ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့ ဂုဏ်ပြုဆောင်းပါး

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့ ဂုဏ်ပြုဆောင်းပါး

၁၉၉၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် မြေကမ္ဘာထိပ်သီးညီလာခံ (Earth Summit) ဟု အများသိကြသည့် ကမ္ဘာ့ကုလသမဂ္ဂ သဘာ၀၀န်းကျင်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ညီလာခံ (The United Nations Conference on Environment and Development-UNCED) မှ ဇီဝမျိုးစုံမျိုးကွဲ၊ ရာသီဥတုပြောင်းလဲမှုနှင့် သဲကန္တာရ တိုက်ဖျက်ရေးဆိုင်ရာ   အောက်ပါ  နိုင်ငံတကာ ကွန်ဗင်းရှင်း (၃) ခု ပေါ်ထွက်ခဲ့သည်-

(က)   ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Biological Diversity-CBD)၊

( ခ)    ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း  (United Nations Convention to Combat Desertification-UNCCD)၊

(ဂ )    ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC)။

CBD တွင် ဇီဝမျိုးစုံမျိုးကွဲများအား  နိုင်ငံအလိုက် ထိန်းသိမ်းရန်၊  မိမိတို့နိုင်ငံရှိ  ဇီဝမျိုးစုံ မျိုးကွဲများအား ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရန် နှင့် မျိုးရိုးဗီဇအရင်းအမြစ်များအား အသုံးချခြင်းမှ ထွက်ပေါ်လာ သည့် အကျိုးရလဒ်များအား ကမ္ဘာ့နိုင်ငံများအကြား ညီမျှစွာခံစားနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ CBD အတွင်းရေးမှူးရုံးကို ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့တွင် အခြေစိုက် ထားပြီး CBD လုပ်ငန်းများကို United Nations Environment Programme (UNEP) ၏ လုပ်ငန်းစဉ် အောက်တွင် ထည့်သွင်းဆောင်ရွက်သည်။ CBD အတွင်းရေးမှူးရုံးသည် အစည်းအဝေးများ ဦးဆောင် ကျင်းပခြင်း၊  CBD  လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံများကို ပံ့ပိုးခြင်း၊ အပြည် ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ စုစည်းခြင်း၊ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်သည်။

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity-CBD) ၏ အဖွဲ့ဝင်နိုင်ငံအဖြစ်   ၂၃-၂-၁၉၉၅  ရက်မှ  စတင်၍    ပါဝင်ဆောင်ရွက်လျက်ရှိပြီး CBD အကောင်အထည် ဖော်ခြင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည်။ နိုင်ငံရှိ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးတို့အတွက် CBD ၏ အဖွဲ့ဝင်နိုင်ငံများမှ ရေးဆွဲအကောင်အထည်ဖော်ရသည့် ဇီဝမျိုးစုံမျိုး ကွဲဆိုင်ရာ နိုင်ငံအဆင့် မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (National Biodiversity Strategies and Action Plans -NBSAP) (၂၀၁၅-၂၀၂၀) ကို ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ရေးဆွဲခဲ့ပြီး ၎င်းဆက်စပ် ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် CBD သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ဇီဝလုံခြုံမှုဆိုင်ရာ ကာတာဂျီးနား နောက်ဆက်တွဲစာချုပ်  (Cartagena Protocol on Biosafety)  ကို   ၁၃-၅-၂၀၀၈    ရက် တွင်လည်း ကောင်း၊ ဇီဝအရင်းအမြစ်များအား အကျိုးတူခွဲဝေခြင်းဆိုင်ရာ နာဂိုယာ နောက်ဆက်တွဲ စာချုပ် (Nagoya Protocol on Access and Benefit-sharing) ကို  ၁၂-၁၀-၂၀၁၄ ရက်တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့သည်။

