လွန်စွာအကျိုးကြီးမား ရေတွင်းရေကန်တူးဖော်ပြုပြင်လှူဒါန်းမှု ကုသိုလ်တရား

လွန်စွာအကျိုးကြီးမား ရေတွင်းရေကန်တူးဖော်ပြုပြင်လှူဒါန်းမှု ကုသိုလ်တရား

မြန်မာတို့တွင် ရှေးအစဉ်အဆက်ကတည်းမှသည် ယနေ့ထိတိုင်ပြောလာကြသည့် ဆိုရိုးစကားတစ်ခုရှိ သည်။ ထိုဆိုရိုးစကားမှာကား “ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဟူ၍ဖြစ်သည်။

ဆိုရိုးစကား၏ အဓိပ္ပာယ်မှာ လူ့ခန္ဓာကိုယ်၌ ထမင်းတစ်နပ်၏ သြဇာဓာတ်က ခုနစ် ရက်ကြာမှ ကုန်ခန်းသော်လည်း ရေတစ်ခွက်၏ သြဇာဓာတ်မှာမူ တစ်မနက်ခင်းမှာပင် ကုန်ခန်းသည့် သဘောကို ဆိုလိုခြင်း ဖြစ်သည်။

ဤသို့အားဖြင့် ရေကိုလိုအပ်မှုက မည်မျှလောက်အထိ မြင့်မားသည်ဆိုသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ လိုအပ်သောရေကို အများသူငါအလွယ်တကူရရှိစေရန်  ကြံဆောင်ပေးခြင်းကလည်း အလွန်ကြီးမြတ်လှစွာသော ကုသိုလ်အကျိုးတို့ကို ရရှိစေမည်ဖြစ်သည်။

ထိုသို့ဆိုရခြင်းအတွက် အပြောမဟုတ် လက်တွေ့သက်သေသာဓကသည်လည်း ထင်ရှားစွာရှိနှင့်ပြီး ဖြစ်သည်။ ထင်ရှားသည့်ဥပမာများအနက်တစ်ခုကို ထုတ်နုတ်ပြရမည်ဆိုလျှင် ကျွန်တော်တို့၏ သုံးလောက ထွတ်ထား ဂေါတမမြတ်စွာဘုရားရှင်ရှိစဉ်အခါတုန်းက ဝေဒကျမ်းကိုသာ ယုံကြည်ကိုးကွယ် ပြီး ဗေဒင်ဟောခြင်းဖြင့် အသက်မွေးသည့် ပုဏ္ဏားကြီးတစ်ဦးရှိသည်။

ထိုပုဏ္ဏားကြီးက သူဘယ်နေ့သေမလဲကို မကြာခဏ တွက်ချက်စစ်ဆေးလေ့ရှိရာ တစ်နေ့သောအခါ သူအသက် ၆၀ ပြည့်သည့်နေ့တွင် သေရမည်ကိုသိရှိလေသည်။ ဗေဒင်ကျွမ်းကျင်သူ ဘယ်သူ့ကိုပဲ တွက်ခိုင်း တွက်ခိုင်း ထိုအဖြေပဲရနေသည့်အတွက် ပုဏ္ဏားကြီးတို့မိသားစုက တစ်နေ့တခြား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်လာသည်။

ထိုအခါ အိမ်နီးချင်းတို့၏တိုက်တွန်းချက်အရ သူတို့က မြတ်စွာဘုရားကို ကိုးကွယ်ယုံကြည် ဆည်းကပ်မှု မရှိသော်လည်း မြတ်စွာဘုရားထံသွားပြီး သူတို့တွက်ချက်အဖြေ ထုတ်ထားသည့် ဗေဒင်ကိန်းခန်းနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားလေသည်။

