နိုင်ငံတော်အစိုးရမှဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ တစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

နိုင်ငံတော်အစိုးရမှဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ တစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန်  မေ ၂၂

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများအခက် အခဲကြုံတွေ့ နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေ တွင်  တွေ့ကြုံနေရသည့်တိုင် မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်ပြီး အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မအေးအေးပိုင် သည် မေလ ၂၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှဒေသစံတော်ချိန် ည ၁၂ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး Muscat မြို့နှင့် ဘန်ကောက်မြို့တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့နံနက် ၉ နာရီ ၅ မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသူ မအေးအေးပိုင်သည် ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ပင်ပန်းမှု၊ အိမ်ရှင်နှင့် ဆက်ဆံရေး အဆင်မပြေမှုတို့ကြောင့်  မြန်မာနိုင်ငံသို့ပြန်လို သည့်အတွက် အိမ်ရှင်မှ မြန်မာသံရုံးသို့ လာရောက်ပို့ဆောင်ခဲ့ရာ သံရုံးမှနေရာထိုင်ခင်းနှင့် စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေး ခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံမှ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြန်လည်ထွက်ခွာခွင့် (Exit Permit)ရရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့အဆင်ပြေချောမွေ့စွာရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုကို မအေးအေးပိုင်က “ကျွန်မက မြင်းခြံမှာ နေပါတယ်။ ရီရတ်ဒ်မှာ လေးလအလုပ်လုပ်ခဲ့ပါတယ်။  ကိုယ့်မြန်မာနိုင်ငံနဲ့မတူတဲ့ ယဉ်ကျေးမှု၊ အစားအသောက်၊ အနေအထိုင်၊ ဘာသာစကားစတဲ့ အခက်အခဲတွေကြောင့် နေထိုင်ရတာ အဆင် မပြေတဲ့အတွက် မြန်မာသံရုံးကိုအကူအညီတောင်းခံပြီး ပြန်လာခဲ့တာပါ။ မြန်မာအမျိုးသမီးများကို  အကြံပေးလိုပါတယ်။ အတတ်နိုင်ဆုံး ပြည်ပမှာအလုပ်လုပ်မယ်ဆိုရင် အဲ့ဒီနိုင်ငံရဲ့အကြောင်းကို ပထမဆုံး ထဲထဲဝင်ဝင်သိရှိပြီးမှ သွားသင့်ပါတယ်။ ကိုယ့်နိုင်ငံထက် ဝင်ငွေကောင်းတယ်ဆိုတဲ့ ငါးစာတစ်ချက်နဲ့ နားမယောင်မိဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားတွေထက်ပိုပြီး နစ်နာဆုံးရှုံးမှု များလို့ပါ။ မြန်မာသံရုံးကိုရောက်တော့ နေထိုင်စားသောက်ဖို့ အားလုံးစီစဉ်ပေးပါတယ်။ သံအမတ်၊ သံမှူးနဲ့ဝန်ထမ်းများကနွေးနွေးထွေးထွေးနဲ့ ကူညီစောင့်ရှောက်ကြတော့ ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ အခုလို အမိနိုင်ငံကို ပြန်လည်ခြေချခွင့်ရအောင် အစစအရာရာ ကူညီစောင့်ရှောက်ပေးခဲ့ကြ တဲ့ နိုင်ငံတော်အကြီးအကဲများနှင့် သံရုံးဝန်ထမ်းအားလုံးကို ဒီနေရာကနေကန်တော့ပါတယ်။ ပြောမပြတတ် အောင်အထူးကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံ သားများကို မြန်မာသံရုံး၏ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလိုအမိနိုင်ငံသူတစ်ဦး အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအပေါ် ကာယကံရှင်နှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင် လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး  ညိမ်းသူ(သတင်းစဉ်)