မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြနေသော မြန်မာတို့၏မူပိုင် ကရဝိက်ဖောင်တော်

ကရဝိက်သည် ငှက်အမျိုးအစားဝင်ဖြစ်သည်ဟု ရှေးပညာရှင်များ၏ ဆိုစကားအရ မှတ်သားခဲ့ရပြီး မြန်မာအဘိဓာန်အကျဉ်းချုပ်၌လည်း  ငှက်တစ်မျိုးဟုပင် ဆိုထားသည်။

ကရဝိက်နှင့်ပတ်သက်၍    ရေးသားထားသော အကြောင်းအရာများစွာ ရှိနိုင်သော်လည်း  ကရဝိက်သည်  မည်သည့်အရွယ်၊  မည်ကဲ့သို့ မျိုးဆက်ပြန့်ပွားသည် ဟူ၍ တိကျစွာ ဖော်ပြထားခြင်း မတွေ့ရပေ။ ထို့ကြောင့် ဖော်ပြရန် ခက်ခဲနေပြန်သည်။ ငှက်တစ်မျိုးဟု ဆိုထားသည့်အတွက် ဝမ်းဘဲ၊ ဟင်္သာ အစရှိသော မျိုးနွယ်စုများကဲ့သို့ ရေတွင်ကူးနိုင်၊ ဖော့နိုင်သောငှက်ဟု မှတ်သားကြရမည်ဖြစ်သည်။

မြန်မာမှုဗိသုကာပညာတွင် ရုပ်လုံးဖော်ထားသည်က ကရဝိက်ဖောင်တော်သည် လှပတင့်တယ်သော  နှုတ်သီး၊  ဥဒေါင်းအတောင်ကဲ့သို့ အမြီးနှင့်ဆိုသကဲ့သို့ ပုံဟန်ဖော်ပြထားပြီး ငှက်တစ်ကောင်၏ပုံဟန်အသွင်မှ ကရဝိက်ငှက် သို့မဟုတ် ကရဝိက်ငှက်ကဲ့သို့ ပုံဟန်ပါသောဖောင်အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မြန်မာမှုနယ်ပယ်တွင် ကရဝိက်ဖောင်သည် ဂုဏ်ထည်ဝါခဲ့၊  ဂုဏ်ထည်ဝါဆဲဖြစ်သည်ဟု  ဆိုရမည်ဖြစ်သည်။

ရှေးအခါက မြန်မာမင်းများ ရေကြောင်းခရီးသွားလာခြင်း၊ တိုင်းနိုင်ငံအတွင်း လှည့်လည်ခြင်းများ ပြုလုပ်သည့်အခါ ကရဝိက်ဖောင်တော်ဖြင့် သွားလာကြသောကြောင့် ကရဝိက်ဖောင်တော်အား  ဘုံအဆင့်ဆင့် ပါသည့်ပြာသာဒ်ဖြင့်  မွမ်းမံပြင်ဆင်ထားသည်ကို  တွေ့ရမည်ဖြစ်သည်။  အကယ်၍ ဖောင်တော်သေးနေလျှင် လှေတော်သားများက တစ်ဖက်တစ်ချက် လှော်ကြရသည် ဆိုသော   မှတ်တမ်းများလည်း ရှိခဲ့သည်။  ကရဝိက်ဖောင်ကို မင်းခမ်းမင်းနားများတွင် သုံးသည့်အတွက်   လှေတော်သားများက လှေကြိုးဆွဲဟန်ဖြင့် ပုံဖော်ထားသည်ကို လည်း တွေ့ရသည်။

မြန်မာ့မှတ်တမ်းစာပေများတွင် တွေ့ရသည်မှာ  ကရဝိက်ကို  ပါဠိအလိုအရ ကရဝိကဟုခေါ်ပြီး  ကရဝိက်ကို  မြင်ဖူးခြင်း မရှိကြသော်လည်း ငှက်တစ်ကောင်အလား ပန်းချီကားများ၊ ပန်းပုရုပ်လုံးများ ထွင်းထုထားသည်ကိုလည်း  တွေ့မြင်ကြ ရမည်ဖြစ်သည်။

