တို့တိုင်းပြည် တို့လူမျိုး တို့အချုပ်အခြာအာဏာကို ကျရာနေရာမှ တို့ကာကွယ်ရမည်

 

တို့တိုင်းပြည် တို့လူမျိုး တို့အချုပ်အခြာအာဏာကို ကျရာနေရာမှ တို့ကာကွယ်ရမည်

 

   “..... ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ်မလေ။ ဒါတို့ပြည် ဒါတို့မြေ   တို့ပိုင်နက်မြေ။ တို့ပြည်  တို့မြေ အကျိုးကို ညီညာစွာတို့တတွေ ထမ်းဆောင် ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။”

ဒီသီချင်းလေးကို    ကျွန်တော်တို့ငယ်ငယ်တုန်းကတည်းက နိုင်ငံတော်အလံရှေ့မှာ ရဲမာန်ဝင့်ကြွားစွာ သီဆိုခဲ့ဖူးသည်။ ဒီသီချင်းက ကျွန်တော်တို့အားလုံးအတွက် အဓိပ္ပာယ်များစွာကို ဆောင်ကြဉ်းပေးသော သီချင်းဟုလည်းပြောနိုင်သည်။

မိမိတို့မြန်မာနိုင်ငံကို ဘိုးဘွားများဆီက လက်ဆင့်ကမ်းအမွေ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအမွေကိုထိန်းသိမ်း စောင့်ရှောက်ရမည်မှာ နောင်လာနောက်သားတို့၏ တာဝန်ပင်ဖြစ်သည်။ ဒီနေရာမှာ ယောက်ျား၊ မိန်းမခွဲခြားနေ၍မရဘဲ   အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ အားလုံး တာဝန်ကိုယ်စီခွဲဝေယူကြရပေမည်။

မြန်မာနိုင်ငံ သူ့ကျွန်ဘဝကိုရောက်ရသည်မှာ မြန်မာနိုင်ငံသားတွေ မျိုးချစ်စိတ် မရှိလို့မဟုတ်။ စည်းလုံးညီညွတ်မှု ပျက်ပြားလို့သာ  နိုင်ငံက  သူ့ကျွန်ဘဝရောက်ခဲ့ ရခြင်းဖြစ်သည်။  သို့သော်   နယ်ချဲ့ကို ကိုယ့်နည်းကိုယ့်ဟန်နှင့်   တွန်းလှန်ခဲ့ကြသည် ချည်းသာပင်။

မျိုးချစ်စိတ်ကိုရှေ့တန်းတင်ပြီး စည်းလုံးညီညွတ်မှုရှိရှိဖြင့်သာ   နယ်ချဲ့ရန်ကို တွန်းလှန်မည်ဆိုလျှင် အောင်မြင်မှုကိုမလွဲဧကန်ရနိုင်ကြောင်း မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကြောင်းတွင် ရဲဘော်သုံးကျိပ်က အကောင်းဆုံးဥပမာပေး ပြသ သွားပြီးဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက်ဆိုလျှင် မျိုးချစ်စိတ်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးအင်အားစုတစ်ရပ် မဖြစ်မနေ လိုအပ်ပါသည်။  မြန်မာနိုင်ငံအတွက် ထိုအင်အားစုကြီးမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့တပ်မတော်ပင်ဖြစ်တော့သည်။

တပ်မတော်၏   သမိုင်းကြောင်းအစ ဗမာ့လွတ်လပ်ရေး တပ်မတော်တွင် လစာနှင့်  စရိတ်အနည်းငယ်မျှလောက်နှင့်ပင်  မျိုးချစ်စိတ်ကို အခြေခံ၍ ပါဝင်အမှုထမ်း လိုသူ  အလုအယက်အများအပြား ရှိခဲ့သည်။

ထိုသူတို့၏ရည်ရွယ်ချက်မှာ  သူ့ကျွန် ဘဝမှနေ၍ လွတ်လပ်သောမြန်မာနိုင်ငံကြီးကို သားစဉ်မြေးဆက်များအား အမွေအဖြစ် ပေးခဲ့လိုခြင်းဖြစ်သည်။ ဘိုးဘွားများ ၏အနစ်နာခံကြိုးပမ်းမှုကြောင့် ကျွန်တော်တို့အားလုံးက လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံကြီးတွင် နေထိုင်ခွင့်ရရှိနေခြင်းဖြစ်သည်။

