ကလေးငယ်နှင့်သွားတိုက်ချိန်

ကလေးငယ်နှင့်သွားတိုက်ချိန်

ကလေးတွေ ဘယ်အချိန်သွားတိုက်မလဲ။ ကလေးခြောက်လမှာ သွားငုတ်တုတ်၊ လူငုတ်တုတ်၊  သွားစပြီး ပေါက်တယ်။ ရှေ့သွားတွေ အရင်စပေါက်ပါတယ်။ ကလေးအသက်သုံးနှစ်မှာ သွားတွေစုံပါတယ်။ ကလေးအသက်ခြောက်နှစ်လောက်မှာ ငယ်သွားလဲပြီး အသက် ၁၃ နှစ်လောက်မှာ လူကြီးသွားစုံ ပါတယ်။

ငယ်သွားမလဲမီမှာ သွားပိုးစားတာ ဖြစ်နိုင်ပါတယ်။   အဲဒီလိုဖြစ်တဲ့အခါ    ငယ်သွားတွေ    စောစောစီးစီး ဆုံးရှုံးသွားတာကြောင့် ပြဿနာတွေရှိနိုင်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုရင် ကြီးသွားပေါက်ရင် မညီမညာနဲ့  စောင်းပြီးပေါက်တာတွေ ဖြစ်တတ်ပါတယ်။

ကလေးသွားပထမဆုံး စထွက်တဲ့အချိန်မှာ အစားအသောက်စားဖို့ အရေးကြီးတယ်။ နောက်ပြီး ငယ်သွားတွေ ပေါက်ဖို့အတွက် နေရာဖန်တီးပေးရပါတယ်။ ငယ်သွားအစောဆုံးနုတ်လိုက်ရင်  ကြီးသွားတွေ ပေါက်လာချိန်မှာ  အဆင်မပြေဖြစ်နိုင်ပါတယ်။ ကြီးသွားပေါက်နှေးတာ၊   ဘေးကသွားတွေ  ရွေ့လာတာမျိုးဖြစ်နိုင်ပါတယ်။ ငယ်သွားရဲ့ရှေ့သွားတွေ  နုတ်လိုက်ရတယ်ဆိုရင် နောက်ကအံသွား တွေက ရှေ့ကိုရွေ့လာပြီး ကြီးသွားပေါက်ဖို့ နေရာမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။

နောက်တစ်ခုက ငယ်သွားတွေက ကလေးရဲ့မေးရိုးဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာအနေအထား မတူကြပါဘူး။ တချို့က မေးရိုးအပြင်ထွက်နေတာရှိတယ်။ တချို့က မေးရိုးလှတယ်။ ဒါကငယ်သွားလဲတာနဲ့ အများကြီးဆိုင်ပါတယ်။ ငယ်သွားတွေ စောစောစီးစီး ဆုံးရှုံး သွားရင် ဖွံ့ဖြိုးမှုနောက်ကျပြီး မေးရိုးက ကြီးသွားပေါက်တဲ့အခါ မလှတာမျိုး ဖြစ်တတ်တယ်။

ငယ်သွားလဲတဲ့အခါ  တချို့ငယ်သွားတွေက   ခိုင်တယ်။ သွားဖုံးထဲမှာခိုင်ပြီး မကျိုးတာကြောင့် ကြီးသွား ပေါက်တဲ့အခါမှာ စောင်းတာ၊ ထပ်တာတွေဖြစ်တတ်တယ်။ ငယ်သွားကို မဖြစ်မနေနုတ် ပေးသင့်ပါ တယ်။ ကလေးတွေ သွားစပေါက်တဲ့အခါ  လက္ခဏာအမျိုးမျိုး တွေ့ရတတ်ပါတယ်။ ဒါပေမဲ့   ကလေး တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ပုံမှန်ကတော့ကလေးသွားစပေါက်ပြီဆိုရင် သွားဖုံးကနေထွက်ရ မှာ ဖြစ်ပါတယ်။ ကလေးအတွက် ပထမဆုံးအတွေ့အကြုံတစ်ခုဖြစ်တယ်။ ဒီလို သွားစထွက်တဲ့အတွက် သူတို့မှာ နေထိုင်ရနည်းနည်း ခက်စေပါတယ်။ ဒါကို လျှာနဲ့ထိုးတဲ့အတွက် လျှာမှာအနာဖြစ်တာ၊ ပုံမှန်ထက်ပိုပြီး သွားရည်ကျတာ၊ သွားဖုံးယားတာ၊ တချို့ကလေးတွေမှာ  သွားပေါက်တဲ့အတွက် ဖျားတာ၊ ဝမ်းလျှောတာတွေဖြစ်တတ်ပါတယ်။