၂၉-၁၂-၁၉၉၃ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံအစီအစဉ်၏ ဒုတိယ အကြိမ် မြောက် ကော်မတီအစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာအကြောင်း ကိစ္စရပ်များကို ပိုမိုနားလည် သဘောပေါက်စေရန်နှင့် သတိပြုမိစေရန်အတွက် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း မေလ ၂၂ ရက်အား   “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့”  အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ 

ယခုနှစ် ၂၀၂၄ ခုနှစ်  မေလ ၂၂ ရက်တွင် ကျရောက်သော  အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့ "International Day for Biodiversity"  အတွက် ဆောင်ပုဒ်မှာ  "Be part of the Plan:  ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး” ဟူ၍ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော "Be part of the Plan" သည် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အစီအစဉ် (Biodiversity Plan) တစ်ခုဖြစ်သည့် ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမူဘောင် (the Kunming-Montreal Global Biodiversity Framework) ကို အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ထောက်ပံ့ပေးခြင်းဖြင့်   ဇီဝမျိုးစုံမျိုးကွဲများ  ဆုံးရှုံးခြင်းကို ရပ်တန့်စေရန်အတွက် ဆက်စပ်ပတ်သက်သူများ အားလုံး  ပူးပေါင်း ပါဝင်လာစေရန် တွန်းအားပေးလုပ်ဆောင်ခြင်း ဖြစ်သည်။

ပန်းတိုင် (၄) ခုနှင့် ရည်မှန်းချက် (၂၃) ခု ပါဝင်သည့် ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲမူဘောင်သည် အစိုးရဌာနများ၊ ဌာနေ တိုင်းရင်းသားလူမျိုးများ၊ ဒေသခံများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းသည် ဇီဝမျိုးစုံမျိုးကွဲအစီအစဉ်များကို  အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးမည့် နည်းလမ်းများ ရှာဖွေအကြံပြုပေးရန် တိုက်တွန်းထားပြီး လူတိုင်းပါဝင်နိုင်သည့် အခန်းကဏ္ဍများလည်း ပါရှိသောကြောင့် လူတိုင်းသည် ဇီဝမျိုးစုံမျိုးကွဲ အစီအစဉ် ၏အစိတ်အပိုင်းတစ်ခုဖြစ်နိုင်သည်။ ဇီဝမျိုးစုံမျိုးကွဲ အစီအစဉ်သည် သဘောတူညီမှုများ (Agreements) မှ လုပ်ငန်းဆောင်ရွက်မှုများ (Actions) သို့ ရောက်ရှိစေရန် အစိုးရများ၊ လူမှုအဖွဲ့အစည်းများ ပါဝင် ဆောင်ရွက်စေသည့် အရေးကြီးသော အစီအစဉ်တစ်ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်၊ ပြန်လည်တည်ထောင်ရန်၊ သဘာဝနှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် စေရန်၊ အကျိုးကျေးဇူးများကို မျှမျှတတဖြစ်စေနိုင်ရန်၊ သဘာဝအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်တို့အတွက် အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်း ဆောင်ရွက်ပေးနေသည့် အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ (၂၀၁၈) အရ ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ ကုန်းမြေ၊ ပင်လယ်နှင့် အခြားရေဂေဟစနစ်များ၊   ၎င်းတို့ပါဝင်နေသော ဂေဟဗေဒအရ ဆက်စပ်မှုရှိသည့် အရင်းအမြစ်အားလုံး၏ သက်ရှိများအကြား ကွဲပြားမှုကို ဆိုလိုသည်။ ယင်းစကားရပ်တွင် မျိုးစိတ်များအတွင်းကွဲပြားမှု၊ မျိုးစိတ်များအကြား ကွဲပြားမှုနှင့် ဂေဟစနစ်များ အကြား ကွဲပြားမှုလည်းပါဝင်သည်။

ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း၏ ထုတ်ပြန်ချက်အရ ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ၏ လူမှုဘဝဖူလုံရေး၊ ကျန်းမာသောကမ္ဘာမြေ၊ သာယာဝပြောသောစီးပွားရေးအတွက်   အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပြီး မိခင်ကမ္ဘာနှင့် ညီညွတ်မျှတစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိသည်။ လူသားများသည် အစားအစာ၊ ဆေးဝါး၊ စွမ်းအင်၊ သန့်ရှင်းသောလေနှင့် ရေ၊ သဘာဝဘေးအန္တရာယ်များမှ လုံခြုံမှု၊ အပန်းဖြေမှုနှင့်ယဉ်ကျေးမှု စသည်တို့အတွက် ဇီဝမျိုးစုံမျိုးကွဲများအပေါ် မှီခိုနေရပြီး ၎င်းသည် ကမ္ဘာပေါ်ရှိ သက်ရှိစနစ်အားလုံးကို ပံ့ပိုးပေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် သဘာဝ ထိန်းသိမ်းရေးနယ်မြေများအတွင်းနှင့်  ပြင်ပရှိမြန်မာ့တောရိုင်းတိရစ္ဆာန်များနှင့်  အပင်များ  ရေရှည် တည်တံ့ နိုင်ရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေသော နို့တိုက် သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်များနှင့် အပင်မျိုးစိတ်များကို စီမံချက်များချမှတ်၍ အကောင်အထည် ဖော်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ တောဆင်ရိုင်းများ၊ ကျားများ၊ မြန်မာ့ရွှေသမင်များ၊ မိကျောင်း များ၊ ကြယ်လိပ်များ၊ ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါများ လေ့လာဖော်ထုတ် ထိန်းသိမ်း ကာကွယ်ခြင်း၊ ရေဝပ်ဒေသများ ထိန်းသိမ်းခြင်း၊ အပင်၊ သစ်ခွနှင့်ပရဆေးပင်များ ထိန်းသိမ်း ကာကွယ်ခြင်း စသည်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

နေရင်းဒေသပြင်ပ၌ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများအနေဖြင့် ရှားပါး၍ မျိုးသုဉ်းရန် အန္တရာယ် ရှိသော အပင်နှင့်တိရစ္ဆာန်များ မျိုးဆက်မပြတ်စေရေးအတွက်   တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ မန္တလေးရတနာပုံဥယျာဉ်နှင့် ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း စုဆောင်းစိုက်ပျိုးမွေးမြူ ထိန်းသိမ်းလျက်ရှိသည်။            

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်နှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရန်အတွက် သစ်တောဦးစီးဌာနသည် သုတေသနလုပ်ငန်းများကို    ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆောင်ရွက်ခဲ့ရာ ရွှေသမင်များ၏ ဂေဟစနစ်သုတေသနလုပ်ငန်း၊ မိကျောင်းများ နေရင်းဒေသအတွင်း ပြန်လည်စေလွှတ်ရေး သုတေသနလုပ်ငန်း၊ ကြယ်လိပ်များ မျိုးပွားရေးအတွက် သုတေသနပြုလုပ်ခြင်းလုပ်ငန်း၊ သစ်ခွများမျိုးပွားရေးအတွက် သုတေသန ပြုလုပ် ခြင်းလုပ်ငန်း၊   ကျားအပါအဝင် အခြားတိရစ္ဆာန်များကို  နိုင်ငံတကာ တိရစ္ဆာန်ဥယျာဉ်များနှင့် ဆက်သွယ် ၍ တိရစ္ဆာန်လဲလှယ်ရေး အစီအစဉ်အရ လဲလှယ်ပြီး နိုင်ငံအတွင်း၌ မျိုးပွားရေး သုတေသနလုပ်ငန်း၊ သစ်ပင်ကြီးများ၊ ဝါး၊ ကြိမ်၊ ပရဆေးပင်များ စုဆောင်း၍ ထိန်းသိမ်းရေး၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသည်  ပထဝီဝင်အနေအထားအရ ဟိမဝန္တာတောင်စဉ်   တောင်တန်းဒေသများတွင် ပါဝင်နေ သည် သာမက အင်ဒိုချိုင်းနားနှင့် မလေးကျွန်းဆွယ်ဒေသတို့အတွင်း  ထိစပ်ပါဝင်နေသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများစွာတို့ကို တွေ့မြင်နိုင်သည့် ဇီဝပထဝီဝင် (Biogeography) အနေအထားအရ ထူးခြားကောင်းမွန်သည့် နိုင်ငံတစ်ခုအဖြစ်လည်း ထင်ရှားသည်။ ရေခဲတောင်ဂေဟစနစ်မှသည် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်အထိလည်း တွေ့ရှိနိုင်သည့်အတွက် ဂေဟစနစ်မျိုးစုံရှိသည့် နိုင်ငံတစ်ခုဖြစ်သည်သာမက ၎င်းဂေဟစနစ်များတွင် ရှင်သန်ပေါက်ရောက်နေထိုင်ကြသည့် သဘာဝ အပင်မျိုးစိတ်များနှင့် သတ္တဝါမျိုးစိတ်များစွာတို့ကို တွေ့ရှိနိုင်သည်။

မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်လှသည့်အပြင် သဘာဝပတ်ဝန်းကျင် အခြေအနေ ကောင်းများစွာ ဖြစ်တည်နေသည့်အတွက် ရေရှည်တည်တံ့စေရေး ထိန်းသိမ်းကာကွယ်ရန်မှာ နိုင်ငံသားတိုင်း၏  သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် တည်ရှိနေပြီး ဆက်လက် ထိန်းသိမ်းကာကွယ်သွား ကြရန် ထိန်းသိမ်းရေး အသိအမြင်များနှင့် ထိရောက်သည့် စီမံအုပ်ချုပ်မှု စနစ်ကောင်းများရှိရန် လိုအပ်လှပေသည်။ မြန်မာနိုင်ငံသည် သစ်တောအမျိုးအစားနှင့် ဂေဟစနစ်မျိုးစုံသည့်အလျောက် အပင်မျိုးစိတ်များ၊ နို့တိုက်သတ္တဝါများ၊ ကျေးငှက်၊ ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါများ၊ ရေနေသတ္တဝါများ မျိုးစိတ်အမြောက်အမြား ကျက်စားနေထိုင်မှုကိုဖော်ထုတ်တွေ့ရှိရသည်။ ကျား၊ အာရှဆင်၊ မြန်မာနှာခေါင်းလန်မျောက်မျိုးစိတ်၊ ပန်ဒါနီ၊ ရွှေရောင် သားမင်း၊ အင်းကျား၊ ကြံ့သူတော် စသည့်ရှားပါးသတ္တဝါများသာမက မြန်မာ့ဒေသမျိုးရင်း သတ္တဝါများနှင့် အပင်မျိုးစိတ်များဖြစ်သည့်  သစ်ခွနက်၊  သော်ကကြီး၊ မြန်မာ့ကြယ်လိပ်၊ ရွှေသမင်၊ မျက်ခုံးဖြူငှက်ပြာခြောက် စသည်တို့ကိုလည်း ဖော်ထုတ်မှတ်တမ်းတင်ထားရှိသည်။

မြန်မာနိုင်ငံသည် ဒေသပြောင်းရွှေ့ကျက်စားသည့် ဆောင်းခိုငှက်များကျရောက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့မြောက်ခြမ်းဒေသများမှ   ငှက်မျိုးစိတ်များ ဆောင်းခိုကျရောက် ကျက်စားသည့် နိုင်ငံလည်း ဖြစ်၍ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်    ရှားပါးဆောင်းခိုငှက်မျိုးစိတ်များ ကျရောက်ခိုလှုံ ကျက်စားမှုရှိကြောင်းကိုလည်း တွေ့ရှိရသည်။ အလားတူ ရှားပါးငှက်မျိုးစိတ်များ ဖြစ်သည့် ဟိမဝန္တာလင်းတငှက်များ၊   သိန်းစွန်၊   လင်းယုန် ငှက်မျိုးစိတ်များပါ ကျရောက်ကျက်စားမှု ရှိကြောင်း လေ့လာမှတ်တမ်းတင်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ဒေသတွင်းလုပ်ငန်းအဖွဲ့များတွင်လည်း တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်လျက် ရှိသည်။