ယခုအချိန်အခါမှာတော့ ကျွန်တော်တို့နိုင်ငံကြီးက ပြည်တွင်းရန်နှင့် ပြည်ပပယောဂများကို   ရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။ နိုင်ငံသားများ အချင်းချင်း စည်းလုံးညီညွတ်မှု  ပျက်ပြားအောင်  လုပ်ဆောင်နေသူများတွင်    ပြည်ပနိုင်ငံအချို့ပါဝင်နေသည်။

ပြည်ပနိုင်ငံများ၏  ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်နိုင်စေဖို့ အတွက် မြန်မာနိုင်ငံမှာ အင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ် တည်ရှိပြီးဖြစ်သည်။ မြန်မာ့တပ်မတော်ဆိုသည်မှာ မျိုးချစ်စိတ်ကိုအခြေခံပြီး ဖွဲ့စည်းထားသည့် အခြေခိုင်ဆုံးသော အဖွဲ့အစည်းတစ်ရပ်လည်းဖြစ်သည်။

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံအတွက်   အရေးကြီးသော အချိန်ကာလ သို့ရောက်လာပြီဟု အထက်တွင်ပြောခဲ့ပြီးဖြစ်သည်။   ထိုသို့သောအချိန်မျိုးတွင် မြန်မာနိုင်ငံကိုဆက်လက် ကာကွယ်ရန်မှာ အရွယ်ရောက်ပြီးသူတိုင်းအတွက် ပခုံး ပြောင်းထမ်းဆောင်ရမည့် တာဝန်တစ်ခုဖြစ်လာပြီဖြစ်သည်။

မိမိတို့နိုင်ငံသာမက   အခြားသော ကမ္ဘာ့နိုင်ငံအများအပြားသည်လည်း သူတို့၏နိုင်ငံကို    ဆက်လက်ကာကွယ်နိုင်ရေး အတွက်  သူတို့၏ မျိုးဆက်သစ်များကို ပခုံးပြောင်းတာဝန် ပေးကြစမြဲဖြစ်သည်။

ဒီလိုတာဝန်ပေးရာမှာ   နိုင်ငံအလိုက်က စစ်မှုထမ်းဥပဒေများကို  မိမိတို့နိုင်ငံအလိုက် သင့်လျော်သည့်ပုံစံများဖြင့် အတိအလင်းပြဋ္ဌာန်းပြီး   တာဝန်ပေးခြင်းဖြစ်သည်။

မိမိတို့မြန်မာနိုင်ငံမှာလည်း စစ်မှုမထမ်း မနေရစနစ်ကို ဥပဒေဖြင့်ပြဋ္ဌာန်းထားတာရှိသည်။ ထိုဥပဒေကို ပြည်သူ့စစ်မှုထမ်း ဥပဒေဟုခေါ်ပြီး ၂၀၁၀ ပြည့်နှစ်ကတည်း ကပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။   အခုတော့ ဒီဥပဒေက    အသက်ဝင်လာပြီဖြစ်သည်။

ဒီဥပဒေကို အသက်သွင်းရခြင်းအတွက် မဟာဗျူဟာကျသည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များရှိသည်။ အထူးသဖြင့် နောင်တစ်ချိန်တွင် လူကြီးအဖြစ်သို့ ရောက်လာမည့် လူငယ်၊ လူရွယ်များသည် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အချုပ်အခြာအာဏာကို ယခုအချိန်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လိုသည့်စိတ်နှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အရည်အချင်းရှိမှသာ မြန်မာနိုင်ငံကြီးသည်လည်း ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့မည် ဖြစ်သည်။

လူငယ်များအနေဖြင့် ဒီလိုစိတ်ဓာတ်နှင့် အရည်အချင်းများ ရှိလာစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို  ပြဋ္ဌာန်းအသက်သွင်းခြင်းသည် နောင်တစ်ချိန်အတွက် နိုင်ငံ့ခေါင်းဆောင်များကို ရှာဖွေမွေးထုတ်ပေးမည့် ဥပဒေဟုဆိုလျှင်လည်း မှားမည်မထင်ပေ။

တကယ်တမ်းတော့ တပ်မတော်တွင် စစ်မှုထမ်းခွင့်ရခြင်းမှာ ဂုဏ်ယူဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သည်။ ကျွန်တော်တို့၏ဘိုးဘွားများက  ကျွန်တော်တို့ကို လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုနိုင်ငံတော်ကြီးကို အမွေပေးခဲ့သည်။ ကျွန်တော်တို့ကလည်း ကိုယ့်သားစဉ်မြေးဆက်ကို ပြည်ထောင်စုအမွေကြီး လက်ဆင့်ကမ်းပေးနိုင်မှသာ တာဝန်ကျေပွန်မည်ဖြစ်သည်။

