AI  ပစ္စည်းတစ်ခုက ဦးနှောက်အကျိတ်များကို အချိန်တိုအတွင်း အမျိုးအစားခွဲပေးနိုင်

 

AI  ပစ္စည်းတစ်ခုက ဦးနှောက်အကျိတ်များကို အချိန်တိုအတွင်း အမျိုးအစားခွဲပေးနိုင်

သြစတြေးလျနိုင်ငံမှ  သိပ္ပံပညာရှင်များ တီထွင်လိုက်သော AI  နည်းပညာသုံးပစ္စည်းတစ်ခုသည်   ဦးနှောက် အကျိတ်များကို အချိန်တိုအတွင်း   တိကျစွာအမျိုးအစားခွဲပေးနိုင်ကြောင်း သိရသည်။

သြစတြေးလျအမျိုးသားတက္ကသိုလ်မှ သုတေသနပညာရှင်များက   ဦးနှောက်အကျိတ်အမျိုးအစား ၁၀ မျိုးကိုခွဲခြားပေး နိုင်သည့် DEPLOY အမည်ရှိ AI နည်းပညာသုံးပစ္စည်းတစ်မျိုးကို ဖန်တီးထားခြင်း ဖြစ်သည်။

AI အနေဖြင့် ဦးနှောက်အကျိတ်များကို အမျိုးအစား ခွဲပေးနိုင်ရေးအတွက် လူနာ၏ အနုစိတ်ဦးနှောက် တစ်သျှူးပုံရိပ်များကို ကြည့်ရှုလေ့လာခြင်း ဖြစ်သည်။

လက်ရှိတွင်  ဦးနှောက်အကျိတ်များကို အမျိုးအစားခွဲခြားနိုင်ရေးအတွက်  အသုံးပြုနေသောနည်းလမ်းသည် အချိန်အားဖြင့် သီတင်းပတ်ပေါင်းများစွာ  ကြာမြင့်ပြီး ကျယ်ကျယ်ပြန့်ပြန်  အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း     ပူးတွဲသုတေသနအဖွဲ့ ခေါင်းဆောင်ဒန်တိုင်ဟောင်းက ပြောသည်။

ထို့ကြောင့် လက်ရှိနည်းပညာနှင့် AI အသုံးပြုနည်းပညာတို့ကို  နှိုင်းယှဉ်ပါက AI သည် နာရီပိုင်းအတွင်းမှာပင် အဖြေ ထုတ်ပေးနိုင်သည့်အပြင် DEPLOY ၏တိကျမှုသည် ၉၅ ရာခိုင်နှုန်းအထိရှိသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။

သုတေသနပညာရှင်များသည် အဆိုပါ DEPLOY ကို အမေရိကန်နှင့်ဥရောပရှိ ဦးနှောက်အကျိတ်လူနာ ၄၀၀၀ နီးပါး၏ အချက်အလက်များနှင့် သင်ကြားလေ့ကျင့်ပေးထားခြင်း ဖြစ်သည်။

ထို့ပြင် DEPLOY သည် တခြားသော ကင်ဆာအမျိုးအစားများကိုလည်း  အမျိုးအစားခွဲခြားပေးနိုင်စွမ်းရှိမည်ဟု သုတေသနပညာရှင်များက ယုံကြည်ထားကြောင်း သိရသည်။

Ref: Xinhua