အက်ဖ်အေဖလားဗိုလ်လုပွဲ အီတလီစီးရီးအေပွဲစဉ်(၃ )နှင့် စပိန်လာလီဂါပွဲစဉ်(၃ ) ပွဲကြိုသုံးသပ်ချက်

 

အက်ဖ်အေဖလားဗိုလ်လုပွဲ အီတလီစီးရီးအေပွဲစဉ်(၃ )နှင့် စပိန်လာလီဂါပွဲစဉ်(၃ ) ပွဲကြိုသုံးသပ်ချက်

မန်စီးတီး   Vs     မန်ယူ

ကစားမည့်ရက်/အချိန်

(၂၅-၅-၂၀၂၄ ည ၈း၃၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          မန်စီးတီး      ၂        -        ၁       မန်ယူ

      မန်ယူ       ဝ    -        ၃       မန်စီးတီး

          မန်စီးတီး      ၃       -        ၁       မန်ယူ

နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ

မန်စီးတီး      ဝေး(နိုင်)      ဝေး(နိုင်)      အိမ်(နိုင်)

မန်ယူ အိမ်(ရှုံး)       အိမ်(နိုင်)      ဝေး(နိုင်)

လက်ရှိအက်ဖ်အေဖလားချန်ပီယံ     မန်စီးတီးအသင်းက ချန်ပီယံဆု ကာကွယ်နိုင်ဖို့အတွက် အမှား ခံမှာမဟုတ်ပါဘူး။ မန်စီးတီးအသင်းက ရီးယဲလ်မက်ဒရစ် အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း  ခုနစ်ပွဲဆက် နိုင်ပွဲပြန်လည်ရရှိထားပြီး အကောင်းဆုံး ပုံစံမှာရှိနေပါတယ်။ မန်စီးတီးအသင်းရဲ့ လက်ရှိခြေစွမ်းပိုင်းကလည်း အကောင်းဆုံးပုံံစံမှာရှိနေသလို  ဒဏ်ရာရ ကစားသမား စာရင်းမှာလည်း အဓိကကစား သမားဆိုလို့ ဂိုးသမား အီဒါဆန်တစ်ဦးတည်းသာရှိ နေပြီး ကျန် အဓိက ကစားသမားအစုံအလင်ရှိနေလို့ မန်ယူအသင်းထက်  ကစားသမားအင်အားပိုင်းရော ခြေစွမ်းပိုင်းပါ အသာစီးမှာရှိနေပါတယ်။ ဟာလန်းနဲ့ ဖိုဒန်တို့ဦးဆောင်တဲ့  မန်စီးတီးအသင်း တိုက်စစ်ပိုင်းကလည်း   ဂိုးသွင်းအားကောင်းနေပြီး ခံစစ်ပိုင်း လိုအပ်ချက်တွေရှိနေတဲ့ မန်ယူအသင်း ခံစစ်ပိုင်းကို  အကောင်းဆုံး ဖိအားပေးကစားနိုင်မှာပါ။  မန်စီးတီးအသင်းအတွက် ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကိုလည်း   လက်လွှတ်ခဲ့ရပြီး    ပရီးမီးယားလိဂ်ဖလားတစ်လုံးတည်းသာ ရရှိထားလို့ အက်ဖ်အေဖလားကိုတော့ လက်လွှတ်ခံမှာမဟုတ်ပါဘူး။ လက်ရှိအက်ဖ်အေဖလား ချန်ပီယံဆုကို  ကာကွယ်နိုင်ဖို့အတွက်  အဓိက  ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာမယ့် မန်စီးတီးအသင်းက မန်ယူအသင်းကို နိုင်ပွဲရယူနိုင်ဖို့  ခက်ခဲမှာ မဟုတ်ပါဘူး။

