အီရန်က သမ္မတရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်မည်

အီရန်က သမ္မတရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်မည်

တီဟီရန်၊ နိုင်ငံရေး

အီရန်နိုင်ငံက ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်တွင်ပြုလုပ်ရန် အီရန်အစိုးရက ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

လက်ရှိခေတ္တသမ္မတ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားရေးဆိုင်ရာဒုတိယဥက္ကဋ္ဌ၊ အီရန် ဖွဲ့စည်းပုံဆိုင်ရာကောင်စီနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်သည့် အစည်းအဝေး၌  သမ္မတရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို အတည်ပြုဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနှင့်တာဝန်ရှိသူများလိုက်ပါလာသော ရဟတ်ယာဉ်သည် မေလ ၁၉ ရက် တွင်ပျက်ကျရာ လိုက်ပါလာသူအားလုံး ကွယ်လွန်သွားပြီဖြစ်ကြောင်း အစိုးရက မေလ ၂၀ ရက်တွင် အတည်ပြုထုတ်ပြန်ပြီးနောက် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန်စီစဉ်ကြခြင်း ဖြစ်သည်။

အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၁ အရ သမ္မတက ၎င်း၏တာဝန်များကို မထမ်းဆောင်နိုင်ချိန်တွင် ဒုတိယသမ္မတ (၁) က ခေတ္တသမ္မတအဖြစ်တာဝန်ယူပြီး ရက်ပေါင်း ၅၀ အတွင်း သမ္မတ ရွေးကောက်ပွဲကို ကျင်းပပေးရမည်ဟု ဖော်ပြထားသည်။

လက်ရှိသတ်မှတ်လိုက်သည့် ရွေးကောက်ပွဲပြုလုပ်မည့်ရက်စွဲအရ ရွေးကောက်ပွဲတွင် ပါဝင်လိုသူများ သည် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အတွင်း မှတ်ပုံတင်နိုင်ပြီး ဇွန်လ ၁၂ ရက်မှ ၂၇ ရက်အတွင်း ရွေးကောက်ပွဲ မဲဆွယ်မှုများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။                                                                                         

Ref: CD