ကလေးဖျားတယ်ဆိုရင် ဆေးပမာဏကို လျှော့တိုက်ရပါမယ်။ ပါရာစီတမောပါတဲ့ ကိုယ်ပူကျ ဆေးတွေတိုက်လို့ရပါတယ်။ ကလေးက ဆေးမသောက်ချင်ဘူးဆိုရင်  ကိုယ်ပူကျကပ်ခွာလေးတွေ  ကပ်ပေးလို့ရပါတယ်။  ပုံမှန်ဆိုရင်တော့ ကလေးသွားစပေါက်တဲ့    ခြောက်လ၊   တစ်နှစ်ဝန်းကျင်ကစပြီး  သွားဆရာဝန်နဲ့ပြသင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင် ကလေးသွားစပေါက်တဲ့ ခြောက်လမှာ  သွားဆေးခန်း မလာနိုင်သေးပေမယ့် ကလေးအသက်တစ်နှစ်ပြည့်တဲ့ အချိန်မှာဆေးခန်းကို   တစ်ကြိမ် လောက်တော့   လာပြကြပါတယ်။

ကလေးတွေက သွားစပေါက်တဲ့အချိန်မှာ သွားကို လျှာနဲ့ထိုးတတ်ကြတယ်။ သွားခေါတာ၊ သွားငုပ်တာ မျိုးက လျှာနဲ့ထိုးတာနဲ့ မဆိုင်ပါဘူး။ ကြီးသွားလဲတဲ့အချိန်ထိ အကျင့်နဲ့ဆိုင်ပါတယ်။ တချို့ကလေးတွေ က လက်မစုပ်တတ်ပြီး တချို့ကလေးက သွားကိုလျှာနဲ့ထိုးတတ်တယ်။ အဲဒီအကျင့်က  ကြီးသွားပေါက် တဲ့အချိန်  အသက်(၆-၇)နှစ်အထိ ပါလာမယ်ဆိုရင်တော့   သွားခေါတာ၊ သွားငုပ်တာဖြစ် တတ်ပါတယ်။ တချို့ကလေးတွေဆိုရင်  အသက်  ၁၀  နှစ်လောက်အထိ   အကျင့်ပါနေတာမျိုး တွေ့ရတတ်ပါတယ်။

ကလေးရဲ့အသက်အရွယ်ပေါ်မူတည်ပြီး သွားတိုက်ပေးနိုင်ပါတယ်။ ကလေးသွားမပေါက်မီ ကတည်းက သွားတိုက်တဲ့ အကျင့်လုပ်ပေးသင့်ပါတယ်။ ကလေးအသက်ခြောက်လ မတိုင်မီကတည်းက သွားတိုက် ပေးသင့်တယ်။

အဲဒီလိုသွားတိုက်ပေးဖို့အတွက် ရေသန့် ဒါမှမဟုတ် ရေကြက်သီးနွေးနဲ့ အဝတ်စ၊ ဂွမ်းစ လိုပါတယ်။ အဝတ်ကို လူကြီးလက်ညှိုးမှာပတ်ပြီး ကလေးရဲ့သွားဖုံးပတ်လည်၊ သွားဖုံးနဲ့ပါးစောင်ကြား၊ အစာဝင်တဲ့ နေရာတွေကို သန့်ရှင်းရေးလုပ်ပေးရပါမယ်။ ဒီလိုမလုပ်ရင် တချို့ကလေးတွေရဲ့လျှာနဲ့နှုတ်ခမ်းမှာ အဖြူဖတ်လေးတွေ ဖြစ်တတ်ပါတယ်။

ကလေးကို ပုံမှန်သွားတိုက်ပေးတာကတော့အသက် (၁-၃) နှစ်အတွင်းမှာ ပြုလုပ်သင့်ပါတယ်။ အသက် (၁-၃)နှစ်အတွင်း ကလေးတွေသွားတိုက်ဆေး သုံးတော့မယ်ဆိုရင် ဆန်စေ့အရွယ်လောက်ပဲ သုံးသင့်ပါ တယ်။ အသက်(၃-၆)နှစ်အရွယ်ရောက်ရင်တော့ ပဲစေ့အရွယ်လောက်သုံးသင့်ပါတယ်။ အသက် ၁၂ နှစ် အထက်အရွယ်ရောက်မှ  သွားတိုက်တံအပြည့် သွားတိုက်ဆေး ထည့်သုံးနိုင်ပါတယ်။

