အနောက်အုပ်စုက အာကာသကိုစစ်ပုံပြုနေကြောင်းဝန်ခံဟု ရုရှားပြော

အနောက်အုပ်စုက အာကာသကိုစစ်ပုံပြုနေကြောင်းဝန်ခံဟု ရုရှားပြော

နယူးယောက်၊ စစ်ရေး

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက အာကာသကိုစစ်ပုံပြုနေကြောင်း ဝန်ခံလိုက်ပြီဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗာဆီလီနီဘန်ဇီယာက ပြောသည်။

ထိုသို့ပြောရသည့်  အကြောင်းရင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ရုရှားနိုင်ငံက တင်သွင်းသော မူကြမ်းတစ်ခုကို ပယ်ချလိုက်ခြင်းကြောင့်ဖြစ်သည်ဟု ဘန်ဇီယာကပြောသည်။

ရုရှားအစိုးရသည် အာကာသအတွင်းစစ်လက်နက် ပစ္စည်းအပြိုင်တပ်ဆင်မှုကို တားဆီးကာကွယ်ပေးရန်  အဆိုမူကြမ်း တင်သွင်းခြင်း ဖြစ်သည်။

အဆိုပါမူကြမ်းကို   ရုရှား၊ တရုတ်၊ အယ်ဂျီးရီးယားအစရှိသည့်နိုင်ငံအချို့က ထောက်ခံမဲပေးသော်လည်း  အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်အစရှိသည့်  နိုင်ငံများက ကန့်ကွက်မဲပေးသည်။

ယခုအဆိုမူကြမ်းကို ကန့်ကွက်သည့်နိုင်ငံများသည် ဧပြီလတုန်းက အာကာသကိုငြိမ်းချမ်းစေမည်ဟု   ကတိပြုခဲ့သည့် နိုင်ငံများဖြစ်ကြောင်း၊ ယခုအခါ သူတို့၏စိတ်ရင်းအမှန်ဖြစ်သည့် အာကာသကို စစ်ပုံပြုရေး ရည်မှန်းချက်ပေါ်ထွက်လာ ပြီဖြစ်ကြောင်းနှင့် ထို့အတွက်သင့်လျော်သော လက်နက်များ ကိုလည်း ဖန်တီးနေကြောင်း ဘန်ဇီယာက ဆက်ပြောထားသည်။

ထို့ပြင် ယင်းကဲ့သို့အဆိုကိုကန့်ကွက်ခြင်းမှနေ၍ အာကာသအတွင်း ငြိမ်းချမ်းရေးရရှိစေလိုသူမှာ မည်သူဖြစ်ပြီး စစ်ပုံပြုနေသူမှာ မည်သူဖြစ်ကြောင်းတို့ကို သဲသဲကွဲကွဲသိသွားစေပြီ ဖြစ်သောကြောင့်  ကျေနပ်ကြောင်း  ဘန်ဇီယာက ပြောထားသည်ဟု သိရသည်။

Ref: Sputnik