ဂျပန်အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလေးစားလက်ခံရန် နိုင်ငံရေးသမားများတိုက်တွန်း

ဂျပန်အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလေးစားလက်ခံရန် နိုင်ငံရေးသမားများတိုက်တွန်း

တိုကျို၊ နိုင်ငံရေး

ဂျပန်အစိုးရအနေဖြင့် တရုတ်နိုင်ငံကို ရန်သူအဖြစ်သတ်မှတ်နေမည့်အစား တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားပြီးလက်ခံရန် ဂျပန်နိုင်ငံရေးသမားများနှင့် ကျွမ်းကျင် ပညာရှင်များက တိုက်တွန်း လိုက်ကြောင်းသိရသည်။

“ဂျပန်အစိုးရအနေနဲ့ တရုတ်တစ်နိုင်ငံတည်းဆိုတဲ့မူဝါဒကို အပြည့်အဝနားလည်ဖို့ အရေးကြီးပါတယ်။ ထိုမူဝါဒရဲ့ အဓိပ္ပာယ်က ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဆိုတာ တစ်နိုင်ငံတည်းသာရှိတယ်ဆိုတဲ့ သဘော၊ ထိုင်ဝမ်ကျွန်းဆိုတာက တရုတ်ပြည်မကြီးကနေ ခွဲထုတ်လို့မရတဲ့နေရာ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသာလျှင် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ်ဟောင်း ယူကီအိုဟာတိုယာမာက စာတမ်းဖတ်ပွဲတစ်ခု၌ ပြောသည်။

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ထိုအခြေအနေကို လေးစားလက်ခံရမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကောင်းမွန်စွာနားလည်ပြီး   နားလည်မှုရှိစွာ ပြုမူမည်ဆိုပါက ထိုင်ဝမ်ဆိုသည်မှာ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း၊ အနည်းဆုံးအနေဖြင့် ဂျပန်နိုင်ငံ က ထိုအခြေအနေကိုရန်စခြင်းမပြုသင့်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုင်ဝမ်ကျွန်းဒေသခေါင်းဆောင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဂျပန်လွှတ်တော်အမတ်အယောက် ၃၀ ကျော်သွားတက်ခြင်းသည် စိုးရိမ်ဖွယ်ကိစ္စဖြစ်ကြောင်း၊ “ကိုယ်ကနှစ်သက်သဘောကျသည့်အရာကိုသာ ကိုယ်ကလုပ်ဆောင်သင့်ကြောင်း” ဟု၎င်းက ပြောထားသည်။

ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံက တစ်နိုင်ငံတည်းသာရှိသည်ဟူသော သဘောတရားကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ဖြင့်အတည်ပြုသတ်မှတ်ထားပြီး ဖြစ်သည်။

ဂျပန်နိုင်ငံက တရုတ်နိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး တည်ဆောက်သည့်အခါ အဆိုပါတရုတ် တစ်နိုင်ငံတည်း ဟူသောသဘောတရားကို အပြည့်အဝနားလည်ကြောင်းနှင့် လေးစားကြောင်း ပြောဆိုထားသည်။

ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့ပေးခဲ့သော ကတိများကို တည်သင့်ကြောင်း၊ တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဒေသအရေးနှင့်ပတ်သက်၍ ရန်စသောအပြုအမူများကို ရှောင်ရှားသင့်ကြောင်း ဂျပန်နိုင်ငံဆိုင် ရာ တရုတ်သံအမတ်ကြီး ဝူကျန်းဟောင်က ပြောသည်။                  

Ref: CD