ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်တက်ရောက်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်တက်ရောက်

နေပြည်တော်  မေ  ၂၃

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှုဖူလုံရေးဆိုင်ရာဝန်ကြီးဌာနကဦးဆောင်၍ online ဖြင့် ကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်  လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ(၄)ကြိမ်မြောက် အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက် သည်။

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အစည်းအဝေး သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများအဆင့် ပူးတွဲကြေညာချက်ကို အတည်ပြုချမှတ်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် များစွာ အကျိုးပြုလျက်ရှိသော်လည်း အထောက် အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခြေခံလူမှုဖူလုံရေးအစီအစဉ်များ ပါဝင်နိုင်ရန်အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်လျက်ရှိပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး တရားဝင်လမ်း ကြောင်း များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်စေရေး၊ လူမှုကာကွယ်ရေးနှင့် လူမှု ဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များကို သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများနှင့်အညီ ရရှိခံစားနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ပြည်သူလူထုအားလုံးအနေဖြင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ရရှိပိုင်ခွင့်ရှိ ပါကြောင်း၊  ထို့ပြင်  ရွှေ့ပြောင်းအလုပ်သမားများအတွက် လွှဲပြောင်းရယူနိုင်သော လူမှုဖူလုံရေး အကျိုး ခံစားခွင့်များ ရရှိခံစားနိုင်ရေး အကောင်အထည်ဖော်မည့်အစီအမံများ ဆောင်ရွက်နိုင်ရန် တစ်ကမ္ဘာလုံး ဆိုင်ရာ ဘေးကင်း၍ စနစ်ကျသည့်ပုံမှန်ရွှေ့ပြောင်းသွားလာမှုများ ဖြစ်ပေါ်လာစေရေးအတွက် ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အတည်ပြုချမှတ် ခဲ့ပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးအသင်း International Social Security Association (ISSA) အဖွဲ့သို့ ၁၉၅၇ ခုနှစ်မှစတင်၍ ဝင်ရောက်ခဲ့ပါ ကြောင်းနှင့်  အာဆီယံလူမှုဖူလုံရေး အဖွဲ့အစည်းသို့ ၂၀၁၅ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများအပါအဝင် အလုပ်သမားများအားလုံး၏ လူမှုဖူလုံရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့အားလုံး၏ ကတိကဝတ်များနှင့် စုပေါင်း ဆုံးဖြတ် ချက်များဖြင့် အမျိုးသား အဆင့်နှင့် ဒေသတွင်းအဆင့်တွင် ထိရောက်ကောင်းမွန်သည့် လွှဲပြောင်း ရယူနိုင်သော လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေး အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီး၏ စည်းလုံးညီညွတ်သည့် ကောင်းမွန်သော  စိတ်ဓာတ်နှင့်အတူ ရွှေ့ပြောင်းအလုပ်သမားများ၏ လူနေမှုဘ၀နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမို ကောင်းမွန် လာစေရေး၊ ပိုမိုကြွယ်ဝချမ်းသာလာသည့် ဒေသဖြစ်စေရေးတို့အတွက် အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

နံနက်ပိုင်းတွင်ကျင်းပသည့်  (၇)ကြိမ်မြောက် အဆင့်မြင့် အလုပ်သမားအရာရှိကြီးများ အစည်းအဝေးသို့  အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း တက်ရောက်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံချင်းစီ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အခြေအနေများနှင့် ကိန်းဂဏန်းဆိုင်ရာ အချက် အလက်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးခံစားခွင့်များ လွှဲပြောင်းရယူနိုင်သည့် လူမှုဖူလုံရေး စနစ်နှင့်စပ်လျဉ်း၍ ကောင်းမွန်သည့် ကျင့်သုံးမှုများ၊ အတွေ့အကြုံများနှင့်ပတ်သက်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရွှေ့ပြောင်းအလုပ် သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ ကြေညာစာတမ်းအပေါ် ဆွေးနွေးခြင်းနှင့် အကြံပြု သုံးသပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၄)ကြိမ်မြောက် အလုပ်သမားဝန်ကြီးများ အစည်းအဝေး၌ လာအိုပြည်သူ့ သမ္မတနိုင်ငံ အလုပ်သမားရေးရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူက (၇)ကြိမ်မြောက် အစည်းအဝေး တွင် ဆွေးနွေးမှုများကို အနှစ်ချုပ်ဆွေးနွေးခဲ့မှုအပေါ်တက်ရောက်လာသည့် ဝန်ကြီးများက ဆွေးနွေး အကြံပြု သုံးသပ်ခဲ့ကြပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမား ဝန်ကြီးများအဆင့် ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြသည်။

အစည်းအဝေးများသို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ အလုပ်သမားဝန်ကြီးများနှင့် အဆင့်မြင့် အလုပ်သမားအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)