အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များ ဖြစ်ပေါ်နိုင်

အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များ ဖြစ်ပေါ်နိုင်

နေပြည်တော်  မေ  ၂၃

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်း သောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက် တည်ရှိနေသည်။ အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ၂၄-၅-၂၀၂၄ ရက် နံနက်ပိုင်းတွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့   ရောက်ရှိနိုင်သည်။ ထို့နောက် အရှေ့မြောက် ဘက်သို့ဆက်လက် ရွေ့လျားနိုင်ပြီး ၂၅-၅-၂၀၂၄ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်း၌  ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ အား ကောင်းလာနိုင်သည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ၂၆-၅-၂၀၂၄ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလား ပြည်နယ်ကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ညမှ ၂၇-၅-၂၀၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တု့ိတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက် ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၃-၅-၂၀၂၄ ရက်မှ ၂၅-၅-၂၀၂၄ ရက်အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။   မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၃-၅-၂၀၂၄ ရက်မှ ၂၄-၅-၂၀၂၄ ရက်အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်၊ ၂၅-၅-၂၀၂၄ရက်မှ ၂၆-၅-၂၀၂၄ ရက်အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် မှာ ၁၃ ပေမှ ၁၆ ပေခန့်ရှိနိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ အားကောင်းသောလေ ဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ   ရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်း  စသည့် သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်အပ်ပါသည်။            

(မိုး/ဇလ)