ဆေးဖက်ဝင် ပြောင်းဖူးဆီအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

 

ဆေးဖက်ဝင် ပြောင်းဖူးဆီအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

မြန်မာနိုင်ငံ၌ ပြောင်းသီးနှံကို  ရာသီမရွေး   သီးထပ်အဖြစ်စိုက်ပျိုးနိုင်ပြီး လက်ရှိအချိန်တွင်        မြန်မာနိုင်ငံအလယ်ပိုင်းသာမက ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်တို့၌လှိုင်လှိုင်ထွက်နေပြီး နေပြည်တော်၊ တပ်ကုန်း၊   ပျဉ်းမနားမြို့နယ် တို့မှာလည်း    ပြောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။

ပြောင်းဖူးဆီ (maize oil) သည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံးစိုက်ပျိုးသီးနှံ တစ်မျိုးဖြစ်သော ပြောင်းဖူးမှထုတ်ယူထားသောဆီဖြစ်သည်။   ပြောင်းဖူးဆီဖြင့် ချက်ပြုတ်ရာတွင် အခြားသောဆီများ

ထက် မီးခိုးငွေ့ထွက်ရှိမှုပိုသော်လည်း အဆင့်ဆင့် သန့်စင်ထားသောဆီဖြစ်၍ အဖိုးတန်သောဆီ ဖြစ်သည်။ ပြောင်းဖူးဆီ၏ အားသာချက်များမှာ  အကြော်ခံခြင်း၊ အခြားသော ဟင်းသီးဟင်းရွက်ဆီ၊ အစေ့အဆန်ဆီ  အမျိုးအစားများထက် ဈေးနှုန်းချိုသာခြင်းတို့ကြောင့်  တွက်ခြေကိုက်သဖြင့် အိမ်ရှင်မများနှင့် တစ်နိုင်တစ်ပိုင် အကြော်အလှော်လုပ်ငန်းလုပ်သူများက ပြောင်းဖူးဆီကို   အကြိုက် တွေ့နေကြသည်။ ထို့ကြောင့်   ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြောင်းဖူးဆီက       လူကြိုက်အများဆုံး “စားသုံးဆီ” တစ်ခုဟု  ဆိုနိုင်သည်။

ပြောင်းဖူးဆီထုတ်လုပ်ပုံ

ပြောင်းဖူးဆီ  ထုတ်လုပ်ပုံကို သုတ တစ်ရပ်အနေဖြင့်   မျှဝေလိုပါသည်။ ပြောင်းဖူးစေ့၏ အပြင်ဆုံးအလွှာမှာ အခွံ (Hull) ဖြစ်သည်။ အခွံ၏အလေးချိန် သည် ပြောင်းဖူးစေ့အလေးချိန်၏  ၆ ရာခိုင်နှုန်းရှိပြီး အစားအစာထုတ်လုပ်မှု အပိုင်းအတွက် အခြေခံကျသော ပါဝင်ပစ္စည် တစ်မျိုးဖြစ်သည်။ ပြောင်းပင်အမျိုးအစားပေါ်မူတည်၍ မျိုးစေ့တွင် ဆီပါဝင်မှုကပျမ်းမျှ ၅၀ ရာခိုင်နှုန်းထိ ရှိနိုင်သည်။ ကျန်အစိတ်အပိုင်းများမှာ အစေ့တွင်းစာများဖြစ်ပြီး စတာ့ချ် (Starch)၊ ပရိုတင်း (Protein) ၊ ကော်ဓာတ် (Gluten) စသည်တို့ဖြင့် အလွယ်တကူခွဲထုတ်မရနိုင်အောင် တစ်သားတည်း ရောနှောဖွဲ့စည်းထားသည်။ ထိုဖွဲ့စည်းထားသော ပြောင်းဖူးစေ့၏ အတွင်းပိုင်းရှိ ပြောင်းမျိုးစေ့ (Germ) ကို သန့်စင်ခွဲထုတ်လိုက်ရာ  ပြောင်းဖူးစေ့ ဆီကြမ်းကိုရရှိသည်။   ၎င်းင်းဆီကြမ်းကို တိုက်ရိုက်စားသုံးနိုင်သော်လည်း  ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ကျန်းမာရေးနှင့်

