ကမ္ဘာ့ရေချိုအသုံးချမှု

ကမ္ဘာ့ရေချိုအသုံးချမှု

အပိုင်း(က)

အခန်း(၁)

ကမ္ဘာနှင့်မြန်မာ့ရေသယံဇာတ ကမ္ဘာမြေပေါ်မှလူသားများနှင့် ဇီဝမျိုးစုံမျိုးကွဲအားလုံး အသက်ရှင်ရပ် တည်ရေးအတွက် အရေးအကြီးဆုံးအချက်နှစ်ချက်ကို ပြပါဆိုလျှင် ရေ နှင့်လေကိုသာပြရပါလိမ့်မည်။

ရေမရှိသောနေရာ၊ လေမရှိသောနေရာ တစ်နည်းအားဖြင့် အောက် ဆီဂျင်မရှိသည့်နေရာမှာ မည်သည့်သတ္တဝါမျှ ရှင်သန်နိုင်မည်မဟုတ်ပေ။

ရေဟုဆိုသော်လည်း လူသားနှင့်ကုန်းနေသတ္တဝါ ဇီဝမျိုးစုံမျိုးကွဲ အများစုအတွက် ရေချိုသည် ပို၍အရေးကြီးသည်။

ရေနှင့်လေကိုလေ့လာလျှင်လည်း လေသည် လူသားနှင့် သက်ရှိများ ရပ်တည်နိုင်ရန် လုံလောက်နေ သည်ဟု ဆိုနိုင်သည်။ ကမ္ဘာ့နေရာအနှံ့ အညီအမျှခံစားနိုင်ကြသည်။

ရေချိုရရှိမှုမှာမူ  ကမ္ဘာ့နေရာအနှံ့တွင်  အခွင့်အရေးမညီမျှကြပါ။

တချို့နေရာဒေသများတွင်  အလွန်ရှားပါးနေသကဲ့သို့  တချို့ဒေသများတွင် အလွန်ပေါများနေသည်။

တချို့ဒေသများတွင်မူ  နှစ်စဉ်ရာသီအလိုက်  ရေကြီးရေလျှံမှုတွေ

တွေ့ကြုံနေကြရသည်။ ရေဘေးကြုံနေကြရသည်။ ယင်းဒေသတချို့မှာပင် နွေရာသီကာလတွင် သောက်စရာရေပင် ခက်ခဲပင်ပန်းစွာ ရှာဖွေနေကြရပြန်သည်။

တချို့တိုင်းပြည်များတွင် နှစ်စဉ်မိုးရေချိန်အလွန်နည်းပါး၍ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးကအစ ဘက်စုံချို့တဲ့နေကြသည်။ တချို့နေရာ များတွင် ရေချိုရှားပါးမှုကို နည်းလမ်းမျိုးစုံသုံး၍ဖြေရှင်းပြီး စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်နေကြသည်။ ပြန်လည်ပြည့်ဖြိုးမြဲရေအရင်းအမြစ် တစ် နည်းအားဖြင့် ရေချိုကို စီမံခန့်ခွဲမှုကောင်းကောင်းနှင့် ဖြေရှင်းနေကြသည့် နိုင်ငံများသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုး တက်မှုမြင့်မားကြကြောင်းလည်း တွေ့ရသည်။

ကမ္ဘာပေါ်မှာ ရေချိုမည်မျှရှိသည်၊ မိမိနိုင်ငံတွင် ရေချိုမည်မျှကြွယ်၀ သည်ဆိုသည်ကို လေ့လာကြည့် ပါမည်။

တစ်ကမ္ဘာလုံးတွင်ရှိသည့် ရေအားလုံး၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်း သည် ရေငန်ဖြစ်နေသည်။ ကျန်သော ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုဖြစ်နေသည်။ သို့သော် ရေချိုအားလုံး၏ ၆၈ ရာခိုင်နှုန်းခန့်သည် ဝင်ရိုးစွန်းရေခဲတောင်များ၊ ရေခဲမြစ်များ၊ ဆီးနှင်းများနှင့် မြေအောက် ရေအဖြစ်ရှိနေသည်။

ကမ္ဘာ့ရေပမာဏတစ်ခုလုံး၏ သုည ဒသမ ၃ မှ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာ မြေပြင်ပေါ်တွင် စီးဆင်းနေသည်။ ထိုရေပမာဏကို ကိန်းဂဏန်းနှင့်ဖော်ပြရလျှင်-