ဒီရာသီမှာ  စံချိန်တင်ရလဒ်ဆိုးတွေနဲ့တွေ့ကြုံခဲ့ ရတဲ့ မန်ယူအသင်းအတွက် အက်ဖ်အေဖလားတစ်လုံး တည်းသာ     မျှော်လင့်ချက်ရှိတော့တာ ဆိုပေမယ့် ပြိုင်ဘက်အသင်းက မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း ဖြစ်နေ လို့ ခက်ခဲမှာပါ။      မန်ယူအသင်းအနေနဲ့ အက်ဖ်အေဖလားဆွတ်ခူးနိုင်မယ်ဆိုရင် ယူရိုပါလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိ နေတယ်ဆိုပေမယ့် လက်ရှိခြေစွမ်းပိုင်း၊ ကစားသမားစုဖွဲ့မှုပိုင်းနဲ့ နှိုင်းယှဉ် မယ်ဆိုရင် မန်စီးတီးအသင်းကို အနိုင်ရယူဖို့က ခက်ခဲဖွယ်ရှိပါတယ်။ မန်ယူအသင်းမှာ အဓိက ကစားသမားအများစု ပြန်လည်ပါဝင် လာနိုင်တယ်ဆိုပေမယ့် အသင်းခံစစ်ပိုင်းက   လိုအပ်ချက်တွေများနေလို့  မန်စီးတီးအသင်း   တိုက်စစ်ပိုင်းကို    ထိန်းချုပ်ဖို့ခက်ခဲမှာပါ။ မန်ယူအသင်းရဲ့   တိုက်စစ်ပိုင်းကလည်း   ဂိုးရရှိဖို့အတွက် ရုန်းကန်နေရလို့ လိုအပ်ချက်တွေ ရှိနေမှာပါ။

ဒီနှစ်သင်းတွေ့ဆုံမှု အပိုင်းမှာလည်း   မန်စီးတီး အသင်းက အသာစီးမှာရှိနေပြီး   နောက်ဆုံးတွေ့ဆုံထားတဲ့ ငါးကြိမ်မှာ သရေရလဒ်ဆိုတာမရှိခဲ့ဘဲ မန်စီးတီးအသင်းက  လေးကြိမ်အနိုင်ရရှိထားပြီး  မန်ယူအသင်းက တစ်ကြိမ်သာ ပြန်လည်အနိုင်ရရှိထားပါတယ်။    လက်ရှိကစားသမားစုဖွဲ့မှုအပိုင်းမှာရော ခြေစွမ်းပိုင်းမှာပါ   အသာစီးမှာရှိနေတဲ့  မန်စီးတီး အသင်းပဲ အနိုင်ရမှာပါ။

ခန့်မှန်းရလဒ် - မန်စီးတီး   ၃ -   ၁    မန်ယူ

ဂျူဗင်တပ်စ်   Vs  မွန်ဇာ

ကစားမည့်ရက်/အချိန်

(၂၅-၅-၂၀၂၄ ည ၁၀း၃၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          ဂျူဗင်တပ်စ် ၂        -        ၁       မွန်ဇာ

          ဂျူဗင်တပ်စ် ဝ       -        ၂        မွန်ဇာ

    မွန်ဇာ          ၁   -        ၂        ဂျူဗင်တပ်စ်

နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ

ဂျူဗင်တပ်စ် အိမ်(သရေ)  ဝေး(နိုင်)      ဝေး(သရေ)

မွန်ဇာ အိမ်(သရေ)  ဝေး(ရှုံး)       အိမ်(ရှုံး)

ဂျူဗင်တပ်စ်အသင်းက    ချန်ပီယံလိဂ်ဝင်ခွင့် အတွက်လည်း သေချာသွားပြီဖြစ်လို့   ရမှတ်လိုအပ်ချက် မရှိတော့ဘူးဆိုပေမယ့် ရာသီပိတ်ပွဲစဉ်ကိုတော့ အနိုင်ရလဒ်နဲ့  ပိတ်သိမ်းနိုင်အောင် ပြင်ဆင်လာမှာပါ။  လက်ရှိ ဂျူဗင်တပ်စ်အသင်းရဲ့    ခြေစွမ်းပိုင်း၊ ကစားသမားစုဖွဲ့မှု အပိုင်းကလည်း မွန်ဇာအသင်းကို အနိုင်ရယူဖို့ အတွက်တော့  ခက်ခဲမှာမဟုတ်ပါဘူး။ ဂျူဗင်တပ်စ်အသင်းက ဒီဘောလုံးရာသီမှာ အိမ်ကွင်းဆိုရင် ရလဒ်ကောင်းလေ့ရှိသလို အိမ်ကွင်း ၁၈ ပွဲကစားပြီးချိန်မှာ   ခုနစ်ပွဲအနိုင်ရရှိပြီး  ၁၀ ပွဲသရေရလဒ်နဲ့   တစ်ပွဲတည်းသာရှုံးနိမ့်ခဲ့လို့    အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းကတော့ ကောင်းမွန်မှုရှိပါတယ်။ 