ညီညွတ်သည့်  ရောင်းတမ်းဝင် စားသုံးဆီဖြစ်ရန် ဓာတုဗေဒနည်းဖြင့် အဆင့်ဆင့် သန့်စင်ရသည်။   ထိုအခါသန့်စင်ပြီး ပြောင်းဖူးစေ့ဆီ  (Edible  Corn  Oil) ဖြစ်လာသည်။    

ဘက်စုံသုံးပြောင်းဖူးဆီ

 ပြောင်းဖူးဆီက လူသားတို့ကျန်းမာရေးအတွက် စားသုံးဆီဖြစ်သည့်အပြင် အခြားနည်းလမ်းများ အတွက်လည်း အသုံးပြုနိုင်ပါသည်။ ပြည်ပနိုင်ငံများ၌ ပြောင်းဖူးဆီကို မာဂျရင်းများ(ထောပတ်တု) ပြုလုပ်ရာတွင်   အဓိကထည့်ဝင်သုံးစွဲကြသည်။ ပြောင်းဆီသည် ဇီဝဒီဇယ်အတွက် အသုံးပြုသော အစားအစာတစ်ခုလည်းဖြစ်ကြောင်း လေ့လာသိရှိရသည်။ အခြားစက်မှုလုပ်ငန်းသုံးများဖြစ်ကြသော  ဆပ်ပြာ၊ ဆား၊ ဆေး၊ ခဲဖျက်များ၊ သတ္တုမျက်နှာပြင်များအတွက် သံချေးတက်ခြင်း၊ မင်များ၊ အထည် အလိပ်များ၊   နိုက်ထရိုဂလီဆာရင်းနှင့် ပိုးသတ်ဆေးများထုတ်လုပ်ရာတွင်လည်း ပြောင်းဖူးဆီကို အသုံးပြုကြသည်။  ထိုမျှမက အိမ်သုံးဆေးဝါးတချို့ဖော်စပ်ရာ၌    ဆေးဝါးမော်လီကျူးများအတွက် ပြောင်းဖူးဆီကို သုံးသည်။

ပြောင်းဖူးဆီနှင့်ကျန်းမာရေး

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ USDA (United States Department of Agriculture)    ခေါ် အမေရိကန် စိုက်ပျိုးရေးဌာန၏ ဆန်းစစ်မှု မှတ်တမ်းများအရ ၁၀၀ ဂရမ် အလေးချိန်ရှိသော ပြောင်းဖူးဆီထဲတွင်  ကယ်လိုရီ ၉၀၀၊ အဆီအစုအဝေး ၁၀၀ ဂရမ်၊ ပြည့်၀ဆီ ၁၃ ဂရမ်တို့ပါရှိနေပြီး လူကိုဘေးဖြစ်စေတတ်သော ကိုလက်စထရော၊ ဆိုဒီယမ် နှင့် သကြားဓာတ်တို့ လုံးဝမပါရှိကြောင်း သိရသည်။

-ပြောင်းဖူးဆီထဲတွင်ပါရှိသော လူသားအကျိုးပြု မပြည့်ဝဆီသည်  သွေးတိုးရောဂါရှိသော အမျိုးသားများကို ၁၂ ရာခိုင်နှုန်းသွေးကျစေပြီး အမျိုးသမီးများကို ၅ ရာခိုင်နှုန်း သွေးကျစေသည်။

-ဆီးအိမ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ကျောက်ကပ်နှင့်ဆိုင်သောရောဂါအမျိုးမျိုးတို့ကို ကုသပေးနိုင်စွမ်းရှိသည်။

-ပြောင်းဖူးသည်  ကောက်နှံပင်များထဲတွင် ကယ်လိုရီဓာတ် အမြင့်မားဆုံးဖြစ်၍     လူကို ခွန်အားဖြစ်စေရုံသာမက ၎င်းထဲတွင်   ပါရှိသောဗီတာမင်ဘီ ဓာတ်ပေါင်းစုသည် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာများကို ကူညီပေးသဖြင့် သက်လုံကောင်း စေသည်။

-ပြောင်းဖူးဆီသည်  ခန္ဓာကိုယ်ထဲရှိ မကောင်းသော ကိုလက်စထရောကို လျှော့ချပေးနိုင် ကြောင်း အမေရိကန်ထုတ် Nutritional Biochemistry ဆေးဂျာနယ်တွင် ဖော်ပြ ထားသည်။ ထို့ပြင် ချေဖျက်လွယ်သော အမျှင်ဓာတ်အမြောက်အမြားပါရှိပြီး ကိုလက်စထရော ကျစေသဖြင့်   ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ စားသုံးပေးသင့်သည်။

