နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (စတုတ္ထအကြိမ်) အစည်းအဝေးကျင်းပ

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (စတုတ္ထအကြိမ်) အစည်းအဝေးကျင်းပ

နေပြည်တော်  မေ   ၁၃

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်း ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးများက Virtual  စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ၊ ရေထွက် သယံဇာတများ ရေရှည်တည်တံ့အောင်   စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန်လိုအပ်ကြောင်း၊ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် ဒီရေတောပင်နှင့် အရိပ်ရပင်များ (Green Belt)တိုးမြှင့်စိုက်ပျိုးရေး၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးရေး၊ ရေအောက်သဘာဝရှုခင်းများနှင့် ရေနေသတ္တဝါများအား ထိန်းသိမ်းရန်အတွက် အရေးကြီးသော Hot Spot နေရာများ သတ်မှတ်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန်  လိုအပ်ကြောင်း၊ ထို့ပြင်  မြန်မာနိုင်ငံတွင်  နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ရေးအစီအစဉ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စွန့်ပစ်အမှိုက်များ ပင်လယ်တွင်းရောက်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး   လုပ်ငန်းစဉ်အဆင့်အလိုက်လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းကို  အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ကဏ္ဍအလိုက် ဖော်ထုတ်ချမှတ်နိုင်ရေး၊ ကမ်းရိုးတန်းသယံဇာတကိုမထိခိုက်သော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ပင်လယ်ကမ်းရိုးတန်းအဏ္ဏဝါသယံဇာတထိန်းသိမ်းရေး၊ သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ငါးမဖမ်းရနယ်မြေများ သတ်မှတ်ဆောင်ရွက်ရေး၊ ငါးမဖမ်းရ ရာသီကာလသတ်မှတ်ရေး၊ တရားမဝင် ငါးဖမ်းဆီးမှုများကာကွယ်ရေး၊ သဘာဝမှရရှိသော သယံဇာတများကို မှီခိုထုတ်လုပ်မှု   လျော့နည်းစေရန်အတွက် ငါးမွေးမြူရေးလုပ်ငန်း တိုးတက်လာစေရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသရှိ သဘာဝနယ်မြေများ၊ ရေဝေရေလဲဒေသများ၊ သဘာဝအင်းအိုင်များ၊ ကျွန်းနှင့်ကျွန်းစုများ ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ဟန်ချက်ညီညီဖြစ်စေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။