နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးသို့  တက်ရောက်အမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးသို့  တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေ ၂၃

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ အကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ဗဟိုအဖွဲ့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးဖြစ်ပြီး ပြီးခဲ့သည့်နှစ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း သုံးသပ်သွားရန်လိုကြောင်း၊ မြန်မာ့အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ(၂၀၁၄) နှင့် နည်းဥပဒေများ အပေါ်အခြေခံပြီး ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်များအားလုံးကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သွေဖယ်မှုမရှိအောင် ဂရုပြုဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ အစည်းအဝေးများကျင်းပမှုကို ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပခြင်းဖြစ်သည့်အတွက် ရှုထောင့်ပေါင်းစုံမှ တက်ရောက်လာ ကြသည့် အဖွဲ့ဝင် အားလုံးကလည်း  လိုအပ်ချက်များ၊ ဖြည့်စွက်ချက်များကို တတ်နိုင်သမျှ ပါဝင်ဆွေး နွေးပေးကြရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ဦးတည်ချက်များချမှတ်ပြီး ဆောင်ရွက်ရာတွင် အထူးစီးပွားရေးဇုန် အသီးသီး၏ ရည်မှန်းချက်နှင့် အကောင်အထည် ဖော်မှုများကလည်း နိုင်ငံတော်က ချမှတ်ထား သည့် ဦးတည်ချက်များနှင့် လိုက်လျော ညီထွေဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးတွင် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ခြင်း နှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်များပြားခြင်းသည် အဓိက အရေးပါသည့်အချက် နှစ်ချက်အဖြစ် ပါဝင်ပါကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏတိုက်တွန်းမှာကြားလျက်ရှိသည့် ကုန်ထုတ် လုပ်မှုအပိုင်းနှင့် ပို့ကုန်တိုးမြှင့် ထုတ်လုပ်တင်ပို့ နိုင်ရေး ကိစ္စတို့တွင် အထူးစီးပွားရေးဇုန်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်နိုင်သည့် နယ်ပယ် ပေါင်းစုံတို့က အရည်အသွေးမြှင့် ပို့ကုန် တိုးတက်ထုတ်လုပ်တင်ပို့နိုင်အောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သလို ဇုန်များအလိုက်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အပိုင်း၌ အောင်မြင်ပြီး သီလဝါစီးပွားရေးဇုန်နှင့် လုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များ ပိုမို ရင်းနှီး မြှုပ်နှံ လာအောင် စည်းရုံးဆွဲဆောင် ကြရမည်ဖြစ်ကြောင်း၊ အလားတူ ထားဝယ် စီးပွားရေးဇုန်နှင့်ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် Developer  များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်လျက် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ရရှိရေး သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလိုက် စီမံခန့်ခွဲမှု ကြီးကြပ် ရေးကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။

မိမိတို့နိုင်ငံရှိ အထူးစီးပွားရေးဇုန် ၃ ခုအနက် သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်မှုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ခန့် ရှိ သည်ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ ၊ အာရှနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှု ပမာဏနည်းနေသေး၍ ရောက်ရှိသည့် အခြေအနေအပေါ် ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ရှိပြီး ရင်းနှီးမြှုပ်နှံမှု များကို မဆုံးရှုံးအောင်လည်း မိမိတို့ ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်အပေါ် အာဏာ အလွဲသုံးမှု၊ တရားမဝင် ကုန်သွယ်မှု၊ ငွေကြေးအလွဲသုံးမှုနှင့် စီမံခန့်ခွဲမှု ချို့ယွင်းအားနည်းမှုတို့ မဖြစ်ပေါ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ မျက်ခြေမပြတ် ကြပ်မတ် စီမံဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် ကျောက် ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ လက်ရှိအောင်မြင်စွာဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်တို့ကို ယခုထက်တိုးတက်အောင်မြင်အောင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ဗဟိုကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊  သီလဝါအထူးစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone ရှိကြောင်း၊ Free Zone တွင် နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ အခက်အခဲ မရှိ သော်လည်း Promotion Zone တွင် ကုန်ကြမ်း၊ ချေးငွေများနှင့် စပ်လျဉ်း၍ အချို့အခက်အခဲများအား သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတို့က အတတ်နိုင်ဆုံး အဆင်ပြေ အောင် ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း။

အလားတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ အဓိကဆောင်ရွက်ရမည့် မြေလျော်ကြေးကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် မူဝါဒရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့်  ဆောင်ရွက်ရမည့် လုပ်ငန်းများကို အမြန်ဆုံး ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ညှိုနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့ပြီး  Long Stop Date  သက်တမ်း ၁၈ လ သက်တမ်း ထပ်မံတိုးမြှင့်ရာ ယခုအခါ ၄ လကျော် ၅ လ ရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကာလအတွင်း မိမိတို့အပိုင်းမှ  ပြီးပြတ်ရမည့် ကိစ္စ၊ နောက်ပိုင်းမှလုပ်ဆောင်ပေးရမည့် ကိစ္စများကိုလည်း ဥပဒေနှင့်အညီ ပြီးပြတ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဆောင်ရွက်ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီ၊ အဖွဲ့အစည်း များကလည်း ၎င်းတို့၏ လုပ်ငန်းအစီအမံများပါအတိုင်း ဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အရေးကြီးသည်မှာ Long Stop Date ၁၈ လတာ ကာလအတွင်း နှစ်ဦးနှစ်ဖက်ဆောင်ရွက်ရန်ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက် ကြရန်လိုကြောင်း။