မဟာဝင်ဋီကာကျမ်းအလိုအရ  ကရဝိက်ငှက်နေထိုင်ရာဒေသသည် ဟိမဝန္တာတောဖြစ်ကြောင်း ဆိုထားသည်။    ဒီဃနိကာယ်သုတ် မဟာဝါပါဠိတော် ဆဋ္ဌမူတွင် ဟိမဝန္တေ  ပဗ္ဗတေဘာရဝိကာ  နာမသကုလာဇာတိဟု ဆိုထားသည်။ ဘုရားဟောပါဠိတွင်  အထင်အရှား ရှိခဲ့သောကြောင့် ဟိမဝန္တာတောသည်   ကရဝိက်ငှက်တို့၏  နေထိုင်ရာဒေသ ဖြစ်ကြောင်း မှတ်သားကြရမည်ဖြစ်သည်။

တိပိဋကပါဠိ မြန်မာအဘိဓာန်တွင် တွေ့ရသည်က ဖြည်းညင်းသာယာသော အသံကို တွန်ကျူးတတ်သောကြောင့် ကရဝိက ကရဝိက်ငှက်ဟုခေါ်ကြောင်း  ဆိုထားပြန်သည်။  ထိုမှတ်တမ်းများသည်  ဟိမဝန္တာတွင်  ကရဝိက်ငှက်နေထိုင်ပြီး  အသံသာသာ တွန်ကျူးကြောင်း ဆိုထားခြင်း ဖြစ်သည်။

အရှင်နာဂသိန်မှတ်တမ်းပြုစုထားသော သား ...ငါး ...ကျေးငှက် ပုံပြဆေး အဘိဓာန်ကျမ်း ပ ပဉ္ဇူမတွဲ ပထမပိုင်းတွင် ကရဝိက်သည် ရေနှင့် ရေအနီးနေ တိရစ္ဆာန်တစ်မျိုးဖြစ်သောကြောင့်  ရေတွင်ကူးနိုင်၏။ ငှက်တစ်ကောင်အလား ကောင်းကင်တွင်လည်း ပျံသန်းနိုင်၏။ မျိုးနွယ်အုပ်စုမှာ ဟင်္သာ၊  ဝမ်းဘဲ၊  တင်ကျီး၊  ဗျိုင်းဖြူ၊ ဗျိုင်းအောက်၊ စက္ကဝါက်၊ ကြိုးကြာဟူသော အုပ်စုတွင်ပါဝင်ပြီး ရေတွင်ပေါလောပေါ် ကူးခပ်သွားလာနိုင်သော ငှက်မျိုးဖြစ်သည်ဟု ဆိုထားသည်။

တချို့သော ရှေးစာပေမှတ်တမ်းများတွင် ကရဝိက်၏ အသံသာပုံအမျိုးမျိုးကို ဖော်ပြထားသည်။  မဟာဝါပါဠိတော်တွင် ကရဝိက်၏အသံသည်  ဂုဏ်ပုဒ်လေးမျိုးရှိကြောင်း ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်က ထုတ်ဖော်ဟောမိန့် ချီးကျူးထားသည်ဟု ဆိုထားသောကြောင့် လေ့လာကြည့်မိသောအခါ ဤသို့တွေ့ရသည်။

