ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ဟု ဟူသီအဖွဲ့ပြော

 

ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ဟု ဟူသီအဖွဲ့ပြော

ပင်လယ်နီ၊ အာရေဗျပင်လယ်နှင့် မြေထဲပင်လယ်တို့အပါအဝင်   ဒေသတွင်းရှိ ရေကြောင်း သွားလာရေးလမ်းကြောင်း အတွင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က  မေလ  ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများတွင် ဟူသီသူပုန်များက  အာရေဗျပင်လယ်ကို ကူးဖြတ်နေ သည့်   အစ္စရေး အလံလွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စင်းအား   ပဲ့ထိန်း ဒုံးကျည်များဖြင့် ဦးစွာ ပစ်ခတ်တိုက်ခိုက် နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ဒုတိယမြောက်စစ်ဆင်ရေးအဖြစ် ဂရိနိုင်ငံပိုင် YANNIS ဟုအမည်ပေးထားသည့်   သင်္ဘောတစ်စင်းအား ပင်လယ်နီအတွင်း၌ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ဟူသီရေတပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုတွင် ပစ်မှတ်အား တိကျစွာ ပစ်ခတ်နိုင်ခဲ့ကြောင်း ဟူသီအဖွဲ့က ထုတ်ပြန်ထားသည်။

တတိယမြောက်စစ်ဆင်ရေးအတွင်း၌ မြေထဲပင်လယ်အတွင်း မောင်းနှင်နေသည့် အစ္စရေးအလံလွှင့်ထူထားသော ESSEX သင်္ဘောကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသင်္ဘောသည် ပါလက်စတိုင်း နယ်မြေများကို သိမ်းယူထားသည့် အစ္စရေးတပ်များ၏ ထိန်းချုပ်မှုအောက်ရှိ ဆိပ်ကမ်းများသို့  ဝင်ရောက် ဆိုက်ကပ်မှု တားမြစ်ခြင်းကို ချိုးဖောက်ခဲ့ကြောင်း ဟူသီအဖွဲ့ကပြောသည်။

ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့သည် ပါလက်စတိုင်းအား   တိုက်ခိုက်နေသည့် အစ္စရေးအား လက်တုံ့ပြန်သည့် အနေဖြင့် ဒေသတွင်းရှိပင်လယ်များအတွင်း သွားလာနေသည့် အစ္စရေးနှင့် ၎င်း၏မဟာမိတ်နိုင်ငံများ၏ ကုန်တင်သင်္ဘောများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။   

                              Ref: Xinhua