ပညာရှင်တို့၏ လေးစားဖွယ်စိတ်ဓာတ်

ဗုဒ္ဓဘာသာဝင်မြန်မာတို့သည် အခါကြီးရက်ကြီးများနှင့် သီတင်းကျွတ် အခါသမယတွင် မိမိထက်အသက်အားဖြင့် ကြီးမြင့်သူ၊ ဂုဏ်အားဖြင့်ကြီးမြတ်သူနှင့် မိဘဘိုးဘွားဆရာသမားများကို ရိုသေလေးစား ဂါရဝတရားဖြင့် ကန်တော့ကြသည်။ အပြစ်ရှိပါကလည်း သည်းခံခွင့်လွှတ်ပေးပါရန် ပန်ကြားကြသည်။ ဘာသာတရားကိုင်းရှိုင်းမှုနှင့်အတူ ပေါ်ပေါက်လာသည့်  မြန်မာတို့၏ ချစ်စရာစိတ်ထားဖြစ်သည်။ မြတ်စွာဘုရား ဟောကြားသော အာဋာနာဋိယ သုတ်တော်တွင် အဘိဝါဒန သီလိဿ၊ နိစ္စံဝုဍ္ဎုာ ပစာယိနော။ စတ္တာရော ဓမ္မာဝဍ္ဎုန္တိ၊ အာယုဝဏ္ဏောသုခံ ဗလံ ရတနာမြတ်သုံးပါးအား   ရိုသေစွာရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ် ရိုသေလေးစား တတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏။ ချမ်းသာကြီးပွား၏။ ခွန်အားဗလတိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ်တိုးတက်လျက် နေကြကုန်၏ ဟူ၍ ဟောကြားထားပါသည်။

မြန်မာ့ဆိုင်းလောကတွင် စိန်ဗေဒါဟူသော အမည်ကို မကြားဖူးသူမရှိပေ။ စိန်ဗေဒါသည် မြန်မာ့ဆိုင်းပညာလောကတွင် အကျော်ကြားဆုံး ဆိုင်းပညာရှင်ကြီး ဖြစ်သည်။ ဆိုင်းပညာလောကတွင် စိန်ဗေဒါ၏ ကျေးဇူးကြီးမားလှသည်ဟူ၍ ပြောစမှတ်ပြုရသည်။ စိန်ဗေဒါ၏ လက်သံကို အရပ်သားများကလည်း နှစ်သက်ကြသည်။ ပညာရှင်အချင်းချင်းကလည်း လေးစားကြသည်။ စိန်ဗေဒါသည် အားရပါးရတီးလေ့ ရှိသဖြင့် သူ၏ပတ်လုံးများတွင် သားရေကို ထူထူကြက်ထားရသည်။

စိန်ဗေဒါသည် အင်္ဂလန်သံဆန်းတီးလုံး၊ ဗြောညွန့်တီးလုံးစသည့် တီးလုံးတီးကွက်အမျိုးမျိုးကို တီထွင်ခဲ့သည်။ ယနေ့ဆိုင်းဝိုင်းများ၏ အဆောင်အယောင်၊ အပြင်အဆင်မှာလည်း စိန်ဗေဒါတီထွင်ခဲ့ခြင်း ဖြစ်ပေသည်။ စိန်ဗေဒါသည် အိန္ဒိယသို့ပါတော်မူသွားသော သီပေါမင်းစံရာရတနာဂီရိသို့ ၁၉၁၀ ပြည့်နှစ်က ရောက်ရှိသွားသည်။ သီပေါမင်း၏ သမီးတော်များ နားထွင်းမင်္ဂလာတွင် မြန်မာဆိုင်းတီးပေးရခြင်း ဖြစ်သည်။ စောင်းပညာရှင်အဖြစ် ကျော်ကြားနေသော ဒေဝဣန္ဒာဘွဲ့ရ ဦးမောင်မောင်ကြီးသည်လည်း သမီးတော်များနားထွင်းမင်္ဂလာပွဲတွင် ဖိတ်ကြားခြင်း ခံရသည်။

အလှူနေ့မတိုင်မီ သီပေါမင်း အိပ်ဖန်တော်ဝင်စဉ် ဆိုင်းနှင့်စောင်းတစ်ဖက်စီ တီးရသည်။ စိန်ဗေဒါက အရင်အလှည့်ကျ သည့်အတွက် ဆိုင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ တီးပြသည်။ ထိုအချိန်အထိ စိန်ဗေဒါက ဒေဝဣန္ဒာမောင်မောင်ကြီးကို အထင်မကြီး။ စောင်းသံသည် သူ့ပတ်လုံးသံထက် ဘယ်နည်းနဲ့မျှ မသာနိုင်ဟုယူဆထားသည်။ ဒေဝဣန္ဒာမောင်မောင်ကြီး အလှည့်ရောက်၍ စောင်းတီးသောအခါတွင်ကား စိန်ဗေဒါထင်ထားသကဲ့သို့ မဟုတ်ဘဲ စောင်းသံက ပတ်လုံးသံကဲ့သို့ပင် ပြတ်ပြတ်သားသားထွက်လာသည်။ ဤတွင် စိန်ဗေဒါအံ့သြပြီး နောင်တလည်း ရသွားသည်။

