ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပ

ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော်  မေ  ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်း ဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ စာတမ်းဖတ်ပွဲ သဘာပတိဆရာတော်ကြီးများဖြစ်ကြသည့် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)  ပါမောက္ခချုပ် ဆရာတော်   ဒေါက်တာ ဘဒ္ဒန္တကေသရနှင့်   အပြည်ပြည် ဆိုင်ရာ ထေရဝါဒ  ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ၊  စာတမ်းရှင်ဆရာတော်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဘာပတိ ဆရာတော် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရက အဖွင့်သြဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိဓဇက “ကဆုန်လပြည့်နေ့တွင် ဗျာဒိတ်တော်ခံယူတော်မူခဲ့သည့် မြတ်ဗုဒ္ဓ၏ ထူးခြားဖြစ်စဉ်များနှင့် မဟာ ဗောဓိပူဇာ” စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမောက္ခ/ ဌာနမှူး ဆရာတော် ဒေါက်တာဘဒ္ဒန္တအာစိဏ္ဏက   “အလောင်းတော်မြတ်၏ ပါရမီခရီး၊  ဝေဿန္တရာမင်းအဖြစ်  မွေးဖွားခြင်း” စာတမ်းတို့ကို ဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင်ဆရာတော်များ က ပြန်လည် ဖြေကြားကြသည်။

ယင်းနောက် သဘာပတိဆရာတော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်  ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရက သြဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) အဘိဓမ္မပိဋကမဟာဌာန ပါမောက္ခ/ ဌာနမှူး ဆရာတော် ဒေါက်တာဘဒ္ဒန္တထေရိန္ဒက “သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ် ပွင့်တော်မူခြင်း” စာတမ်းနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန၊  ကထိက ဆရာတော် ဘဒ္ဒန္တကေသရ က “ဘုရင်ဗိမ္ဗိသာရနှင့် အနာထပိဏ်သူဌေး တို့၏ ဘဝနှင့် ဓမ္မကို လေ့လာခြင်း” စာတမ်း တို့ကို ဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင်ဆရာတော် များက ပြန်လည်ဖြေကြားကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က   သဘာပတိ ဆရာတော်ကြီးများနှင့် စာတမ်းရှင်ဆရာတော်များအား စာတမ်းဖတ်ပွဲအခမ်းအနား ဂုဏ်ပြုမှတ်တမ်း လွှာများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် သဘာပတိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်   ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ်သြဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီး အခမ်းအနား ကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။                       

 (သတင်းစဉ်)