လူငယ်ဘောလုံးဖွံ့ဖြိုးရေး၊ အမျိုးသမီးဘောလုံးဖွံ့ဖြိုးရေး အကယ်ဒမီနှင့် လူငယ်ပြိုင်ပွဲများအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်ရန် MoU ရေးထိုး

လူငယ်ဘောလုံးဖွံ့ဖြိုးရေး၊ အမျိုးသမီးဘောလုံးဖွံ့ဖြိုးရေး အကယ်ဒမီနှင့် လူငယ်ပြိုင်ပွဲများအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်ရန် MoU ရေးထိုး

ရန်ကုန်  မေ ၂၂

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)သည် လူငယ်ဘောလုံးဖွံ့ဖြိုးရေး၊ အမျိုးသမီးဘောလုံးဖွံ့ဖြိုးရေး အကယ်ဒမီကျောင်းများနှင့် လူငယ်အသင်းပြိုင်ပွဲများအတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA)နှင့် ပူးပေါင်း ဆောင်ရွက်ရန် နှစ်ဖက်နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခြင်းကို ယနေ့ နံနက်ပိုင်း တွင် ဂျပန်နိုင်ငံ၌ပြုလုပ်သည်။

ယင်းလက်မှတ်ရေးထိုးခြင်းကို ဂျပန်နိုင်ငံရှိ JFA ရုံးချုပ်၌ပြုလုပ်ခဲ့ပြီး MoU ရေးထိုးခြင်းအခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) Senior Vice President၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဥက္ကဋ္ဌ Tsuneyasu Miyamoto တို့ တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြသည်။

နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်ခြင်းကို ကနဦးသုံးနှစ်ထားရှိရန် သဘောတူညီခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒိုင်လူကြီး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် မြန်မာလူငယ် ယူ-၁၂ အသင်းကို ဘာစီလိုနာ၊ဂျူဗီတပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များပါဝင်ယှဉ်ပြိုင်မည့် ယူ-၁၂ နိုင်ငံတကာဖိတ်ခေါ်လူငယ်ပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF