နောင်တရားမြို့ အနီးဝန်းကျင်ကျေးရွာများ၌ ရေသွင်းစိုက်ပျိုးသည့်အာလူးများ အရောင်းသွက်နေ

နောင်တရားမြို့ အနီးဝန်းကျင်ကျေးရွာများ၌ ရေသွင်းစိုက်ပျိုးသည့်အာလူးများ အရောင်းသွက်နေ

နောင်တရား၊ စိုက်ပျိုးစီးပွား

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ အနီးဝန်းကျင် ကျေးရွာ များ၌ ရေသွင်း စိုက်ပျိုးထားသည့် အာလူးများ တူးဖော်ချိန်တွင် ဈေးကောင်းရရှိပြီး အရောင်းသွက် နေကြောင်း အာလူးစိုက်ပျိုးသည့် တောင်သူများ၏ ပြောပြချက်အရ သိရသည်။

နောင်တရားဒေသတွင် မိုးကြိုအာလူး၊ စကအာလူး (မိုးနှောင်း)၊  ရေသွင်းအာလူး ဟူ၍ သုံးကြိမ် စိုက်ပျိုး ကြသည်။ မိုးကြိုအာလူးကို မေလနှင့်ဇွန်လ၊ စကအာလူး (မိုးနှောင်း)ကို စက်တင်ဘာလနှင့် အောက်တိုဘာလ၊ ရေသွင်းအာလူးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် စိုက်ပျိုးကြသည်။

“အခု နောင်တရားဒေသမှာစိုက်ပျိုးတဲ့ ရေသွင်းအာလူးကို မေလအတွင်းမှာ တူးဖော်နေပြီဖြစ်ပါတယ်။ လက်ရှိမှာ ဈေးကောင်းရပြီး အရောင်းသွက်နေတဲ့အတွက် အာလူးစိုက်ပျိုးသူတွေ အဆင်ပြေကြပါ တယ်” ဟု ကောင်နာကျေးရွာမှ   အာလူး စိုက်တောင်သူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ မတ်လနဲ့ဧပြီလမှာတူးဖော်ခဲ့တဲ့ စားအာလူးတွေ ဈေးမရခဲ့ဘူး။ အပူချိန် မြင့်တာလည်းပါတယ်။ အာလူးတူးဖော်ချိန် တိုက်ဆိုင်ကြတဲ့အတွက်  အာလူးဈေးကျ သွားတာပါ။ လက်ရှိတူးဖော်နေတဲ့ အာလူး တွေက ဈေးကောင်းရနေပြီး  သြဂုတ်လ၊ စက်တင်ဘာလအထိ အရောင်းအဝယ် ကောင်းမွန်နေမယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ထွက်တဲ့အာလူးတွေက အပူချိန်နည်းတဲ့ ဒေသကထွက်တဲ့ အာလူးဖြစ်တဲ့ အတွက် အထားလည်းပိုခံပါတယ်” ဟု  နောင်တရားမြို့မှ   အာလူးရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ နောင်တရားမြို့အနီးဝန်းကျင်ကျေးရွာ များ၌ အာလူးဧက ၅၀၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

ခွန်အောင်(ပြန်/ဆက်)