလ်လောင်းများကို မကြာခဏမြင်တွေ့နေရပါလျက် စစ်သားလုပ်ရန် စိတ်မကူးမိပေ။ တက္ကသိုလ်ဆရာ ဖြစ်ရန်သာ စိတ်ကူးယဉ်ခဲ့၏။ စိတ်ကူးယဉ်သလိုဖြစ်ရန် ခက်ခဲ၍ လက်တွေ့ကျကျစဉ်းစားပြီး တပ်မတော်သို့ ဝင်သောအခါ နောက်ကျ၏။ အရေးအခင်းများကြောင့် နှစ်နှစ် နောက်ကျတော့သည်။ (စတသ ၁၈ ကို  မီသော်လည်း  ဗိုလ်သင်တန်းဆင်းချိန်တွင် စတသ ၂၀ နှင့် အတူတူနီးပါးဖြစ်၏။)

တပ်တွင်း အဆင့်တိုးရာ၌လည်း ရှေ့ကပြေးသူမဟုတ်ပြန်ချေ။ ကျွန်တော်တို့ ဗိုလ်လောင်းအပတ်စဉ်တွင် သူရဲကောင်းမှတ်တမ်းဝင် နှစ်ယောက်ရရှိကြရာ သူတို့နှစ်ဦးမှာ ရာထူးအဆင့်တိုင်း ကျွန်တော်တို့ ထက်စော ခဲ့၏။  ကျွန်တော်ကတော့ အလယ်အလတ်မှန်မှန်ပင်။ ယခုလည်း အငြိမ်းစားယူရန် နောက်ကျနေဆဲဖြစ်၏။ သူငယ်ချင်းများ အငြိမ်းစားယူ၊ လည်ပတ်၊ ကမ္ဘာပတ်နေကြချိန်တွင် ကျွန်တော့်မှာ အိမ်နှင့်ရုံးသာ။ ဗုဒ္ဓဘာသာ ဝင်ပီပီ တရားအလုပ်ကောင်းစွာမလုပ်အားသေးသဖြင့် အသေမစောရန် ဆုတောင်း မိသည်။

ကျွန်တော်၏ ဆောင်းပါးတွင် ကံ့ကော်တောအကြောင်း၊ သစ်ပုတ်ပင်အကြောင်း၊ ဦးချစ်ဆိုင်အကြောင်း မပါသဖြင့် ရန်ကုန်တက္ကသိုလ်အကြောင်းမှ ဟုတ်ရဲ့လားဟုမေးခွန်းထုတ်လိုသူတို့လည်း ရှိကောင်းရှိပါမည်။

ဆိုရှယ်လစ်ခေတ်တွင် ကျောင်းနေခဲ့ရသော မိဘများ မသောင်သာသော၊ အဆောင်ထမင်းဟင်းကိုသာ နပ်စေ့ စားသောက်ခဲ့ရသော အမိတက္ကသိုလ် နောက်ကျသားတစ်ယောက်၏ မှတ်မိသမျှအတွေ့အကြုံများသာ ဖြစ်ပါ၏။ ကောင်းခန်းမပါ၍ ခွင့်လွှတ်ကြပါကုန်။ 

အမိတက္ကသိုလ်၏ ကျေးဇူးကြောင့် လူတစ်လုံး သူတစ်လုံးဖြစ်လာသည့်အပြင် တက္ကသိုလ်ရာပြည့်ကို   အကြောင်း ပြု၍ စာရေးသားမှုကိုလည်း စတင်မိပါသည်။ ကျေးဇူးရှင် အမိတက္ကသိုလ်ကြီး နှစ်ပေါင်း ရာထောင်တည်တံ့ပါစေ။  မကြာမတင် ကာလတွင် ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီးအဖြစ်   တက်လှမ်းနိုင်ပါ စေကြောင်း ဆုတောင်းဂုဏ်ပြုလိုက်ရပါသည်။   ။

စိန်ဝင်း(၄၀)