ဟုတ်တိုင်းမှန်ရာကိုသာ သိရှိပြီး ဟုတ်တိုင်းမှန်ရာကိုသာဆိုသော မြတ်စွာဘုရားက ပုဏ္ဏားကြီး၏ တွက်ချက်မှု အရ အသက် ၆၀ ပြည့်ချိန်တွင် သေဆုံးမည်မှာမှန်ကန်ကြောင်း၊ အသက် ၆၀ ပြည့်သည့်နေ့ မွန်းတည့်ချိန်တွင် သေဆုံးမည်ဖြစ်ကြောင်း၊ သေဆုံးပြီးနောက် ရွာအပြင်ဘက်တောအုပ်၌ မျောက်အဖြစ် သို့ ရောက်ရှိဦးမည်ဖြစ်ကြောင်း ပြန်လည်ဟောကြားလိုက်လေသည်။

ထို့နောက် ပုဏ္ဏားကြီးက အသက် ၆၀ မပြည့်မီစပ်ကြားကာလတွင် နောင်ဘဝ၌ သူနေထိုင်မည့် တောအုပ်အတွင်း အဆင်ပြေပြေနေနိုင်စေရေးအတွက် ရည်မှန်းကာ ရေတွင်း၊ ရေကန်များတူးခြင်း၊ ဇရပ်များ ဆောက်ခြင်း၊ ချောင်းကူးတံတားများ ဆောက်ခြင်း၊ စားစရာ သစ်ပင်မျိုးစုံစိုက်ခြင်း  အစရှိသည့်   ဆောင်ရွက်ဖွယ်ရာ အ၀၀တို့ကို လုပ်ဆောင်လေသည်။ တစ်ခုရှိသည်ကား ပုဏ္ဏားကြီးသည် သူဆောက်လုပ်ထားသော ဇရပ်တွင်လူများကို တည်းခိုခွင့်ပြုသည်။ ရေတွင်း၊ ရေကန်များမှရေကို ခပ်ယူအသုံးပြုခွင့်ပြုသည်။ တံတားပေါ်မှ ဖြတ်သန်းလျှောက်သွားခွင့်ပြုသည်။ သီးပင်၊ စားပင်များမှ ဆွတ်ယူစား သောက်ခွင့်ပြုသည်။ သူပြုလုပ်ထားသော အရာတို့ကိုကား ဖျက်ဆီးခြင်းမပြုရန် လူအများကို တောင်းဆိုထားသည်။

ဤသို့နှင့်ပုဏ္ဏားကြီး အသက် ၆၀ ပြည့်သည့်နေ့တွင် မိသားစုများက ပုဏ္ဏားကြီး၏ နောက်ဆုံးနေ့အတွက် ပြင်ဆင်ပေးကြသည်။ ပုဏ္ဏားကြီးကလည်း ခုတင်ပေါ်တွင် ပက်လက်နေပြီး နေမွန်းတည့်မည့် အချိန်ကို စောင့်နေသည်။ သို့သော် နေကားမွန်း တည့်ရုံမက မွန်းလွဲပြီးညနေစောင်းသည်အထိ ပုဏ္ဏားကြီးမှာ ကျန်းကျန်းမာမာနှင့်ပင်  ရှိနေသေးသည်။

ထို့နောက် ပုဏ္ဏားကြီးသည် မြတ်စွာဘုရားဆီသို့သွားကာ မြတ်စွာဘုရားဟောကြားမှု မှားယွင်းကြောင်း အပြစ်တင်သည်။ ထိုအခါ မြတ်စွာဘုရားက ပုဏ္ဏားကြီးအနေဖြင့် အသက် ၆၀ မပြည့်ခင် မည်သည့် အရာများ လုပ်သည်ကိုမေးမြန်းရာ ပုဏ္ဏားကြီးက သူမျောက်ဖြစ်လျှင်နေထိုင်မည့် တောအုပ်အတွင်း  ပြင်ဆင်ထားမှုများကို ပြန်လည် လျှောက်ထားသည်။ ထိုသို့လုပ်ဆောင်မှုများက အသက်ရှည်ကြောင်း ကောင်းမှုများ ပင်ဖြစ်ကြောင်း မြတ်စွာဘုရားက ပြန်လည်ဟောကြားတော်မူသည်။