၁။ မပဉ္ဇူဿရာ-သာယာသောအသံရှိသောငှက်။

၂။ ဝဂ္ဂူ ဿရာ-ညင်းပျောင်းသာယာသော အသံရှိသောငှက်။

၃။ မဓုရ ဿရာ-ချိုအေးသော အသံရှိသောငှက်။

၄။  ပေမနိယ ဿရာ-နှစ်သက်ဖွယ်သော အသံရှိသောငှက်    ဟုဆိုထားပြီး ဘုရားရှင်က     မြန်မာအနက်ဆောင် ဟောကြားခဲ့သည်မှာ ရဟန်းတို့ ဟိမဝန္တာတော၌  ကရဝိက်မည်သော ငှက်မျိုးသည် သာယာသောအသံ၊  ညင်းပျောင်းသောအသံ၊ ချိုအေးသောအသံ၊ နှစ်သက်ဖွယ်သော အသံရှိသည်ဟု ဟောကြားခဲ့သည်။

ဤသို့ဖြင့်  ဘုရားဟောဒေသနာတွင် ကရဝိက်ငှက်  အသေအချာရှိခဲ့ပါသော်လည်း  ကရဝိက်ကို မမြင်ဖူး၊ မတွေ့ဖူးကြသည်မှာ   အမှန်ဖြစ်နေပြန်သည်။ သို့သော် မြန်မာတို့ အမြတ်တနိုးတန်ဖိုး ထားကြသည်မှာလည်း အမှန်ဖြစ်နေသောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ မူပိုင်ငှက်တစ်မျိုးဟု တင်စားခဲ့၊ တင်စားနေဆဲလည်း ဖြစ်သည်။

အထွတ်အမြတ်ပွဲသဘင်များ ရေတွင် လှည့်လည်ရာ၌ ကရဝိက်ဖောင်ကို အသုံးပြုခဲ့သော ရှေးထုံးအစဉ်အလာသည် ယနေ့တိုင်ရှိနေဆဲဖြစ်သည်။     ရှေးအခါက   ထီးသုံးနန်းသုံးဖောင်တော်အဖြစ် အသုံးပြုခြင်း၊   ဒေသတစ်ခုမှတစ်ခုသို့   ရုပ်ပွားတော်များတင်ဆောင်၍ လှည့်လည်အပူဇော်ခံခြင်းများတွင်  အသုံးပြုခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ယခုအခါတွင်လည်း   ဤသို့ပင်  ရေကြောင်းလှည့်လည်မှုများတွင်  အသုံးပြုနေဆဲဖြစ်သည့် ထိုကရဝိက်ဖောင်တော်ကို  လေ့လာလိုက် သောအခါ  ဖောင်တော်၏ဦးပိုင်းသည် ငှက်သဏ္ဌာန်ဦးခေါင်းနှင့် ငှက်နှုတ်သီး၊ ငှက်လည်ဆံကိုပါ တပ်ဆင်ထားသည်။ ပဲ့ပိုင်းတွင် ငှက်အမြီးပုံဖြင့် ဖွဲ့စည်းထားပြီး  အလယ်ပိုင်းကိုယ်ထည်တွင်  လူအများ ပါဝင်စီးနင်းနိုင်မည့် အခန်း(နေရာ)များကို စီစဉ်၍   စနစ်တကျ ပုံဖော်ထားသည်။  အမိုးကို  ပြာသာဒ်ဆောင် ပြုလုပ်ထားသောကြောင့် ခံ့ထည်သောပုံဟန်ဖြင့် မြင်တွေ့ရမည်ဖြစ်သည်။

သို့သော်   ကရဝိက်ဖောင်တော်ကို  လှော်ခတ်ခြင်းမပြုကြဘဲ   လှေများက  ရှေ့မှ ကြိုးဖြင့်ဆွဲကြသည်။ တချို့ကရဝိက် ဖောင်တော်များကို    ဘေးနှစ်ဖက်ရံသောလှေများဖြင့်   လှေထိုးသားများက လှော်ခတ်၍ ဖောင်တော်ကို ရွေ့လျားစေသည့် ပုံအဖြစ်  ပြုလုပ်ထားသည်လည်း ရှိသည်။