- တစ်ကမ္ဘာလုံး နှစ်စဉ်စီးဆင်းရေချို ၆၈၀၀၀ ကုဗကီလိုမီတာ

- အာရှတိုက် နှစ်စဉ်စီးဆင်းရေချို ၁၃၃၀၀ ကုဗကီလိုမီတာ

- မြန်မာနိုင်ငံတွင်  နှစ်စဉ်စီးဆင်းရေချို  ၁၁၆၈  ကုဗကီလိုမီတာ အသီးသီးရှိကြသည်။

ဤကိန်းဂဏန်းများကို ပြန်လည်ဆန်းစစ်ကြည့်ရာမှာ မြန်မာနိုင်ငံတွင် နှစ်စဉ်စီးဆင်းနေသည့် ရေချို ပမာဏသည် တစ်ကမ္ဘာလုံး၏ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အာရှတိုက်တစ်တိုက်လုံး၏ ၈ ဒသမ ၈ ရာခိုင်နှုန်း၊ အရှေ့ တောင်အာရှ၏ ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသော သက်ရှိသတ္တဝါများ၊ ဇီဝမျိုးစုံ မျိုးကွဲများ ကံကောင်းကြသည်။ လုံ လောက်သည့်ရေချိုပမာဏကို ပိုင်ဆိုင်ထားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ပုဂံ၊ ညောင်ဦးတစ်ဝိုက်တွင် နှစ်စဉ်ရွာ သွန်းမိုးရေချိန်သည် ၅၀၀ မီလီမီ တာ (၂၀ လက်မ) ဝန်းကျင်အထိ နည်းပါးသည်ကို တွေ့ရသည်။ ကျန်ဒေသအသီးသီးတွင် မိုးရေချိန် ၁၀၀၀ မီလီမီတာ (၄၀ လက်မ) မှ ၅၀၀၀ မီလီမီတာ (၂၀၀ လက်မ) ခန့်အထိ နှစ်စဉ်ရွာသွန်းနေ၍ ရေချိုအခက်အခဲ အတော်ပြေလည်သည်ဟု ယူဆနိုင်သည်။ သို့သော် ဤသို့ကောက်ချက်ချ၍ မရကြောင်း တွေ့ရသည်။

နှစ်စဉ် မိုးရေချိန်လုံလောက်စွာရရှိနေသည့် ဒေသအများစုတွင်လည်း မိုးရွာသွန်းမှုမှာ မိုးရာသီလေးလခန့် အတွင်းသာ ရွာသွန်းကြသည်။ နှစ်စဉ် ရွာသွန်းမိုး၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ဤကာလတွင်ရရှိသည်။ ကျန် ၂၀ ရာခိုင်နှုန်းခန့်သော မိုးရေမှာ လပေါင်းရှစ်လခန့် အချိန်ယူရွာသွန်းသည်။

ဤသို့ဖြစ်ရခြင်းမှာ မိမိတို့နိုင်ငံ၏ ရာသီဥတုပုံစံအရ ဖြစ်နေခြင်းဖြစ်သည်။ ဤပြဿနာကြောင့် နှစ်စဉ် မိုးရေချိန် ၅၀၀၀ မီလီမီတာ (၂၀၀ လက်မ) ခန့် ရွာသွန်းပါသည်ဆိုသော ကမ်းရိုးတန်းဒေသများမှာပင် နွေ ရာသီရေရှားပါးမှုဖြစ်နေသည်။

သဘာဝကိုမူ ပြုပြင်ရန်မဖြစ်နိုင်ပါ။ သဘာဝကပေးသော အခြေအနေကို ပြုပြင်ဖန်တီးပြီး ပြန်လည် ပြည့်ဖြိုးမြဲရေကို တစ်နှစ်ပတ်လုံးသုံးနိုင်အောင်ကြိုးစား၊ ကြံစည်ကြရန်သာဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင်  မိုးရာသီနှင့်  နွေရာသီစီးဆင်းရေသည် အဆမတန်ကွာဟနေ၍ ရေကြီး ရေလျှံခြင်းနှင့် ရေရှားပါးခြင်းတို့ တွေ့ကြုံနေကြရခြင်း ဖြစ်သည်။ အချက်အလက်တချို့ကို လေ့လာ ကြည့်သင့်သည်။ မြန်မာနိုင်ငံရှိ ရေစီးရေလာကောင်းသောမြစ်ကြီးများမှာ   ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်၊ တနင်္သာရီမြစ်၊ လေးမြို့မြစ်၊ ကုလားတန်မြစ်၊ မြစ်မခမြစ်၊ ဘီးလင်းမြစ် တို့သည် ရေစီးရေလာအလွန်ကောင်းသော မြစ်များဖြစ်ကြသည်။

ဆက်လက်ဖော်ပြပါမည်။