ဂျူဗင်တပ်စ်အသင်းအတွက် ဒီပွဲစဉ်မှာအနိုင်ရရှိမယ်ဆိုရင် အဆင့်(၃)နေရာနဲ့   ရာသီသိမ်းနိုင်မယ့် အခွင့်အရေးရှိလို့ အမှားခံမှာ မဟုတ်ပါဘူး။ မွန်ဇာအသင်း အတွက်ကလည်း တန်းဆင်းဖို့မရှိတော့လို့ အခုပွဲစဉ်ရလဒ်ပိုင်းက အရေးမကြီးတော့ပါဘူး။ မွန်ဇာအသင်းက မတ်လ ၁၆ ရက်က ကစားခဲ့တဲ့ ကက်ဂလီယာရီအသင်းကို အနိုင်ရရှိပြီးနောက်ပိုင်း ပွဲစဉ်တွေမှာ  ရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ငါးပွဲ ရှုံးနိမ့်ခဲ့ကာ    သုံးပွဲသရေရလဒ်နဲ့     ခြေစွမ်းပိုင်း အတော်လေးကို ဆိုးရွားနေပါတယ်။ မွန်ဇာအသင်းက ဒီဘောလုံးရာသီ အဝေးကွင်း ၁၈ ပွဲကစားပြီးချိန်မှာ ငါးပွဲသာအနိုင်ရရှိပြီး ခြောက်ပွဲသရေရလဒ်နဲ့ ခုနစ်ပွဲ ရှုံးနိမ့်ခဲ့လို့ အဝေးကွင်းခြေစွမ်းပိုင်းက ပုံမှန်လောက်မှာပဲရှိနေပြီး ဗလာဟိုဗစ်ချ်နဲ့ မီလစ်တို့ ဦးဆောင်လာမယ့် ဂျူဗင်တပ်စ်အသင်းတိုက်စစ်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ကတော့ ခက်ခဲမှာပါ။

ဒီနှစ်သင်းတွေ့ဆုံမှု အပိုင်းမှာလည်း သရေရလဒ် ဆိုတာမရှိခဲ့ဘဲ ဂျူဗင်တပ်စ်အသင်းက အသာစီးမှာရှိနေပြီး  အိမ်ရှင်အားသာချက်ရော  လက်ရှိခြေစွမ်းပိုင်းပါ အသာစီးမှာရှိနေတဲ့   ဂျူဗင်တပ်စ်အသင်းပဲ ရာသီပိတ်ပွဲစဉ်မှာ အနိုင်ရယူပါလိမ့်မယ်။

ခန့်မှန်းရလဒ် - ဂျူဗင်တပ်စ်   ၂  -   ၁  မွန်ဇာ

  ဆိုစီဒက်စ်  Vs          အက်သလက်တီကို

ကစားမည့်ရက်/အချိန်

(၂၅-၅-၂၀၂၄ ည ၈း၄၅ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          အက်သလက်တီကို ၂        -        ၁       ဆိုစီဒက်စ်

          အက်သလက်တီကို ဝ       -        ဝ       ဆိုစီဒက်စ်

          အက်သလက်တီကို ၂        -        ၁       ဆိုစီဒက်စ်

နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ

ဆိုစီဒက်စ်    ဝေး(ရှုံး)       အိမ်(နိုင်)      ဝေး(နိုင်)

အက်သလက်တီကို အိမ်(နိုင်)      ဝေး(နိုင်)      အိမ်(ရှုံး)

