​​​​​​​MNL League Cup 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်  ရှမ်းယူနိုက်တက်အသင်းက ဒဂုံစတားအသင်းကိုအနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်

MNL League Cup 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်  ရှမ်းယူနိုက်တက်အသင်းက ဒဂုံစတားအသင်းကိုအနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်

ရန်ကုန် မေ ၂၆

MNL League Cup 2024  ပြိုင်ပွဲဆီမီး ဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ယနေ့ညနေ ၄နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏအားကစားကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် ဒဂုံစတားအသင်းတို့ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာဖြင့်ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဒဂုံစတားအသင်းကလည်း အကောင်းဆုံး တုံ့ပြန်ကစား နိုင်ခဲ့ကာ ပွဲချိန် ၂၇ မိနစ်တွင် ပီတာအောင်ဝေထူးက ဒဂုံစတားအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဒဂုံစတားအသင်းက တစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်စတင် ချိန်တွင် ချေပဂိုးနှင့် အနိုင်ဂိုးများအတွက် ရှမ်း ယူနိုက်တက်အသင်းက ပိုမိုဖိအားပေးကစားခဲ့ပြီး ဒဂုံစတားအသင်းကလည်း အမှား အယွင်းမရှိပြန်လည်တုံ့ပြန်နိုင်ခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးများရရှိရန်ခက်ခဲခဲ့သော်လည်း ပွဲချိန်  ၈၂ မိနစ်တွင် နန္ဒကျော်က ရှမ်း ယူနိုက်တက် အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ကာ လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရသည်။

ဆက်လက်ပြီး အချိန်ပို မိနစ် ၃၀ တွင်လည်း နှစ်သင်းလုံးသွင်းဂိုးရရှိရန်ခက်ခဲခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရန် နီးစပ်ခဲ့သော်လည်း နောက်ဆုံးမိနစ်ဖြစ်သည့် မိနစ် ၁၂၀ ပြည့်ပြီးနောက် နာကျင်အချိန်ပို ၂ မိနစ်တွင် ရဲရင့်အောင်က ရှမ်းယူနိုက်တက်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင်ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့်အတွက် ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။