ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့်ဒုံဝန်းဘူတာအကြား တံတားအမှတ် (၇၈) မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များကြန့်ကြာမှုဖြစ်

ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့်ဒုံဝန်းဘူတာအကြား တံတားအမှတ် (၇၈) မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များကြန့်ကြာမှုဖြစ်

နေပြည်တော်  မေ  ၂၁

မေလ ၂၀ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်း၊ သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား၊ မိုင်တိုင်အမှတ်၊  ၁၂၄/၁၄-၁၃ ရှိ  တံတားအမှတ်-၇၈ ပေ ၆၀ အောက်ခံ သံပေါင်တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။ 

မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင်ရောက်ရှိလာပြီး နယ်မြေရှင်းလင်းစစ်ဆေးခဲ့ရာ တံတားမရောက်မီ ရန်ကုန်ဘက်ခြမ်းပေ(၁၀၀၀)အကွာကားလမ်းကူးနေရာတွင် ပလတ်စတစ်အိတ် အမည်းရောင်ဖြင့်ထုတ်ထားပြီး ဝိုင်ယာကြိုးသွယ်တန်းထားသည့် ရှေ့ထွက်ကြီးကြပ်မိုင်း (၁)လုံးအား တွေ့ရှိရ၍ သက်မဲ့ပြုလုပ်ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း၊ တံတားပေါ် တွင် (၄)နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားထားကြောင်း၊ (၁)နေရာစီတွင် သံလမ်းဘယ်/ညာ(၁)ပေ ခန့်စီ ပြတ်တောက် ပျက်စီးနေကြောင်း သိရှိရပါသည်။ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် သိမ်ဆိပ် - ဒုံဝန်းရထားလမ်းပိုင်းအား ခေတ္တပိတ်၍ လမ်းပိုင်းအချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာ့ မီးရထား တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၁၄ မိနစ်တွင်လမ်းပိုင်း အား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာမည့်   အမှတ်(၈၁)အဆန် ရန်ကုန်-မော်လမြိုင် လူစီးရထားအား နံနက် ၈ နာရီ အချိန်မှ စတင် စေလွှတ် နိုင်ခဲ့သဖြင့် ပုံမှန်ထွက်ခွာချိန်ထက် ၁ နာရီ ၃၀ မိနစ်ကြန့်ကြာစေခဲ့ပါသည်။ အမှတ် (၈၂)အစုန် မော်လမြိုင်-ရန်ကုန်လူစီးရထားသည် မော်လမြိုင်ဘူတာမှ အချိန်မှန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ထွက်ခွာနိုင်ခဲ့ပါသည်။ သထုံဘူတာမှ ယနေ့ နံနက် ၆ နာရီတွင် ထွက်ခွာရန် အသင့်ရှိနေသော အမှတ်(၆၈၆) အစုန်ကုန်ရထားအား ခေတ္တစောင့်ဆိုင်းစေခဲ့ရပြီး လမ်းပိုင်းပြန်လည်ဖွင့်လှစ်သည့် အချိန်မှ သာ စေလွှတ်နိုင်ခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၅)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲ ဖျက်ဆီးခြင်း (၁၆၃) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန် ခဲ့ကြပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင် ပြေချောမွေ့ မြန်ဆန် စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ  ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊   ရထားပို့ဆောင်ရေးစနစ်အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှု မရှိစေရေး အတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်း ရရှိပါသည်။

မြန်မာ့မီးရထား