ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးစကားဝိုင်းကျင်းပ

ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးစကားဝိုင်းကျင်းပ

ရန်ကုန်၊ ပညာရေး

ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သင်္ဃန်းကျွန်းခရိုင်   အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံရေး စကားဝိုင်းကို မေလ ၂၁ ရက်က သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်သိန်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ မိဘများက အလေးထား ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ထို့နောက် သင်္ဃန်းကျွန်း မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့အတွင်းရေးမှူး ဒေါ်စန်းစန်းထွေးက ကျောင်းနေရမည့် အရွယ်တွင် ကျောင်းမအပ်နှံသည့်ကလေး များ ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကိုယ်စားပြု အခြေခံပညာ  အထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမဒေါ်ချောစုဝင်းက ကျောင်းအပ်နှံသော မူလတန်းအဆင့် ကလေးသူငယ်များကို ခဲတံ၊ ကျောင်းဝတ်စုံနှစ်စုံနှင့် ပုံနှိပ်၊ ဗလာစာအုပ်တို့ အခမဲ့ပေးအပ်မည်ဖြစ်ပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တွင် ပုံနှိပ် စာအုပ်၊ ခဲတံနှင့် ဘောပင်တို့ကို ထောက်ပံ့ပေးကြောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်လှိုင်မဉ္ဇူက ကျောင်းနေ အရွယ်ကလေးများအား မိမိတို့အဖွဲ့မှ စာရေးကိရိယာများကို လှူဒါန်းပေးကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသားမိဘ များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။    

သိန်းအောင်(သင်္ဃန်းကျွန်း)