-ပြောင်းဖူးဆီထဲတွင်   ပါရှိသော မပြည့်ဝဆီသည်  နှလုံးသွေးကြောများကို သန်မာစေပြီး  နှလုံးသွေးစီးဆင်းမှုကို အထောက်အကူပြုကာ နှလုံးကျန်းမာစေကြောင်း၊    မကောင်းသည့် ကိုလက်စထရောအဆင့်များကိုကျဆင်းစေနိုင်ပြီး သွေးကြောများကို သန့်စင်စေကာ  သွေးခဲ ပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်နိုင်ကြောင်း၊ နှလုံးရောဂါနှင့်   ဆက်စပ်သော လေဖြတ်ခြင်းကို လည်း မဖြစ်စေနိုင်ကြောင်း ကနေဒါနိုင်ငံရှိ ဆေးသိပ္ပံပညာရှင်များက ယခုလို အကြံပြု ထားသည်။  ထိုအဆိုကို ဘော့စတွန်ရှိသူနာပြုအဖွဲ့မှလည်း    အတည်ပြုထောက်ခံထားသည်။

-အသက်ရှူလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုစေနိုင်သဖြင့် ကလေးငယ်များနှင့်  သက်ကြီးရွယ်အိုများလည်း ပြောင်းဖူးဆီကို စားပေးသင့်သည်။

-ပြောင်းဖူးဆီက   အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဝမ်းပျော့ပျော့သက်စေနိုင် သဖြင့်   လိပ်ခေါင်းနှင့် အူမကြီးကင်ဆာတို့ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း ကနေဒါဆေးသိပ္ပံပညာရှင်များက အကြံပြုထားသည်။

-Beta Cryptoxanthin ဓာတ်ပါဝင်သောကြောင့် ပြောင်းဖူးနှင့် ပြောင်းဖူးဆီတို့ကို ပုံမှန်စားပေးပါက အဆုတ်ကင်ဆာဖြစ်နှုန်း  ၃၇ ရာခိုင်နှုန်း လျော့ကျစေသည်။   ရင်သားနှင့် အသည်းကင်ဆာအကျိတ်များ ကြီးထွားလာမှုကိုလည်း   ဟန့်တားပေးနိုင်သည်။

-ပြောင်းဖူးဆီထဲတွင်ပါရှိသော   Linoleic  အက်စစ်နှင့်  ကဆီဓာတ်တို့သည်  အသားအရေကို  ချောမွေ့စေပြီး  အဖုအပိမ့်၊  အနီစက်များ မဖြစ်စေနိုင်ပေ။ ထို့ကြောင့်   နိုင်ငံအချို့တွင် ပြောင်းဖူးဆီကိုအခြေခံ၍ အလှကုန်ပစ္စည်းများနှင့်  အရွယ်တင် နုပျိုစေသော ဆေးဝါးပစ္စည်း များတွင် ထည့်သွင်းအသုံးပြုနေကြသည်။

-ပြောင်းဖူးကဲ့သို့ အဝါရောင်တောက်တောက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများထဲတွင် ဗီတာမင်အေ ကြွယ်ဝစွာပါရှိခြင်းကြောင့် မျက်စိကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်စေ သည်။  နိုင်ငံတကာ  စိုက်ပျိုးရေးသုတေသနပညာရှင်အဖွဲ့၏ မှတ်တမ်းများအရ ပြောင်းဖူးနှင့် ပြောင်းဖူးဆီတို့သည် အသက်ကြီး၍ အမြင်အာရုံခံလွှာပျက်စီးခြင်းနှင့် အတွင်းတိမ် ရောဂါတို့ကို ကာကွယ်ပေးနိုင်ကြောင်း၊ မွေးရာပါကလေးများ  မျက်စိကွယ်ခြင်းကို တားဆီးနိုင် ကြောင်း အကြံပြုထားသည်။

-ပြောင်းဖူးတွင် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်သော   Ferulic အက်စစ် များစွာပါရှိသဖြင့်    ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေသည်။

-ပြောင်းဖူးဆီတွင်ပါရှိသော ဘိုင်အိုတင်(Biotin) ဓာတ်က ဆံသားများကို ကျန်းမာသန်စွမ်း စေသော အာနိသင်ရှိသည်။