ဆိုစီဒက်စ်အသင်းအတွက်  ယူရိုပါလိဂ်ဝင်ခွင့်ကလည်း သေချာနေပြီဖြစ်လို့ အခုပွဲစဉ်ရလဒ်က  အရေးမကြီးတော့ပါဘူး။ ဆိုစီဒက်စ်အသင်းက နောက်ဆုံးကစားတဲ့   ငါးပွဲမှာ   သုံးပွဲအနိုင်ရယူထားပြီး နှစ်ပွဲရှုံးနိမ့်ထားလို့ ခြေစွမ်းပိုင်းက အတက်အကျမြန်နေပါတယ်။ ဆိုစီဒက်စ်အသင်းက အသင်းလိုက်ကစားပုံ မာကျောမှုရှိတယ် ဆိုပေမယ့် အိမ်ကွင်း ၁၈ ပွဲကစားပြီးချိန်မှာ   ရှစ်ပွဲသာအနိုင်ရရှိခဲ့ပြီး   ခြောက်ပွဲသရေရလဒ်နဲ့ လေးပွဲရှုံးနိမ့်ထားလို့ အိမ်ကွင်းခြေစွမ်းပိုင်းက ပုံမှန်အနေအထားမှာပဲရှိပါတယ်။ ဆိုစီဒက်စ်အသင်းက  နောက်ပိုင်းပွဲစဉ်တွေမှာ   အက်သလက်တီကိုအသင်းနဲ့တွေ့ဆုံတိုင်း ရုန်းကန်ရလေ့ရှိပြီး အခုပွဲစဉ်မှာလည်း ရုန်းကန်ရနိုင်ပါတယ်။ ဆိုစီဒက်စ်အသင်းတိုက်စစ်ပိုင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးရဖို့အတွက် ရုန်းကန်နေရလို့ ခံစစ်ပိုင်း အားကောင်းတဲ့ အက်သလက်တီကိုအသင်းကို   ကျော်ဖြတ်ဖို့တော့ခက်ခဲနေမှာပါ။

အက်သလက်တီကို အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  သေချာခဲ့ပြီဖြစ်လို့   ရမှတ်လိုအပ်ချက် မရှိတော့ဘူးဆိုပေမယ့်     ရာသီပိတ်ပွဲစဉ်ကိုတော့   အနိုင်ရလဒ်ရရှိအောင်  သေချာပြင်ဆင် လာပါလိမ့်မယ်။    အက်သလက်တီကို အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းပြန်လည်ကောင်း မွန်နေပြီး   နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ  နိုင်ပွဲလေးပွဲရယူနိုင်ပြီး  အိုဆာဆူနာအသင်းကိုသာ    ရှုံးနိမ့်ခဲ့ရတာပါ။ အက်သလက်တီကို အသင်းက အိမ်ကွင်းဆိုရင် အသင်းလိုက် ကစားပုံကောင်းမွန်တယ်ဆိုပေမယ့် အဝေးကွင်းမှာ ရာသီပိတ်ပွဲစဉ်ဖြစ်နေလို့ အမှားခံမှာတော့မဟုတ်ပါဘူး။  မိုရာတာနဲ့    ဂရစ်ဇ်မန်းတို့ ဦးဆောင်တဲ့     အက်သလက်တီကို အသင်းတိုက်စစ်ပိုင်းကလည်း  နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးသွင်းအား ကောင်းနေလို့ ဆိုစီဒက်စ်အသင်း ခံစစ်ပိုင်းကို ကောင်း ကောင်းအလုပ်ရှုပ်စေမှာပါ။

ဒီနှစ်သင်း  ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာတော့ အက်သလက်တီကိုအသင်းက ၁၉ ကြိမ်အထိ နိုင်ပွဲရယူထားပြီး ဆိုစီဒက်စ်အသင်းကတော့ ခြောက်ကြိမ်သာ အနိုင်ရရှိခဲ့ကာ  ငါးကြိမ်သရေရလဒ် ထွက်ပေါ်ထားပါတယ်။ တွေ့ဆုံမှုတိုင်းမှာ  ရလဒ်ကောင်းလေ့ရှိတဲ့  အက်သလက်တီကိုအသင်းပဲ   နိုင်ပွဲရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်-ဆိုစီဒက်စ် ၁ - ၂  အက်သလက်တီကို

စည်သူအောင်