အခုဆိုလျှင် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းလာသည့် လူငယ်လူရွယ် များစွာရှိလာသည်။ အများစုမှာ မိမိတို့၏ သဘောဆန္ဒအလျောက် ဝင်ရောက်တာဝန် ထမ်းဆောင်လာကြသူများဖြစ်သည်။ စစ်မှုထမ်းအမည်စာရင်း ပေးသွင်း၍ စစ်အခြေခံ သင်တန်းပြီးဆုံးသည်နှင့် သတ်မှတ်ကာလ ပြည့်မြောက်သည်အထိ တပ်မတော်အက်ဥပဒေကို လိုက်နာရသော တပ်မတော်သားစစ်စစ်များအဖြစ်သို့ ရောက်ရှိလာကြမည် ဖြစ်သည်။

တပ်မတော်အတွင်းရှိ တပ်မတော်သားများ အားလုံးသည် ကိုယ့်ရဲ့မွေးရပ်မြေကို စွန့်လွှတ်ကာ နိုင်ငံအတွင်းရှိ တခြားသော နေရာမှနေ၍ မိမိတို့၏ မြန်မာနိုင်ငံအတွက် စည်းရိုးသဖွယ် ကာကွယ်ပေးနေကြသူများသာဖြစ်သည်။ ဒီလိုမျိုး ကာကွယ်ပေးနေရသည်ကပင် တပ်မတော်သားများအတွက် ဂုဏ်ယူစရာကောင်းသည့် ပြယုဂ်တစ်ခုဖြစ်နေသည်။

တပ်မတော်သားတိုင်းသည် သူတို့မိဘဆွေမျိုးမောင်နှမမိသားစုရှိရာ  အရပ်ဒေသ မှာသာ နေထိုင်ကြလိုသူများဖြစ်သည်။ သို့သော် သူတို့၏ဆန္ဒကို ထိန်းချုပ်ကာ နေရာဒေသမရွေး သွားလာပြီး ပေးအပ်သော တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်၍ တိုင်းပြည်ကို ကျရာနေရာမှ ကာကွယ်ပေးနေကြသည်။ ဒါကြောင့်လည်း   သူတို့ကို အမြင့်မြတ်ဆုံးသော ဂုဏ်ဒြပ်နှင့်ပြည့်စုံသူများဟု    ပြောကြခြင်းဖြစ်မည် ထင်သည်။

တပ်မတော်ဆိုသည်မှာ ၁၃၅ မျိုးသော တိုင်းရင်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းဖြစ်သည်။ နေရာဒေသပေါင်းစုံမှ  တိုင်းရင်းသားများက တပ်မတော်ထဲတွင် ညီရင်းအစ်ကိုများသဖွယ် စည်းစည်းလုံးလုံးဖြင့် နေထိုင်ပြီး   ကျရာနေရာမှ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြသည်။

တပ်မတော်သည်    ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး စောင့်ရှောက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်က   ဦးထိပ်ပန်ဆင် စောင့်ရှောက်နေသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟုဆိုသော ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးဆုံး အချက်များဖြစ်သဖြင့် နိုင်ငံသားတိုင်းက စောင့်ရှောက်သင့်ပေသည်။

ကျွန်တော်တို့သီဆိုနေသည့် နိုင်ငံတော်သီချင်းတွင် “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ”ဆိုသည့် အချက်ပါသည်။ ထို့အတူပင် ဒို့တာဝန်အရေး သုံးပါးတွင် ပြည်ထောင်စုမပြိုကွဲရေးဆိုသည့်အချက်က ရှေ့ဆုံးကပါသည်။ ပြည်ထောင်စုပြိုကွဲသွားလျှင် ကျန်တာအားလုံးလည်း ပြိုကွဲသွားနိုင်သည်။

ထို့ကြောင့် ပြည်ထောင်စုမပြိုကွဲအောင် အရွယ်ရောက်ပြီးသူ   နိုင်ငံသားတိုင်း တပ်မတော်သို့ဝင်ရောက်ကာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်အချုပ်အခြာအာဏာကို ကျရာနေရာမှနေ၍  ကိုယ်ကိုယ်တိုင်ကာကွယ်ရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။     ။

အောင်ငြိမ်းချမ်း