ဆက်လက်ဆောင်ရွက်ရမည့် အထူးစီးပွားရေးဇုန်များကိုလည်း မလိုလားအပ် သည့် လုပ်ငန်းကြန့်ကြာမှု ၊ ကိုင်တွယ်မှုများနှင့် ပတ်သက်၍ အခက်အခဲမရှိအောင် နှင့်  လုပ်ငန်းအဆင်ပြေချောမွေ့အောင် လုပ်ငန်းပိုင်း၊ နည်းဥပဒေနှင့် ဥပဒေ အရပါ သေချာနားလည်အောင် ရှင်းလင်းပြသပြီး စည်းရုံးဆောင်ရွက်သွား ကြရန်လို ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို နိုင်ငံခြားမှ တင်သွင်းမှုများ ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင် ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ အခက်အခဲသတ်မှတ်ချက်အနည်းဆုံးဖြစ် အောင် ဆက်လက်စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို မိမိတို့နိုင်ငံတွင်ရှိနေသည့် MSME လုပ်ငန်းများမှ ပြည်တွင်း အရည်အသွေးမြင့် ကုန်ကြမ်းများ မှာယူနိုင်သည့် အဆင့်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုအပ်ပြီး တစ်ဖက် ကလည်း အထူးစီးပွားရေးဇုန် တွင်ရှိနေသည့် စီမံခန့်ခွဲမှုကော်မတီများက ညှိနှိုင်းစီမံဆောင် ရွက်ပေးရန် လိုကြောင်း၊ MSME လုပ်ငန်းရှင်များ၊ အေဂျင်စီများကို သက်ဆိုင်ရာ ဝန်ကြီးချုပ်များက တွန်းအားပေးပြီး ဒေသတွင်းထုတ်ကုန်များကို အရည်အသွေး မြင့်သည့် ကုန်ကြမ်းအဖြစ် အထူးစီးပွားရေးဇုန်များနှင့် ချိတ်ဆက်ပြီး ပေးသွင်းနိုင်ရေး အထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက် လိုအပ်သည့် ကုန်ကြမ်းအားလုံးကို ပြည်ပ သွင်းကုန် အစားထိုးထောက်ပံ့ပေးနိုင်သည်အထိ  ရည်မှန်းချက်ထား ဆောင်ရွက်သွား ကြရန် ပြောလိုကြောင်း။

၂၀၂၄ ခုနှစ်၊ မတ်လစာရင်းအရ MSME လုပ်ငန်းမှထွက်ရှိသည့် ကုန်ပစ္စည်း များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှုတွင် မြန်မာကျပ်ငွေ ၂ ဒသမ ၁ ဘီလီယံကျော် ရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခုထက်ပို၍ အရည်းအသွေးကောင်းမွန်သည့် ပို့ကုန်အစားထိုး သွင်းကုန်ပစ္စည်းများ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်အတွက် စီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့် လုပ်ငန်းကော်မတီအဖွဲ့များ၊ MSME လုပ်ငန်းအဖွဲ့များ ကပါ လက်တွဲညီညီ ကြိုးစားသွားရမည် ဖြစ်ကြောင်း။

သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အကောက် ခွန်ရရှိမှုမှာ ငွေကျပ် ၃၆၁ ဒသမ ၉၉၀ သန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေမှာ ငွေကျပ် ၄ ဒသမ ၆ ဘီလီယံ၊ ကြိုတင်ဝင်ငွေခွန် ငွေကျပ် ၇၆၀ ဒသမ ၆၈၀ သန်း ရှိသည်ကို တင်ပြလာသည့် စာရင်းများအရ သိရှိရကြောင်း၊ မတ်လအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၄၉ သန်းဖြစ်ပြီး သွင်းကုန် ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၅၂ ဒသမ၂၇၈ သန်း ဖြစ်ကြောင်း၊ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ကွာခြားချက်များအား လျော့ချနိုင်ရန် Promotion Zoneတွင်ရှိသည့် ကုမ္ပဏီများကို ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုများ ပိုမိုဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြော ကြားလိုကြောင်း။

သီလဝါအထူးစီးပွားရေးဇုန်တွင်ရှိသည့် ကုမ္ပဏီများအနေဖြင့်  ၎င်းတို့ကိုယ်ပိုင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုနှင့် ပတ်သက်၍ အားပေးရမည် ဖြစ်ကြောင်း၊ ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြား လိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက် ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဂျပန်၊ ထိုင်း၊ မြန်မာ စုပေါင်းဖွဲ့စည်းထားသည့် ငွေကြေး စုစည်းထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ SPV (Special Purpose Vehicle) နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက် သည်များကို ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အလားတူ ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ပတ်သက်၍ မကြာမီ ဆောင်ရွက်မည့်  MOI (Memorandum  Of Interest) လက်မှတ်ရေးထိုးမည့် ကိစ္စတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် အချက်များကို မိမိတို့နိုင်ငံရှိ ဥပဒေပညာရှင်များ၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူများဖြင့် သေသေချာချာ စိစစ်၍ ပြဌာန်းချက်များနှင့်အညီ နှစ်ဦးနှစ်ဖက် Win Win Situation ဖြစ်အောင် ပြင်ဆင်ဆွေးနွေးထားရမည် ဖြစ်ကြောင်း၊  ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်သည့် နေရာတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် မျှော်တွေးပြီး အလေးထား ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ယနေ့ အစည်းအဝေးတွင် အထူးစီးပွားရေးဇုန်များ ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်သွားရမည့် အစီအမံများကို တင်ပြပေးရန်နှင့် တက်ရောက်လာကြသူများက လိုအပ်သည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြ ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဝန်ကြီး ဦးမင်းမင်း က မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့(၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ်ဆောင်ရွက်ထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေး မှူး(၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အတွင်းရေးမှူး (၂) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်အုံတို့က မြန်မာအထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူးနှင့် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟို အဖွဲ့အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက် မူကြမ်းကို ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူသည်။ 

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေး တင်ပြ ချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံး ချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။