ဤသို့ဖြင့် ကရဝိက်ဖောင်တော်ကိုပင်ကရဝိက်ငှက်ကဲ့သို့  သဘောထားသောကြောင့်  တခြားသော အရာများကိုလည်း ကရဝိက်ငှက်ကို မြင်တွေ့ဖူးသည့် အလားပမာထား၍ အတုယူပြုလုပ်ထားမှုများ ရှိကြောင်း  ဝေါဟာရလိနတ္တဒီပနီနှင့်  ရွှေဘုံနိဒါန်းတို့တွင်    ဖော်ပြထားသည်မှာ ကရဝိက်ရုပ် ကွမ်းအုပ်တော်၊ ကရဝိက်ဖောင်တော်၊ နဝရူပဖောင်တော်၊ ဒွါဒသရူပ ဖောင်တော်တို့ ဖြစ်ကြောင်း  မှတ်တမ်း ပြုထားသည်။  

ရှေးမြန်မာမင်းများ လက်ထက်အခါကလည်း ကရဝိက်ဖောင်တော်ကို ခြင်္သေ့ရုပ်ဖောင်တော်၊   ထိုးရုပ်ဖောင်တော်၊ ကရဝိက်ဖောင်တော်၊ စာမရီဖောင်တော်၊ ဧဏီဖောင်တော်ဟူ၍ သီးသန့်ဖောင်တော်  ငါးမျိုးခွဲခြားထားသည်ဟု     မှတ်သားရ သည်။ ထို့ပြင် သတ္တရူပ၊ နဝရူပ၊ ဒဿရူပ ဟူသော  ဖောင်တော်များလည်း  ရှိသေးကြောင်းနှင့်   ထိုဖောင်များတွင်  ပါဝင်ဖွဲ့စည်းထားသော   သတ္တဝါများကိုလည်း  သတ္တရူပဖောင်တွင် ကရဝိက်၊ ဆင်၊ နွား၊ ငါးကြင်း၊ ကြက်တူရွေး၊ သိုး၊ မြင်း ဟူသော သတ္တဝါခုနစ်မျိုး၏ အင်္ဂါအစိတ်အပိုင်းတို့ဖြင့် ပေါင်းစပ်သရုပ်ဖော်ထားသည်။

နဝရူပဖောင်တွင်   ကရဝိက်၊  နွား၊ ငါးကြင်း၊ ဆင်၊ မကန်း၊ သမင်၊ ကြက်တူရွေး၊ သိုး၊ မြင်း ဟူသောသတ္တဝါကိုးမျိုး၏ အင်္ဂါအစိတ်အပိုင်းတို့ဖြင့် ပေါင်းစပ်သရုပ်ဖော်ထားသည်။ ဒဿရူပဖောင်တွင် ကရဝိက်၊ ခြင်္သေ့၊ သိုး၊ နွား၊ ငါးကြင်း၊ မြင်း၊ ဆင်၊ မကန်း၊ သမင်၊ ကျွဲ ဟူသောသတ္တဝါ ၁၀  မျိုး၏   အင်္ဂါအစိတ်အပိုင်းတို့ဖြင့် ပေါင်းစပ်သရုပ်ဖော်ထားသည်။

မြန်မာတို့၏ ဂုဏ်ကျက်သရေဆောင် အလှူပွဲသဘင်များတွင်   ကရဝိက်ဖောင်တော်ဖြင့် လှည့်လည်ပွဲများ ပြုလုပ်မြဲရှိခဲ့ဖူးသည်ကို သားစဉ်မြေးဆက် ကြားသိကြရုံသာမက  မျက်မြင်လည်း  တွေ့ကြစေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)   အင်းလေးဖောင်တော်ဦးဘုရားများ အင်းရွာတစ်ခွင် လှည့်လည်အပူဇော်ခံနေသော ဖောင်တော်ဦးဘုရားပူဇော်ပွဲကို  ကရဝိက်ဖောင်ဖြင့် လှည့်လည်မြဲဖြစ်ပြီး ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်တွင် ရှိနေသော ကရဝိက်ဖောင်ကြီးကို  ကြည့်ရှုလေ့လာပါကလည်း သိရှိနိုင်မည်ဖြစ်သည်။