သွားတိုက်ဆေးရွေးတာလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ကလေးတွေအတွက်ထုတ်ထားတဲ့   သွားတိုက်ဆေးတွေမှာ  ဖလူအိုရွိုက်ပါဝင်မှုအပေါ် မူတည်ပြီးသုံးမျိုးရှိတယ်။ ကလေးတွေအတွက်ဆိုရင်  ဖလူအိုရွိုက်ပါဝင်မှု နည်းတာပဲ သုံးသင့်ပါတယ်။ ကလေးတွေက သွားတိုက်ဆေးတွေ မျိုချမိတဲ့အခါ အန္တရာယ် ဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။  ဒါကြောင့် ကလေးသွားတိုက်ဆေးကို စနစ်တကျ ရွေးချယ် သုံးသင့်ပါတယ်။

ဖလူအိုရွိုက်က သွားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သွားတွေခိုင်မာအောင်လုပ်ပေးတယ်။ ဈေးကွက်ထဲမှာ ဖလူအိုရွိုက်ပါတဲ့ သွားတိုက်ဆေး၊ ခံတွင်းနံ့ကောင်းစေပြီး ဖလူအိုရွိုက်မပါတဲ့ သွားတိုက် ဆေးဆိုပြီး ရှိပါတယ်။ ဖလူအိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို ကိုယ့်ကလေးအတွက်သုံးမယ်ဆိုရင် ကလေး ကို သေချာသင်ပေးရပါမယ်။ မိဘသင်ပေးတာကို လိုက်နာတဲ့ကလေးတွေဆိုရင် ဖလူအိုရွိုက်ပါတဲ့ သွားတိုက်ဆေးသုံးသင့်တယ်။ မလိုက်နာတဲ့ကလေးဆိုရင် ဖလူအိုရွိုက်မပါတာ သုံးသင့်ပါတယ်။

စနစ်တကျသွားတိုက်နည်းက ကလေးတွေအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ မှန်ကန်တဲ့ သွားတိုက် နည်း မဟုတ်ဘူးဆိုရင် ကလေးတွေမှာ သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတွေ ဖြစ်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ သွားတိုက်ဖို့အတွက် သွားတိုက်တံ ရွေးချယ်တတ်ဖို့လိုပါတယ်။ ကလေးတွေအတွက် ထုတ်ထားတဲ့ သွားတိုက်တံကို ရွေးသင့်ပါတယ်။ သူတို့အတွက် သွားတိုက်တံက ကွေးကွေးလေးတွေ၊    ထိပ်ကလည်း  သေးသေးလေးတွေဖြစ်ပါတယ်။ အဲဒါမျိုးရွေးချယ်ရပါမယ်။

အိပ်ရာထနဲ့ အိပ်ရာဝင်ခါနီးမှာ တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးရပါမယ်။ သွားတိုက်တံကို သွားနဲ့သွားဖုံး ပေါ် တစ်ဝက်စီတင်ပြီး အထက်နဲ့အောက်ဆွဲချတိုက်ပြီး တစ်နေရာကို(၅-၁၀)ချက်တိုက်ရပါမယ်။ အောက်သွားဆိုရင်လည်း သွားပွတ်တံကို သွားနဲ့သွားဖုံးတစ်ဝက်စီ တင်ပြီး တိုက်သင့်တယ်။ စက်ဝိုင်း ပုံစိုက်ပြီး တိုက်ရာကနေ အပေါ်အောက်ဆွဲချပြီး တိုက်သင့်ပါတယ်။   သွားရဲ့အတွင်း ဘက်မျက်နှာပြင် ကို တိုက်ဖို့အတွက် သွားပွတ်တံကို ပါးစပ်အပြင်ဘက်လှည့်ပြီး အပေါ်ကနေ အောက်ကို ဆွဲချတိုက် သင့်တယ်။ အံသွားတွေကို အလျားလိုက်တိုက်ပေးသင့်တယ်။ သွားတိုက်တဲ့အခါ ခဏပဲတိုက်ပြီး ထွေးထုတ်တာမျိုးမလုပ်သင့်ပါဘူး။ အနည်းဆုံး(၂-၃) မိနစ်ကြာအောင် သွားတိုက်သင့်ပါကြောင်း   ရေးသား လိုက်ရပါတယ်။    ။

ဒေါက်တာလွင်သန့်