ပုလဲမြို့၊ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦးအား PDF အယောင်ဆောင်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ

ပုလဲမြို့၊ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦးအား PDF အယောင်ဆောင်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦး အား PDF အယောင်ဆောင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပက်သက်၍ သက်ဆိုင်ရာမြို့နယ် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများအား PDF အမည်ခံအကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးတာဝန်များဆောင်ရွက်ပေးနေမှုအပေါ် ဒေသခံပြည်သူများ အထင်အမြင် လွဲမှားစေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဂုဏ်သိက္ခာကျဆင်းစေရန် ပြည်ဖျက်မီဒီယာ များမှ သတင်းမှားများ လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ တာဝန်များအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းများ လုပ်ဆောင်မှု မရှိကြောင်း သတင်းရရှိပါသည်။