ရှေးစာပေများတွင် ကရဝိက်ငှက်နှင့်ပတ်သက်၍ ဗုဒ္ဓဝင်အကြောင်းတစ်ခုရှိခဲ့ဖူးသည်မှာ ရှေးလွန်လေပြီးသောအခါက မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီး မင်းပြုနေချိန်မင်းကြီး၏ မိဖုရားခေါင်ကြီး အသန္ဓိမိတ္တာသည် ရတနာသုံးပါးကို ကိုးကွယ်အားထားသူဖြစ်၍ ဘုရားရှင်၏အသံတော်နှင့်တူသည်ဟု ဆိုကြသော   ကရဝိက်ငှက်ကို မြင်လိုသည်ဟု  ဆန္ဒရှိလာရာ  မင်းကြီးက အာဏာစက်ဖြင့် တောကျွမ်းမုဆိုးများအား ကရဝိက်ငှက်ကို  အသက်ရှင်လျက်အရ ဆောင်ယူစေပြီး  နန်းတော်သို့ ကရဝိက်ငှက် ရောက်ရှိလာစေခဲ့သည်။

မိဖုရားလည်း  ထိုငှက်ကို  မြတ်နိုးစွာ ရွှေလှောင်ချိုင့်ဖြင့်   ထားပါသော်လည်း မတွန်ကျူးဘဲနေသောကြောင့် ကြေးမုံပြင်များ ပတ်လည်ဝန်းရံ ပေးလိုက်သောအခါမှ  အမျိုးတူများ  များစွာတွေ့နေရသည် ဟူသောအထင်ဖြစ်ကာ   တွန်ကျူးလေသည်။  ထိုအသံကိုကြားရသူတိုင်း  စိတ်ဘဝင်ငြိမ်းအေးကာ  မိန်းမောသွားသည်အထိ ဖြစ်သွားကြသည်။

မိဖုရားကြီးကလည်း တိရစ္ဆာန်ဖြစ်သော ကရဝိက်ငှက်၏ အသံသည် ဤမျှသာယာလျှင်    သဗ္ဗညုတရွှေဉာဏ်တော်ကိုရရှိတော်မူပြီးဖြစ်သော    ဗုဒ္ဓဘုရားရှင်၏  အသံတော်မှာ ဆိုဖွယ်ရာပင် မရှိနိုင်အောင် ဖြစ်ချေမည်ဟု  ကြည်နူးစွာ ဖရဏာပီတိ ဖြာဝေမှုဖြစ်ခဲ့ပြီး   ကုသိုလ်သဒ္ဓါစေတနာများ ထုံမွမ်းသွားရာမှ သောတာပန်တည်ခဲ့သည်။

ထိုဒေသနာအရ ရှေးလွန်လေပြီးသော အခါက ကရဝိက်ငှက်သည် ဧကန်ရှိခဲ့ဖူးသည်ဟု လူအများယုံကြည်ရန် အင်အား ဖြစ်သွားကြမည်မှာ အသေအချာပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကရဝိက်ဖောင်တော်ကို မြန်မာတို့၏ကျက်သရေဆောင် မွန်မြတ်သည့်ပွဲများအတွက် အသုံးအဆောင်ပြုရာ အဆောက်အအုံအဖြစ်  ထားရှိကြသည်မှာ  မြန်မာ့ယဉ်ကျေးမှုဟုဆိုနိုင်သကဲ့သို့ ကရဝိက်ဖောင်တော်သည်   မြန်မာတို့၏ မူပိုင်အဖြစ်   ဂုဏ်ထည်စွာ   တည်ရှိနေပါကြောင်း    ရေးသား တင်ပြလိုက်ရပါသည်။       ။  

 မြမပဉ္ဇူဝေ(ကျုံမငေး)