​​​​​​​မင်းဘူးခရိုင်အတွင်း ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း ၁၉ ခု အကောင် အထည်ဖော်ဆောင်ရွက်ထား

မင်းဘူးခရိုင်အတွင်း ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း ၁၉ ခု အကောင် အထည်ဖော်ဆောင်ရွက်ထား

မင်းဘူး၊ စိုက်ပျိုးရေရရှိရေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် အတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူများ လူမှုစီးပွားဘ၀ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက် နှုန်းတိုးတက်မြင့်မားရေးတို့အတွက် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ  မှ ချေးငွေဖြင့် ဆိုလာစနစ်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၁၉ ခု အကောင်အထည် ဖော်ဆောင်ရွက်ထားကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေး ဦးစီးဌာန(ရေအရင်းအမြစ်) မှ သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးသော တိုင်းဒေသကြီးနိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် စိုက်ပျိုးရေရရှိရေးကဏ္ဍအတွက် မင်းဘူး (စကု) မြို့နယ် ကဒီးကျေးရွာ၊ ကြီးပင်ကန်ကျေးရွာနှင့် ကဘဲ့မကျီးချောင်း ကျေးရွာ တို့မှ တောင်သူ ခုနစ်ဦး၊ ပွင့်ဖြူ မြို့နယ် ရေပုတ်ကြီးကျေးရွာမှ တောင်သူ လေးဦးနှင့် စလင်းမြို့နယ် လက်ပံကျင်း ကျေးရွာမှ တောင်သူရှစ်ဦးတို့၏ မြေအောက်ရေ တွင်း များတွင် ဆိုလာစနစ်သုံး ရေတင်စနစ်လုပ်ငန်းပေါင်း ၁၉ ခုကိုချေးငွေ ငွေကျပ် ၇၈ ဒသမ ၃၆၅ သန်းဖြင့် ခွင့်ပြုဆောင်ရွက်ပေးထားရာ လက်ရှိ အဆိုပါရေတင်စနစ်ဖြင့် သီးနှံများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

မြို့နယ်များအလိုက် ဆည်ရေသောက် မြောင်းဖျားဧရိယာနှင့် စိုက်ပျိုးရေရရှိမှု ခက်ခဲ သော စိုက်ဧရိယာများ၌ သီးနှံရေလိုအပ်ချိန်တွင် ရေကို လိုအပ်သလိုသွင်းယူ နိုင်စေရန် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဒေသခံတောင်သူ တစ်ဦးလျှင် ချေးငွေ ငွေကျပ် ၅၆၂၅၀၀၀ နှုန်းဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးထားကြောင်း၊ ချေးငွေကာလမှာ တစ်နှစ် ဖြစ်ပြီး အတိုးနှင့် အရင်း ငွေကို သတ်မှတ်ထားသောလအလိုက် ပြန်လည်ပေးဆပ် ရမည်ဖြစ်ကြောင်း၊ မြေအောက်ရေတွင်း  များကို 550 W ဆိုလာလေးချပ်တပ်ဆင်ပြီး နေရောင်ခြည် စွမ်းအင်သုံးဆိုလာမှ လျှပ်စစ် မီး 2.2 KW ထွက်ရှိကာ မြင်းကောင်ရေ 2 hp မော်တာ အသုံးပြု၍ စိုက်ပျိုးရေရရှိအောင် နည်းပညာများ ပံ့ပိုးကူညီဆောင်  ရွက်ပေးထား ကြောင်း၊ ဒေသခံတောင်သူ များက မြေအောက်ရေဖြင့် မိုးစပါး၊ ဆောင်း သီးနှံ (နေကြာ၊ ကုလားပဲ၊ ပဲတီစိမ်း) နှင့် နွေသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း)များအပြင် သီးထပ်၊ သီးညှပ်အဖြစ် စားဖို ဆောင်သီးနှံများကို အများဆုံးစိုက်ပျိုးကြကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဦးစီးအရာရှိ ဦးစိုးညွန့်လင်းကပြောသည်။

ဒေသခံတောင်သူများအနေဖြင့် မြေအောက်ရေတွင်းများတွင် ဆိုလာစနစ်သုံး ရေတင်စနစ်ကို အသုံးပြုခြင်းအားဖြင့် မိုးရေကို အားထားစရာမလိုဘဲ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ခြင်း၊ သီးနှံရာသီအလိုက် စိုက်ပျိုးရေကို လိုအပ်သောအချိန်တွင် လုံလောက်စွာပေးဝေနိုင်ခြင်း၊ စိုက်ပျိုးရေးသွင်းအားစု၊ လျှပ်စစ်ဓာတ်အားခ၊ ရေတင် ဆောင်ရွက်ခ၊ လောင်စာဆီ(ဒီဇယ်နှင့်ဓာတ်ဆီ) ကုန်ကျစရိတ် သက်သာ ခြင်းတို့ အပြင် သီးနှံစိုက်စွမ်းအားမြင့်မားလာပြီး သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန် လာမည်ဖြစ်သည့်အတွက် တောင်သူများ၏ လူမှုစီးပွားဘဝကို အထောက်အကူပြု စေမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)