(၁၀)ကြိမ်မြောက် အာဆီယံ - တရုတ် လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲကျင်းပ

(၁၀)ကြိမ်မြောက် အာဆီယံ - တရုတ် လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲကျင်းပ

နေပြည်တော်  မေ  ၂၅

ပိုမိုတိုးတက်ကောင်းမွန်သော လူငယ်များနှင့် အနာဂတ်အတွက်ဟူသောဆောင်ပုဒ် ဖြင့်ကျင်းပသည့် အာဆီယံ-တရုတ်လူငယ်ခေါင်းဆောင်များ အပြန်အလှန်တွေ့ဆုံပွဲ အခမ်းအနားကို မေလ ၂၁ ရက်မှ ၂၄ ရက်အထိ ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ကျင်းပရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှ အလုပ် အမှုဆောင် နှစ်ဦးနှင့် လူငယ်ငါးဦး ပါဝင်သောအဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာလူငယ်အဖွဲ့သည် အာဆီယံနိုင်ငံအဖွဲ့ဝင် လူငယ် ကိုယ်စားလှယ်များနှင့်    အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာတွေ့ဆုံခြင်း၊ အတွေ့အကြုံနှင့် ယဉ်ကျေးမှု ဗဟုသုတများ ဖလှယ် ဆွေးနွေးခြင်း၊  နိုင်ငံအလိုက် အမျိုးသားယဉ်ကျေးမှုအဆိုအကများ တင်ဆက်ပြသခြင်းများ ဆောင်ရွက် ခဲ့ကြပြီး ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားများကို ခမ်းနားစွာကျင်းပခဲ့ရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ လူငယ်ကိုယ်စားလှယ်အဖွဲ့က နှစ်ပြည်ထောင်အကြား အစောဆုံး စတင်ခဲ့ကြသော ပျူခေတ်ယဉ်ကျေးမှု အနုပညာအက အစီအစဉ်များ တင်ဆက်ပြသခဲ့ကြသည်။

အာဆီယံ လူငယ်ကိုယ်စားလှယ်အဖွဲ့များကို ကွမ်ရှီးမြို့တော် နန်နင်းနှင့် စက်မှုဇုန် လှူကျို့ Liuzhou မြို့တို့သို့ လေ့လာရေးခရီးများ လှည့်လည်ပို့ဆောင်ပြသခဲ့ကြောင်း သိရသည်။                

(သတင်းစဉ်)