ထိုညက အိပ်ရာဝင်ချိန်တွင် စိန်ဗေဒါသည် အိပ်၍မရတော့ပေ။ ပညာကြီးသူကို အထင်သေးမိလေခြင်း၊ ပြစ်မှားမိလေခြင်းဟု တစ်ညလုံး ကြီးစွာနောင်တရလေသည်။ နံနက်အရုဏ်တက်၍ တစ်ဖက်ခန်းက ဒေဝဣန္ဒာ၏ ဘုရားဝတ်တက်သံပြီးဆုံးသည်နှင့် စိန်ဗေဒါသည် ဒေဝဣန္ဒာ၏ အခန်းသို့ ကူးသွားသည်။ မိမိပြစ်မှားမိသည်ကို ကန်တော့ရန် လာပါသည်ဟု ပြောပြီး ကန်တော့သည်။ သူတစ်ညလုံး မအိပ်နိုင်ပုံကို ဖွင့်ဟဝန်ခံပြီး အပြစ်လွတ် ရန်ပန်ကြားသည်။ ဒေဝဣန္ဒာကလည်း မင်းလည်း စိန်ဗေဒါလို့ နာမည်ကြီးတဲ့ လူပေကိုး၊ အပြစ်မရှိပါဘူး၊ ငါခွင့်လွှတ်ပါတယ်ဟုပြန်ပြောသည်။

စိန်ဗေဒါက မိမိကို တပည့်အဖြစ်မှတ်ယူပြီး စောင်းပညာသင်ပေးရန် တောင်းပန်သည်။ ဒေဝဣန္ဒာကလည်း ရွှေမြို့တော်ပြန်ရောက်လျှင် သင်ပေးမည်ဟုကတိပေးသဖြင့် စိန်ဗေဒါဝမ်းသာသွားပြီး တစ်နေ့လုံး တက်ကြွစွာ ဆိုင်းတီးလေတော့သည်။ သဘောကျနည်းယူစရာ အလွန်ကောင်းလှသည်။ စိန်ဗေဒါသည် ထိပ်တန်းပညာရှင်ကြီးတစ်ဦး ဖြစ်သည်။ ယနေ့ခေတ်ဆိုင်းပညာရှင်တိုင်း စိန်ဗေဒါတီးလုံး၊ စိန်ဗေဒါသီချင်းမတီးသူ မရှိပါ။ ဆိုတီးပြ၍ စိန်ဗေဒါကို ဂါရဝပြုသည်အထိ စိန်ဗေဒါပညာအစွမ်းမြင့်မားသည်။ ဆိုင်းဘုရင်စိန်ဗေဒါ ဟူ၍ပင် ကမ္ပည်းတပ်ကြသည်။ ထိုသို့သော ပညာရှင်ကြီးက မိမိထက်ပညာကြီးသူကို နိဝါတတရားဖြင့် နှိမ့်ချကန်တော့လျက် ပညာကို ဆည်းပူးသင်ယူသည်။

မိမိထက်တစ်နေ့၊ တစ်ရက်၊ တစ်မနက်ကြီးသူကို ရိုသေရမည်ဟူ၍ အသက်အရွယ်ကြီးသူ၏ ဝယဝုဍ္ဎိုဂုဏ်ကို အလေးထားခြင်း၊ မိမိကိုပညာသင်ပေးနိုင်သူဆိုလျှင် မည်သူပင်ဖြစ်စေ ထိုသူထံမှ ပညာကို ရိုသေစွာ သင်ယူဆည်းပူးရမည် ဟူ၍ ဂုဏ်ကြီးသူ၏ ဂုဏဝုဍ္ဎိုဂုဏ်ကို အလေးထားခြင်းတို့သည် မြန်မာတို့၏ မင်္ဂလာတရားဖြစ်သည်။ မင်္ဂလသုတ်တော်တွင် ဂါရဝေါစ နိဝါတောစဟူ၍ ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်းသည် မြတ်သောမင်္ဂလာ ဖြစ်ကြောင်း ရှင်တော်မြတ်ဘုရား ဟောကြားထားသည် နှင့်အညီ နေထိုင်ကျင့်ကြံ၍ မိမိတို့ဘဝကို အလှဆင်နိုင်ကြပါစေသတည်း။  ။