အသက်ရှည်ကြောင်း ကောင်းမှုထဲတွင် ရေတွင်း၊ ရေကန်တူးဖော်ခြင်း တစ်နည်းအားဖြင့် သတ္တဝါတို့ အတွက် လိုအပ်သောရေကိုရရှိအောင် ကြံဆောင်ပေးခြင်းသည်လည်း ကောင်းမှုတစ်ခုအနေဖြင့် ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဤနေရာတွင် စိတ် သဘောထားက လွန်စွာမှအရေးကြီးသည်။

ပုဏ္ဏားကြီးက သူမျောက်ဖြစ်လျှင် အသုံးပြုနိုင်ရန်ရည်ရွယ်စိတ်ဖြင့် ရေတွင်း၊ ရေကန် များတူးဖော်ခြင်း ဖြစ်သော်လည်း အများသူငှာကို အသုံးပြုခွင့်ပေးသည်။ ထိုသို့သော ကောင်းမှုစိတ်ကလေး၏ အကျိုး ကျေးဇူးက သေမည့်နေ့ကိုပင် ရွှေ့ပစ်လိုက်နိုင်လောက်အောင် ကြီးမားခဲ့လေသည်။ သတ္တဝါများ အားလုံး အသုံးပြုစေရန် ရည်ရွယ်သည့် စိတ်ရင်းဖြင့်သာ ရေတွင်း၊ ရေကန်များကိုတူးဖော်မည်ဆိုပါက ရရှိမည့် အကျိုးမည်မျှ များပြားမည်ကို စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်ပေ။

နောက်တစ်ခုက ရေအကျိုး(၁၀)ပါးဖြစ်သည်။ အများသူငှာအတွက် ရေလှူဒါန်းပါက ရေအကျိုး(၁၀)ပါး ကို မတောင်းဘဲရရှိမည်ဟု ကျွန်တော်တို့၏ မိဘဆရာသမားများက သွန်သင်လမ်းညွှန်ခဲ့ပြီးဖြစ်သည်။ ထိုသို့ရရှိခဲ့သည်ကိုလည်း ကျွန်တော့်ကိုယ်တွေ့ ပင်ဖြစ်သည်။

ရေလှူခြင်းကြောင့် ရရှိမည့် အကျိုး(၁၀)ပါးရှိသည်။ ကျွန်တော်တို့ငယ်ငယ်ကလည်း ရေအကျိုး(၁၀) ပါးဆိုသည့် လင်္ကာလေးဖြင့်ဆိုကြရဖူးသည်။  ထိုအလင်္ကာမှာ “အသက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ။ စင်ကြယ်၊ ခြွေသင်း၊ ကျော်စောခြင်း၊ လျင်ခြင်း၊ မွတ်သိပ်ကွာ၊ ရေကိုလှူရ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ” ဟူ၍ဖြစ်သည်။

