ရေချိုကိုတန်ဖိုးထားကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထားကမ္ဘာကြီးကိုစောင့်ရှောက်

သားထွေး (မန္တလေး)

ယမန်နေ့မှအဆက်

ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ  အပေါ် ကိုယ်ချင်း စာတရားထားစေလိုသည်။ စိုက်ပျိုးရေးအပေါ် အခြေပြု နေရသည့် စက်မှုမဖွံ့ဖြိုး သောနိုင်ငံငယ်များ၊ အထူးသဖြင့် နှစ်စဉ်ပူပြင်း ခြောက်သွေ့မှုဒဏ်ကို လပေါင်းများ စွာခံစားကြရပြီး စိုက်ပျိုးရေးနှင့် သောက်သုံးရေရှားပါးနေသောနိုင်ငံများမှ ပြည်သူ များ၏ဘဝကို စာနာစိတ်ထားသင့်ကြသည်။

မြန်မာစကားတွင် ရေကြည်ရာမြက်နုရာဆိုသောစကားရှိသည်။ ရေကြည်ရာ မြက်နု ရာတွင်သာ တိရစ္ဆာန်များ ကျက်စားကြသည်ကိုအကြောင်းပြု၍ လူ့အသိုင်း အဝိုင်း တွင်ပါ ဤဆိုရိုးစကားကို တွင်တွင်ကျယ်ကျယ်သုံးနေကြရသည်။

ရေကြည်ရန်၊ မြက်နုရန်မှာ ရေရှိရပါမည်။ ရေခန်းနေသမျှ ကြည်စရာလည်း ရေမရှိ သလို နုစရာမြက်လည်း မပေါက်ရောက်နိုင်ပါ။ဤစကားကိုနှလုံးသွင်း၍ တာတမံ များ၊ ဆည်များအပေါ် အမြင်ရှင်းကြစေလိုသည်။ ယနေ့ကမ္ဘာ့စားရေရိက္ခာ ၆၀ ရာခိုင် နှုန်းခန့်သည် တာတမံ နှင့်ဆည်များ၏ကျေးဇူးကြောင့် ရရှိနေသည်။ ကမ္ဘာ့လူဦးရေ သည် နှစ်စဉ် ၈၁ သန်းခန့် တိုးနေသည်ဟုလည်းဆိုသည်။ လက်ရှိ စားရေရိက္ခာခက်ခဲ နေသောနိုင်ငံအချို့၊ ဒေသအချို့မှ ပြည်သူများအတွက်ပင် စားရေရိက္ခာ လုံလောက် အောင် မဖြည့်ဆည်းပေးနိုင်သလို အခြေခံလိုအပ်ချက်ဖြစ်သောလျှပ်စစ်မီးရရှိရေး၊ နေစရာလုံခြုံစွာရရှိရေး စသည့်ပြဿနာများလည်း ပြည့်စုံအောင်မရှင်းနိုင်ကြသေး ပေ။

စက်မှုဖွံ့ဖြိုးပြီး နည်းပညာရောင်းချပြီး ချမ်းသာနေသောနိုင်ငံများ၏ ဝင်ငွေနှင့် လယ်ယာထွက်ကုန်အခြေပြု၍ တစ်နှစ်ပတ်လုံးရုန်းကန်ရရှိ  သောဝင်ငွေမှာ လွန်စွာ ကွာဟနေပါသည်။ဥပမာတစ်ခုပြပါမည်။ အသင့်အတင့်လက်ကိုင်ဖုန်းတစ်လုံးသည် မြန်မာငွေကျပ် လေးသိန်းခန့် တန်ဖိုးရှိသည်။ အမေရိကန်ဒေါ်လာနှင့်ချိန်ကြည့်လျှင် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း ငွေလဲနှုန်းအရ ဒေါ်လာ၃၀၀ ခန့်တန်ပါလိမ့်မည်။ မြန်မာ့ ဆန်ကောင်းတစ်တန်သည် ဒေါ်လာ ၄၀၀ ဝန်းကျင်သာ ပြည်ပဝင်ငွေရနိုင်သည်။  

တောင်သူလယ်သမားတစ်ဦး အနည်းဆုံး ရက် ၁၂၀ ခန့်ရုန်းကန်ရရှိ  လာသော လယ်တစ်ဧကမှ ထွက်ရှိသောစပါးသည် တင်း ၈၀ ထွက်ခဲ့  လျှင်ပင် ငွေကျပ် ငါးသိန်း ဝန်းကျင်သာရနိုင်သည်။ စိုက်ပျိုးစရိတ်နုတ်လိုက်ပါက ငွေကျပ် နှစ်သိန်းထက်ပို၍ မမြတ်နိုင်ပါ။ တစ်နှစ်လျှင် နှစ်သီးစိုက်နိုင်သောမြေပေါ်တွင် စပါးမဟုတ်သော အခြားသီးနှံတစ်မျိုးကိုစိုက်လျှင်  လည်း တစ်ဧကတွင် နှစ်သိန်းထက်ပို၍ အမြတ်ငွေ မရနိုင်ပါ။

