SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး လုပ်ငန်းအဖွဲ့(Working Committee)အစည်းအဝေးကျင်းပ

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး လုပ်ငန်းအဖွဲ့(Working Committee)အစည်းအဝေးကျင်းပ

နေပြည်တော်  မေ  ၂၃

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး လုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁  ကို  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း၊ စီမံကိန်းအဆင့်-၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သည့်  အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ခြောက်ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဧပြီ လကုန်အထိ SME လုပ်ငန်းရှင် ၆၁၆ ဦးသို့ ချေးငွေကျပ် ၁၄၂ ဒသမ ၀၃၈ ဘီလီယံ ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း၊ စီမံကိန်း အဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း များဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၄  ခုနှစ်  ဧပြီလကုန်အထိ  SME လုပ်ငန်းရှင်  ၁၈၆၉  ဦးသို့ ချေးငွေကျပ် ၃၆၈ ဒသမ ၃၆၉ ဘီလီယံထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း။

Working Committee အဖွဲ့ဝင်များအနေဖြင့်ယနေ့ဆွေးနွေးသည့်အချက်အလက်များအပေါ်မူတည်၍ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့် ညီညွတ်အကျုံးဝင်သည့် SME လုပ်ငန်းများထံသို့ အတိုးနှုန်း သက်သာသည့် နှစ်ဆင့်ချေးငွေများ ရောက်ရှိစေရေးနှင့် ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ဆွေးနွေး ပေးစေ လိုကြောင်း၊ ယခုစီမံကိန်းသည် အောင်မြင်သည့် စီမံကိန်းတစ်ခုဖြစ်သည့်အပြင် SME လုပ်ငန်း များအတွက်လည်း များစွာအကျိုးကျေးဇူးဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန် ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် စီမံကိန်းတစ်ခု လည်းဖြစ်ကြောင်း၊ ချေးငွေများကို ပြန်လည်ပေးဆပ်သည့်အချိန်တွင် အပြည့်အဝပြန်လည်ရရှိရန် လိုအပ်ကြောင်း၊ ချေးငွေအသစ်များကို ထုတ်ချေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း/စည်း ကမ်းများ၊ မူဝါဒများနှင့် ကိုက်ညီစေရန် စနစ်တကျစိစစ်ထုတ်ချေး ရန်လိုအပ်ကြောင်း။

မြန်မာ့စီးပွားရေးဘဏ်အပါအဝင် PFIs ဘဏ်များအနေဖြင့်  နိုင်ငံတော်မှချမှတ်ထားသောမူဝါဒဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးထုတ် ချေးနိုင်ရေးဆောင်ရွက်ရန်နှင့် ထုတ်ချေးပြီးသည့် ချေးငွေများ NPL မဖြစ်ပေါ်စေရေး အတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်းချေးငွေသည် အတိုးနှုန်းသက် သာသည့် ချေးငွေဖြစ်သည့်အပြင် နိုင်ငံတော်မှချမှတ် ထားသည့် ဦးစားပေးကဏ္ဍများနှင့် ကိုက်ညီမှု ရှိသဖြင့် စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် အစည်းအဝေးကို အစီအစဉ်အတိုင်းကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။ မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက် စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေး ထောက်ပံ့မှုများကို  ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ ကို  ၂၀၁၅-၂၀၁၆  ဘဏ္ဍာနှစ်မှ  စတင်ဆောင်ရွက်ခဲ့ပြီး  နှစ်ဆင့် ချေးငွေ စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။      

(သတင်းစဉ်)