သဘာဝအရင်းအမြစ်များဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများကို လူသားတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းရန် အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ အခြားနည်းလမ်းများကြောင့် ပျက်စီးထိခိုက်စေခြင်းတို့သည် သဘာဝ ပတ်ဝန်းကျင်ကို  ပျက်စီးစေသည်သာမက  ဂေဟစနစ်များကိုလည်း  ပျက်စီးစေသဖြင့်  ကမ္ဘာပေါ်မှ တောရိုင်းတိရစ္ဆာန်များ၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းပျောက်ကွယ် ဆုံးရှုံးလျက် ရှိသည်။ ထိုကဲ့သို့ လူသားတို့ပယောဂကြောင့် ပျက်စီးဆုံးရှုံးနေမှုများကို သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ ပြန်လည်တိုးတက်ဖြစ်ထွန်းလာစေရေး၊ ဂေဟစနစ်များ   ညီညွတ်မျှတစေရေး တို့အတွက် ပြန်လည်ထိန်းသိမ်းကာကွယ်ရန်မှာလည်း လူသားများ၏  တာဝန်တစ်ရပ်ပင်ဖြစ်ပေရာ  ယခုနှစ်ကွန်ဗင်းရှင်းဆောင်ပုဒ် "Be Part of the Plan" အဖြစ် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် တစ်ဦး တစ်ယောက်ချင်းစီက မိမိတို့အသံ၊ မိမိတို့မူဟန်ဖြင့် ပါဝင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရေးဆောင်ရွက်ရာ၌ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာများ၊ သုတေသန ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆက်စပ်ကဏ္ဍ၊ အဖွဲ့အစည်း အသီးသီးတို့နှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့များ၏ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့  International Day for Biodiversity (IDB) ကို ဂုဏ်ပြုရင်း လူသားအားလုံးတို့သည် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးအတွက် ၎င်းတို့မှီတင်းနေထိုင်ရာ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရေးအတွက် ပိုမိုကြိုးပမ်း အားထုတ် ကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ပါသည်။  ။

2023 - From agreement to action: Build back biodiversity

2022 - Building a shared future for all life

2021 - We're part of the solution

2020 - Our solutions are in nature

2019 - Our Biodiversity, Our Food,Our Health

2018 - Celebrating 25 Years of Action for Biodiversity

2017 - Biodiversity and Sustainable Tourism

2016 - Mainstreaming Biodiversity; Sustaining People and their Livelihoods

2015 - Biodiversity for Sustainable Development

2014 - Island Biodiversity

2013 - Water and Biodiversity

2012 - Marine Biodiversity

2011 - Forest Biodiversity

2010 - Biodiversity, Development

and Poverty Alleviation

2009 - Invasive Alien Species

2008 - Biodiversity and Agriculture

2007 - Biodiversity and Climate Change

2006 - Protect Biodiversity in Drylands

2005 - Biodiversity: Life Insurance for our Changing World

2004 - Biodiversity: Food, Water and Health for All

2003 - Biodiversity and poverty alleviation - challenges for sustainable development

2002 - Dedicated to forest biodiversity

ကိုးကား

" https://www.cbd.int/biodiversityday#:~:text=This%20universal%20observance% 20comm emorates%20 theçProtocols%20and%20related%20action%20frameworks."

 https://www.cbd.int/gbf

ဒေါက်တာဆုစန္ဒာအောင်

(သစ်တောဦးစီးဌာန)