နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ

နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ

ဇလွန်၊ လူမှုရေး

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်လူငယ်ရေးရာ ကော်မတီမှကြီးမှူး၍ နွေရာသီအဆင့်မြင့် အားကစား သင်တန်းများ ဆင်းပွဲအခမ်းအနားကို မေလ ၂၁ ရက် နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ အားကစား ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ယခုလို နွေရာသီ အဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းဖြင့် လူငယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုး တက်ပြီး အားကစားစိတ်ဓာတ်များ ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပြီး အားကစားသင်တန်းများ တက်ရောက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်၍ အသိဉာဏ်များပွင့်လန်းလာပြီး သူငယ်ချင်းများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း နှင့် တာဝန်ရှိသူများက သင်တန်းသား၊  သင်တန်းသူများအား သင်တန်းဆင်းလက် မှတ်နှင့်သင်တန်းတွင်ဆုရရှိသည့် သင်တန်းသားများအား ဆုတံဆိပ်များ ပေးအပ်ကြသည်။ ယင်းနောက် ကရာတေးဒို သင်တန်းသားများက သရုပ်ပြသကြကြောင်း သိရသည်။          

ဝေယံ(ဇလွန်ပြန်/ဆက်)