ထို့ပြင် ရေလှူဒါန်းခြင်းအားဖြင့် အပါယ်လေးပါး မရောက်ရခြင်း၊ တောင်ထိပ်၊ ကောင်းကင်၊ အလွန် အသွားခက်သော လမ်းခရီးတို့၌သော်လည်း ရေသောက်လိုက ရေအလွယ်တကူရခြင်း၊ မိုးခေါင် ရေရှား သည့် ဘေးဒုက္ခမှ ကင်းလွတ်ခြင်း၊ ပူလောင်ခြင်း၊ ပူအိုက်ခြင်းဘေးမှ ကင်းဝေးရခြင်း၊ မိုးရွာစေလိုက မိုးရွာချခြင်း၊ အပူလွန်သောရောဂါ၊ အအေးပတ်သောရောဂါတို့မှကင်းဝေးခြင်း၊ ခန္ဓာကိုယ်၌ မြူမှုန်စသော အညစ်အကြေးများကင်းဝေးရခြင်း (ခန္ဓာကိုယ်၌ ကြေးညှော်မတင်ဘဲ သန့်ရှင်းခြင်း)၊ မကောင်းသော စိတ်ထားကင်းစင်၍ သန့်ရှင်းကောင်းမွန်သော စိတ်ရှိခြင်း၊ ကိလေသာအညစ်အကြေးတို့ကို မဂ်ဟူသော ရေစင်ဖြင့် ဆေးကြော သုတ်သင်နိုင်ခြင်း (မဂ်ဖိုလ်နိဗ္ဗာန်ရခြင်း) ဟူသောအကျိုးများကိုလည်း ရရှိနိုင်ဦး မည် ဖြစ်သည်။

မိမိတို့မြန်မာနိုင်ငံ၏ အညာဒေသသည် အလွန်တရာ မိုးခေါင်ရေရှားသော အရပ်ဖြစ်သည်။ ထို့ကြောင့် လည်း အမြော်အမြင်ရှိသော အုပ်ချုပ်သူမင်းအဆက်ဆက်က အညာဒေသတွင် ရေတွင်း၊ ရေကန် အများ အပြားကို တူးဖော်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဥပမာအားဖြင့် ပုဂံဒေသရှိ မြကန်ရေလှောင်တမံဆိုလျှင် မြန်မာသက္ကရာဇ် ၄၅၀ ပြည့်နှစ်၊ ခရစ်သက္ကရာဇ် ၁၀၈၈ ခုနှစ်တွင် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသည့် ကျန်စစ်သားမင်းကြီး၏ လမ်းညွှန်မှု၊ ကိုယ်တိုင် ကိုယ်ကျဦးဆောင်မှုတို့ဖြင့် ပုဂံဒေသခံပြည်သူများက အားတက်သရောတူးဖော်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ရေလှောင်တမံတူးဖော်မှုကြောင့်လည်း ပြည်သူများသာမက ကျေးငှက်တိရစ္ဆာန်များပါ သောက်သုံးရေအဆင်ပြေခဲ့ကြသည်။

ယခုအခါ အချိန်ကာလကြာညောင်းလာသည့်အတွက် ထိုရေတွင်းရေကန်များအနက် အများစုမှာ  ပျက်စီးမှုများ ရှိလာသည်။ ရေတွင်းရေကန်များပျက်စီးမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး သဘာဝပတ်ဝန်းကျင်လည်းပျက်စီးလာရသည်။  အဆိုးဆုံးမှာ ၂၀၂၃ ခုနှစ် မေလအတွင်းတိုက်ခတ်သည့် မိုခါမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းဘုရားစေတီ ပုထိုးများအတွင်းသို့ ရေများဝင်ရောက်မှုဖြစ်ပွားပြီး အဖိုးမဖြတ်နိုင်သော သမိုင်းဝင် အမွေအနှစ်များ ထိခိုက်ပျက်စီးခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ဒေသခံပြည်သူများမှာလည်း ရေလိုအပ်ချက်မြင့်မားလာသည်။ သူတို့အနေဖြင့် ရေကြည် တစ်ပေါက်ရဖို့ရာအတွက် အလွန်ဝေးကွာသောနေရာများသို့ သွားနေရသည်။ ဈေးကြီးပေး၍ ဝယ်ယူ အသုံးပြုနေရသည်များလည်း ရှိသည်။ သေချာတာက သူတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ရေဒုက္ခရောက်ကြရခြင်း ဖြစ်သည်။

