ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့လုံးအနှံ့ ဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းသူ များ၊ ဆွမ်းဆန်စိမ်းလောင်းလှူကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့လုံးအနှံ့ ဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းသူ များ၊ ဆွမ်းဆန်စိမ်းလောင်းလှူကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

မန္တလေး   မေ   ၂၂

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများ၌ ဗုဒ္ဓါဘိသေကအနေကဇာတင် လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ မန္တလေးမြို့လုံးအနှံ့တွင် ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းကုသိုလ်ပြုသူများဖြင့် စည်ကား လျက်ရှိသည်။

ယနေ့နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင် တော်မြတ်အား ရေတော်ဆရာတော်အမှူးပြု၍ ဘုရားကြီး မျက်နှာသစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ဂေါပကအဖွဲ့ဝင်များ၊ ရဟန်းရှင်လူပြည်သူများ ဓမ္မစကြာဝတ်အသင်းများ၊ ဘာသာရေးအသင်းအဖွဲ့ များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊  ပန်းကပ်လှူပူဇော်ခြင်း၊ ခုနစ်နေ့နံဘုရားများတွင် ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်းများအပြင် မဟာမုနိပရိဝုဏ်အတွင်း   အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ မန္တလေးမြို့တွင်းရှိ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရဘုရား၊  ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ သကျသီဟဘုရား၊ ကျောက်စိမ်းစေတီတော်၊ အောင်တော်မူ မြတ်စွာဘုရား၊ ချမ်းသာကြီးဘုရားနှင့် ချမ်းသာရဘုရားတို့ တွင်လည်းဘုရားဖူးလာသူများ၊ ညောင်ရေ သွန်းလောင်းသူများဖြင့် အထူးစည်ကားလျက်ရှိပြီး အလှူရှင်များကလည်း စတုဒိသာ ကြာဆံဟင်း၊ ရေသန့်၊ အချိုရည်များဖြင့် လှူဒါန်းတိုက်ကျွေးကြသည်။

ထို့အတူ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်တွင် တည်ရှိသောမင်းတုန်းမင်း တရားကြီး စိုက်ပျိုး လှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်၊ မန္တလေးတောင်ခြေရှိ မဟာဗောဓိ ညောင်ပင်တို့တွင်လည်း  ညောင်ရေသွန်း လောင်းပူဇော်ပွဲများကျင်းပကြပြီး ညောင်ရေ သွန်းလောင်း ပူဇော်ကြသူများနှင့် ဘုရားဖူး လာပြည်သူများကို အလှူရှင်များက အအေး စတုဒိသာများဖြင့် တိုက်ကျွေးကုသိုလ်ပြုကြသည်။

ညနေပိုင်းတွင် မြို့နယ်၊ ရပ်ကွက်များရှိ ဘုရားများတွင် စိုက်ပျိုးထားရှိသည့် မဟာဗောဓိ ညောင်ပင်များ၌ လည်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကာ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် မန္တလေးမြို့ လုံးအနှံ့ စည်ကားလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်