-ဟင်းသီးဟင်းရွက်၊  အသီးအနှံများ၌ တွေ့ရခဲသော ရှားရှားပါးပါး  ဗီတာမင်ဘီ-၅ ကို ပြောင်းဖူးဆီတွင်တွေ့ရပြီး ၎င်းဓာတ်က ကျောက်ကပ်၏အပေါ်ဘက်နားရှိ  အက်ဒရီ နယ်ဂလင်းမှ မျိုးပွားဟော်မုန်းများ ထွက်ရှိလာခြင်းကို အားပေးသဖြင့်  သားသမီးယူရန် ကြိုးစားသော   မိဘလောင်းများပြောင်းဖူးဆီကို နေ့စဉ်သုံးစားသောက်ဆီအဖြစ်     ချက်ပြုတ် စားသင့်သည်။

ပြောင်းဖူးဆီဖြင့် အသားအရေထိန်းသိမ်းနည်း

-ပြောင်းဖူးဆီနှင့်    မိမိလိမ်းနေကျမျက်နှာသန့် ဃူနညျေနမ တို့ကို ပျစ်နေအောင်နယ်ပါ။ အရောအနှောတို့ကို မျက်နှာပေါ်တွင် စက်ဝိုင်းပုံသဏ္ဌာန် ဖြည်းဖြည်းချင်းအထဲသို့ စိမ့်ဝင် အောင် လိမ်းပေးပြီးနောက်  ဆယ်မိနစ်ခန့်အကြာတွင်  ရေနွေးဖြင့်ဆေးကြောသန့်စင်ပါ။ ထိုနည်းအတိုင်း တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိမှဲ့ခြောက်နှင့် ဆားဝက်ခြံများ ပျောက်ကင်းပြီး အသားအရေနူးညံ့ကာ    ဝင်းမွတ်စိုပြည်လာပါလိမ့်မည်။

-ခန္ဓာကိုယ်  အသားအရေအတွက် ပြောင်းဖူးဆီကို အသုံးပြုနိုင်သည်။ ရေမချိုးခင် နာရီဝက်ခန့် ကြိုတင်၍ ပြောင်းဖူးဆီဖြင့် ခန္ဓာကိုယ်အနှံ့ပွတ်တိုက် နှိပ်နယ်ပေးပါ။   ပြီးနောက် မိမိသုံးနေကျ ဆပ်ပြာဖြင့်ရေချိုးပါ။ အံ့ဖွယ်ကောင်းအောင် နူးညံ့ပျော့ပျောင်းသော အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

(သတိပြုရန်)

(က) ပြောင်းဖူးဆီက ကယ်လိုရီပါဝင်မှု လွန်စွာမြင့်မားသဖြင့် ပုံမှန်ထက်  ကိုယ်အလေးချိန်များသူများ အထူးရှောင်ရှားသင့်သည်။

(ခ) ပြောင်းဖူးဆီက အခြားဟင်းသီးဟင်းရွက်သီးနှံဆီများထက် ဝမ်းပျော့စေသောအာနိသင်ရှိ၍ ဝမ်းနူးလွယ်သူများ၊  ဝမ်းလျှောရောဂါရှိသူများရှောင်ပါ။

အချုပ်အားဖြင့်ဆိုသော်  ဈေးနှုန်းကြီးမြင့်သောအစားအစာများကိုသာ အကောင်းဆုံးအစားအစာဟု လုံးဝမယူဆသင့်ပေ။ ကျန်းမာရေးအတွက်   အကောင်းဆုံးအကျိုးပြုမည့်     အစားအစာကိုသာ အကောင်းဆုံးအစားအစာဟု မှတ်ယူသင့်သည်။ ပြောင်းဖူးဆီက   အခြားသော ဟင်းသီးဟင်းရွက် သီးနှံဆီ အမျိုးအစားများထက် ဈေးနှုန်းအတန်ငယ်ချိုသဖြင့်လျှော့မတွက်သင့်ပေ။ ထို့ပြင်  ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးနည်းလှသော ဆေးဖက်ဝင်ပြောင်းဖူးဆီကို အလေ့အကျင့်လုပ်၍  စားသုံးကြစေလိုပါသည်။

တင်ထက်ထက်ဇော်