ဒီအချိန်တွင် ကျွန်တော်တို့အနေဖြင့် သူတို့ကိုမည်သို့ကူညီပေးသင့်သည်ကို တွေးကြ ရမည်ဖြစ်သည်။ အကောင်းဆုံးသောကူညီမှုကား ရေတွင်း၊ ရေကန်မရှိသေးသော နေရာများတွင် ရေတွင်း၊ ရေကန်များ တူးဖော်ပေးခြင်းဖြစ်သည်။ ရေတွင်း၊ ရေကန်များ ရှိပြီးပြီဆိုလျှင်လည်း ထိုရေတွင်း၊ ရေကန်များကို ပြန်လည်ဖော်ခြင်း လုပ်ဆောင်ပေးရ မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့၏ တစ်မြေ တည်းနေ တစ်ရေတည်းသောက် မိသားစုများ ရေဒုက္ခရောက်နေရသောကြောင့်ဖြစ်သည်။

ထိုသို့ရေတွင်း၊ ရေကန်များကို ပြန်လည်ဖော်ထုတ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် အတွက်ရရှိမည့် အကျိုးကျေးဇူးများစွာလည်း ရှိသည်။ ရေစီးရေလာကောင်းမွန်ပြီး ရေကြီးရေလျှံမှုလျော့နည်းခြင်း၊ ကျေး၊ ငှက်၊ တိရစ္ဆာန်များနှင့်ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာရရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ပိုမို ကောင်းမွန်လာစေခြင်း၊ သဘာဝဘေးဒဏ်များကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေး နိုင်ခြင်းတို့ဖြစ်သည်။

လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ရေတွင်း၊ ရေကန်များ ပြန်လည်တူးဖော်မှုကို အင်တိုက် အားတိုက် လုပ်ဆောင်နေသည်။ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသသို့ သွားရောက်ကာ မြကန်၊ ဖျောက်ဆိပ်ပင်ကန်အမှတ်(၁/၂/၃)၊ ဇေယျဝတီ(ဇေယျဝေရီ)ကန်၊ မင်္ဂလာကန် အမှတ်(၃)၊ ရွာဟောင်းကြီးကန်နှင့် ရေတော်မုနိကန် အစရှိသည့်ရှေးဟောင်းရေကန်များ ပြန်လည် တူးဖော်ထိန်းသိမ်းနေမှုအပေါ် ကြည့်ရှုစစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ဝမ်းမြောက် ဖွယ်ရာမြင်တွေ့ရသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေလှောင်တမံများကို ပြုပြင် ထိန်းသိမ်းသည်ဖြစ်စေ၊ အသစ်တည်ဆောက်သည်ဖြစ်စေရေရှည် တည်တံ့ခိုင်မြဲစေရေး လုပ်ဆောင် သွားရန်၊   ရေဝင်လမ်းကြောင်းများ၊ ဆည်ရေသောက် ဧရိယာတစ်လျှောက်ရှိ လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေး အဓိကထား ဆောင်ရွက်ရန်လိုကြောင်းကိုလည်း လမ်းညွှန်မှုပြုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံ့ ခေါင်းဆောင်တစ်ဦး၏ အမြော်အမြင်နှင့် စေတနာကို မြင်တွေ့နေရသည်။

နိုင်ငံတော်အဆင့်တာဝန်ရှိသူအကြီးအကဲများကိုယ်တိုင် ရေတွင်း၊ ရေကန်၊ ရေလှောင် တမံမျာနှင့် ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းဆောင်ရွက်နေချိန်တွင် ကျန်ရှိနေသည့် ကျွန်တော်တို့ ပြည်သူများကလည်း   ကိုယ်တတ်နိုင်သည့်နေရာမှ တစ်တပ်တစ်အား ပါဝင်သင့်ပေသည်။

