ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော်” အား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော်” အား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

နေပြည်တော်၊ မေ - ၂၂

ကဆုန်လပြည်နေ့ဖြစ်သည့် ယနေ့သည် ဘုရားအလောင်းတော် သုမေဓာရှင် ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်ဘုရားခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်းဆင်မြန်းခဲ့သော နေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သောနေ့ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်သည် ဗောဓိဟူသည့် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသော နေ့ဖြစ်ခြင်းနှင့် မြတ်ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဖြစ်ခြင်း တို့ကြောင့် ဗုဒ္ဓ ဘာသာဝင် သူတော်စင်တို့အတွက် အလွန်ပင်ထူးခြားမွန်မြတ်သည့်နေ့ထူးနေ့မြတ် ဖြစ်သည်။

မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားဖွားမြင်တော် မူသော နေ့တွင် အတူတကွဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော် ခုနှစ်ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိစေရန်များစွာ အထောက်အကူပြုခဲ့သည့်အတွက် မဟာဗောဓိပင်သည် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်ပါသည်။ ကဆုန်လသည် မြေဓာတ်တွင် ရေပြတ်လပ် သည့်နွေကာလဖြစ်သည့်အတွက် ဗောဓိပင်တော်များကို ကဆုန်ညောင်ရေသွန်း လောင်းခြင်းသည် မဟာဗောဓိပင်များ စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်းနှင့် သက်တော်ထင်ရှားရှိသော ဘုရားရှင်အား ပူဇော်ရာ ရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံအဖြစ် တည်ရှိစေရုံသာမက နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကိုလည်း နှလုံးစိတ်ဝမ်းအေးချမ်း စေလျက် တူညီသော အကျိုးတရားများကို ဖြစ်ထွန်းစေမည်ဖြစ်သည်။

ကဆုန်ညောင်ရေသွန်းလောင်းခြင်းသည် ညောင်ပင်များကို ညှိုးနွမ်းခြောက်သွေ့ ခြင်းမရှိဘဲ ရှင်သန်သကဲ့သို့ ဘုရားရှင်၏ သာသနာတော်သည် ရှင်သန်လျက်ရှိနေမည် သာဖြစ်ပါကြောင်းနှင့် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိ ပင်ကို အမှီပြု၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင် များက မြတ်စွာဘုရားရှင်အား ရည်မှန်းအားရုံပြု၍ ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက် “ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်း ပွဲတော်” ကို အစဉ်အလာအရ ကျင်းပသည့်ပွဲတော်အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့ တိုင်ပင်ဖြစ်သည်။

ထိုသို့ ကဆုန်ညောင်ရေ သွန်းလောင်းပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ဘုရားပုထိုးစေတီများ၌ ထုံးတမ်းစဉ်လာများအတိုင်း ယနေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက် ကြပြီး သတ်မှတ်နေရာများအလိုက် မဟာဗောဓိပင်များကို ညောင်ရေသွန်းလောင်းလှူ ကြ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ကြသည်။

ထို့ပြင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဉပုသ် သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရား‌တော်များ ရွတ်ပွားပူ ဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကုသိုလ်ဒါန သီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို အားထုတ်ဆောင်ရွက်ကြသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စည်ကား သိုက်မြိုက်စွာ လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။