ဤသည်မှာ ရာသီဥတုမှန်ပါမှ၊ ရေကြီးနစ်မြုပ်မှုမရှိပါမှ၊ မိုးမခေါင်ပါမှ၊ ထူးခြား ရောဂါ မကျရောက်ပါမှ ရရှိမည့်ငွေဖြစ်သည်။ တစ်နှစ်လျှင် နှစ်သီးစိုက်လျှင်ပင် တစ်ဧက ပေါ်မှရရှိမည့်အမြတ်ငွေသည် ငွေကျပ် ငါးသိန်းထက် မပိုနိုင်ပါ။ တောင်သူတိုင်း လယ်ယာမရှိကြပါ။ လက်လုပ်လက် စားများလည်း ရှိပါသေးသည်။ ဤဝင်ငွေသည် လက်ကိုင်ဖုန်းတစ်လုံးဖိုးသာသာပင်ရှိပါသည်။ ဤတစ်နှစ်စာဝင်ငွေဖြင့် လယ်ယာ လုပ်ကိုင်သူမိသားစု မည်သို့ရပ်တည်ကြပါမည်နည်း။ ကျေးလက်ဒေသများတွင် လူဦးရေတိုးလာ၍ အိမ်ထောင်ကျသားသမီးတိုင်းကိုပင် လယ်ယာမြေ  လက်မဖွဲ့နိုင် တော့သည့် မိသားစုများရှိလာနေပြီ။ နှစ်စဉ်ဝင်ငွေဖြင့် မရပ်တည်နိုင်ကြ၍ ကြွေး တင်ပြီး လယ်ယာများရောင်းလိုက်ရသည့် လယ်ယာ မဲ့လယ်သမားများ လက်ညှိုးထိုး မလွဲတွေ့နိုင်သည်။

အထူးသဖြင့် မြန်မာနိုင်ငံ မိုးကောင်းသောဒေသများတွင်ပင် ပျိုးထောင်ရေ၊ အောင် ရေလိုအပ်ပါက ဆည်ရေပေးရသည်။ နွေစပါးဆိုလျှင် ပို၍ ရေပေးရသည်။ ၂၀၂၀ ပြည့်နှစ်သည် မိုးခေါင်သောနှစ်ဖြစ်ခဲ့၍ လက်တွေ့ပင် နေပြည်တော် ငလိုက်ဆည်ရှိ နေပါလျက် ၂၀၂၁ ခုနှစ် နွေရာသီစိုက်ပျိုးစပါးအတွက် ရေအပြည့်အဝ မဖြန့်ဝေနိုင် ခဲ့ပါ။ အလားတူပင် သဖန်းဆိပ်ဆည်ရေနည်း၍ နွေစပါးရေပေးဝေမှု များစွာလျှော့ ချခဲ့ရသည်။ နွေစပါးတစ်သီး နစ်နာသွားသည်။ မိမိတို့နိုင်ငံ၏အခြေအနေသည် လယ်ယာ စိုက်ပျိုးရေးအခြေခံကွင်းဆက် (Supply Chain) များဖြင့် လည်ပတ်နေ ရသောနိုင်ငံဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးအောင်မြင်လျှင် အောင်မြင်  သလောက် ငွေကြေးအနည်းငယ်စုဆောင်းလာနိုင်သည်။ သားသမီးများ ပညာရေး၊ ကျန်းမာရေး ပါ တိုးတက်လာနိုင်သည်။ မိုးနည်းရေရှားဒေသမှ လယ်ယာနှင့် ဆက်စပ်နေသူတိုင်း ကိုမေးပါ၊ ဆည်ရေရသူနှင့် မရသူကွာခြား မှု အသေးစိတ်ပြောပြကြလိမ့်မည်။

လယ်ယာကဏ္ဍမြှင့်တင်ရေးအတွက် ရေရရှိရေးမှာ အလွန်အရေးကြီးသည်။ နိုင်ငံ ဘဝမြှင့်တင်ရေးအတွက် လျှပ်စစ်ဓာတ်အားမဖြစ်မနေရာနှုန်းပြည့်သုံးနိုင်အောင် လုပ်ကြရမည်။ ဈေးနှုန်းသက်သာရေးလည်း ထည့်သွင်းစဉ်းစားကြရမည်။ ပြည်တွင်း စားသုံးမှုဖူလုံရေးအပြင် ပြည်ပ ဝင်ငွေလည်း ရှာကြရပါဦးမည်။

မိမိ၏ ပြန်လည်ပြည့်ဖြိုးမြဲရေသယံဇာတ<ကယ်ဝမှုကိုအခြေခံ၍ ဖွံ့ဖြိုးရေးစနစ် တကျဆောင်ရွက်ပါက ဖွံ့ဖြိုးသည့်နိုင်ငံတစ်နိုင်ငံဖြစ်လာမည်မှာ သေချာသည်။ တစ်ဖက်ကလည်း နည်းပညာအခြေပြု ကုန်ထုတ်လုပ် မှုလုပ်ငန်းများ ဆောင်ရွက် လာနိုင်သည်နှင့်အမျှ အလုပ်လက်မဲ့ပြဿနာပါ ပြေလည်မည်။ ဒုစရိုက်များ လျော့နည်းလာလိမ့်မည်။ ကျန်းမာရေး၊ ပညာရေး တိုးတက်လာမည်။

ကျေးလက်တောရွာများမှ အရွယ်ကောင်းအမျိုးသား၊ အမျိုးသမီးအများစုမှာ စာမတတ်ကြသည်ကိုလည်း တွေ့ရသည်။ စာတတ်သည့်အနည်းစုမှာလည်း မူလတန်း၊ အလယ်တန်းအဆင့်ထက်မပိုသည်က များနေသည်။ လေ့လာကြည့်ရာ မိဘများပညာရေးအသိနည်းပါးခြင်းနှင့် မိဘဝင်ငွေနည်းခြင်း၊ စာသင်ကျောင်း များနှင့် ဝေးကွာခြင်းတို့ကြောင့် ပညာရေးအားနည်းခဲ့ကြသည်။ အချို့မှာ ငယ်စဉ် ကတည်းက ရရာအလုပ် လုပ်နေရ၍ ကျောင်းမနေခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖော်ပြပါမည်။