ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍ ဘက်စုံမြှင့်တင်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍ ဘက်စုံမြှင့်တင်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူး  မေ   ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍဘက်စုံမြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှု   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးတော ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ ၁၃၅ ဧက နွေနှမ်းဆင်းရတနာ(၃) အထူးဇုန် စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသကြက်မွေးမြူရေးနှင့် နို့စားနွားမွေးမြူနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တစ်နှစ် နှစ်သီးစိုက်ဧကများတွင် တစ်နှစ်သုံးသီး သီးထပ်စွမ်းအား တိုးတက်စေရေးအတွက် ဆည်ကြီး ကုန်း ရေပိုလွှဲပြုပြင်ခြင်း၊ ရေထုတ်ပြွန်အဆင့်မြှင့်တင်ခြင်းနှင့် ရေပေးမြောင်းအရှည် ၇၅၀၀ ပေ ပြန်လည်တူးဖော်ခြင်းတို့အား ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ် ကြူတော ကန်ကျေးရွာအုပ်စု၌ YSR-1(Yezin Super Rice) စံပြမျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက် ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ယခုစိုက်ပျိုးသည့် YSR-1 သည် တစ်ဧက တင်း ၁၄၀ မှ ၁၅၀ အထိထွက်ရှိခြင်း၊ စားသုံးမှုကောင်းမွန်ခြင်း၊ ဆန်သားကြည်၍ ဆန်လုံးရှည်သွယ်ခြင်း၊ ကုပ်ကျိုး ရောဂါဒဏ်ခံနိုင်ခြင်း၊ ဖြုတ်ညိုပိုးဒဏ်ခံနိုင်ခြင်း၊ မြေသြဇာတုံ့ပြန်မှုကောင်းမွန်ခြင်းနှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ဝင်သဖြင့် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရေး အသိပညာပေး ပြောကြားခဲ့ကာ မိုးစပါး စိုက်ရာသီတွင် မျိုးစပါးလုံလောက်မှုရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် လင်းလွန်ပင်ကျေးရွာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Mobile Solar ရေတင်စနစ်ဖြင့် စားဖိုဆောင်သီးနှံ တစ်ကွင်း တစ်ဆက်တည်း ၅၀ ဧကစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုနှင့် မင်းလှမြို့ ရွှေဝါမြိုင် သစ်တောပျိုး ဥယျာဉ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မိုးရာသီတစ်အုပ် တစ်မသစ်ပင် စိုက်ပျိုးနိုင်ရေး အရိပ်ရသီးပင်စားပင်  အပင်ရေ ငါးသိန်းကျော် ပျိုးထောင်ထားရှိမှုနှင့် ရိုဘက်စရာကော်ဖီ ပျိုးထောင် ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး  ရာသီဥတုဖောက်ပြန်မှုကို  သစ်ပင်စိုက်ပျိုးခြင်းမှသာ အကောင်း ဆုံး ကာကွယ်နိုင်မည်ဖြစ်၍ ကျေးရွာများ၊ ကျေးလက်လမ်းများ၊ ဆည်တမံရေဝင်ရေလွှဲ တောင်ပေါ် များတွင်လည်း စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 (၄၀၁)၊ တင်စိုး(ပဲခူး)