မိမိတို့အနေဖြင့် ငွေကြေးပါဝင် လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ လုပ်အားစိုက်ထုတ် လှူဒါန်းခြင်းဖြင့် လည်းကောင်း ဘက်ပေါင်းစုံမှပါဝင်နိုင်သည်။ ထိုသို့ပါဝင်ရာတွင်လည်း အများသူငှာ ရေဒုက္ခကင်းဝေး ပါစေဆိုသည့် ရည်ရွယ်ချက်ကောင်း ထားရှိရန် လိုအပ်သည်။ သို့မှသာ လွန်စွာအကျိုးကြီးမားသည့် ကုသိုလ်အကျိုးကို လက်ဝယ်ရရှိ ပိုင်ဆိုင်နိုင်စေမည် ဖြစ်သည်။

လူတစ်ယောက်သည် အစာမစားဘဲ ရက်ပေါင်းများစွာကြာ အသက်ရှင်နိုင်သည်။ ရေမရှိဘဲမူကား တစ်ရက်တာတောင်မှ အသက်ရှင်ရန်ခဲယဉ်းလှသည်။ ရေ၏ လိုအပ် ချက်ကား လွန်စွာကြီးမားလှသလို ရေလှူခြင်းကြောင့်ရသည့် အကျိုးကျေးဇူးသည် လည်းအလွန်ကြီးမားလှသည်ကို လက်တွေ့ မျက်မြင် လက်ခံထားသူ၊ ရေလှူရခြင်း အကျိုးကိုလည်း လက်တွေ့ရရှိထားသူ တစ်ယောက်ပီပီ မိတ်ဆွေတို့ အနေဖြင့်လည်း ရေလှူဒါန်းရန် အခါအခွင့်သင့်လာပါက လက်မနှေးဘဲ လှူဒါန်းမှုပြုကြမည်ဟု ကျွန်တော်ကတော့ ယုံကြည်ပါသည်။

လက်ရှိအချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ရှေးဟောင်းရေကန်များကို ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ၊ ကမ္ဘာ့အမွေအနှစ်စံနှုန်း များနှင့်အညီ ပထမအဆင့်ရှေး ဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့်ရှေး ဟောင်းရေကန် ၄၅ ကန်တို့ကို ပြန်လည် တူးဖော် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ ယင်းအခြေအနေများသည် မိမိတို့အနေဖြင့် ရေအလှူဒါနပြုနိုင်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ထွန်းလာသကဲ့သို့ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်သည်။

လက်ရှိတွင် ရေတွင်း၊ ရေကန်များတူးဖော်ပြုပြင်ထိန်းသိမ်းမှုအတွက် စေတနာရှင် များက ငွေအားဖြင့် သော်လည်းကောင်း၊ လုပ်အားဖြင့်သော်လည်းကောင်း ပါဝင်နေကြသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့် သာဓုပင်ခေါ်မိသေးသည်။ တစ်ဆက်တည်းမှာပင် လှူဒါန်းလိုသူများရှိလာပါက မည်သည့် နေရာသို့လှူဒါန်းရမည်နှင့် ပတ်သက်၍လည်း မိမိကလှူဒါန်းနိုင်မည့်နေရာကို တွေ့ရှိရသည့်အတွက် တစ်ဆင့်ပြန်လည်မျှဝေကာ နိဗ္ဗာန်ဆော်လိုက်ရပါသည်-

- ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ။ ဘဏ္ဍာဌာနခွဲ)၊ နေပြည်တော်၊ ဖုန်း ၀၉-၄၄၄၄၀၄၇၁၂၃၊ ၀၆၇-၃၄၀၈၄၁၈

- ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊  ဖုန်း   ၀၉-၅၀၆၁၈၃၂၊ ၀၁-၇၅၁၃၈၉၇

- ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ဖုန်း ၀၉-၂၀၀၂၁၉၅၊ ၀၂-၄၀၆၀၀၆၁

- ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဖုန်း ၀၉-၂၀၀၁၉၀၆၊ ၀၆၁-၂၄၆၀၂၆၉

- KBZ Bank NYAUNG OO BRANCH Account No-067139 ,067014442701